မြန်မာနိုင်ငံရှိ ပညာရေးစနစ်ကို အဆင်မြှင့်တင် နေဆဲကာလဖြစ်သည်နှင့်အညီ တက္ကသိုလ်များ
အကြား သင်ကြားနည်းများ ဖလှယ်ရန်နှင့် ကျောင်းသားနှင့် ၀န်ထမ်းများ သွားရောက်ပညာ
သင်ကြားရန်အတွက် ရန်ကုန်စီးပွားရေး တက္ကသိုလ်သည် နိုင်ငံခြားတက္ကသိုလ်နှစ်ခုနှင့် ယခု
ဖေဖော်ဝါရီလအတွင်း နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့သည်။
ဖေဖော်ဝါရီလ ရ ရက်နေ့က ဂျပန်နိုင်ငံ Ritsumeikan Asia Pacific University(APU) နှင့် ငါးနှစ်
သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ (MBA) တက်ရောက်နေသော
ကျောင်းသားကျောင်းသူများ နှင့် ဆရာဆရာမများအတွက် အဓိကရည်ရွယ်ထားသည်။
"လာမယ့် မတ်လမှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေအတွက် ဆရာတွေက အရင်လာ
ကြမှာဖြစ်ပါတယ်။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့မှာ များသောအားဖြင့် အစိုးရရုံးက အရာရှိ
အဆင့်တွေတက်တဲ့ နေရာတွေမှာ နိုင်ငံတကာ အတွေ့အကြံုရှိတဲ့ ထက်မြက်တဲ့သင်ကြားမှုတွေ
သင်ကြားပေးစေချင်တယ်။ ပြီးတော့ နိုင်ငံတကာအတွေ့အကြံုကိုပါရစေ ချင်တယ်။ လက်ရှိ APU
နဲ့က စီးပွားရေးဘာသာရပ်နဲ့ ပတ်သက်တာတွေလုပ်ဖြစ်မှာပါ"ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ
ပါမောက္ခ ဒေါက်တာခင်နိုင်ဦးက ပြောသည်။
APU တက္ကသိုလ်နှင့် စာချုပ်ချုပ်ဆိုမှုတွင် ပညာသင်ဆုပေးရန်အတွက်ပါ ပါရှိပြီး ဘွဲ့ရပြီး သူသာမက
ဘွဲ့မရသေးသူများလည်း လျှောက်ထားနိုင်ကာ အဓိကအားဖြင့် အင်္ဂလိပ်စာကျွမ်းကျင်မှုရှိရန်
လိုအပ်ကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ Assumption University (AU) နှင့် နားလည်မှု
လက်မှတ်ရေးထိုးခဲ့ကာ အဓိကအားဖြင့် သုတေသနပြုလုပ်နေသော ကျောင်းသား ကျောင်းသူများ
အတွက် အဓိက ရည်ရွယ်ထားကြောင်း သိရသည်။
"AU ကတော့ ထိုင်းနိုင်ငံမှာ နာမည်ကြီးတဲ့ တက္ကသိုလ်တစ်ခု ဖြစ်တဲ့အတွက်ကြောင့် ကျောင်းသူ
ကျောင်းသားတွေအတွက် ပညာသင်ဆုတွေ ရဖို့လည်း ဆွေးနွေးနေတယ်။ လက်မှတ်ထိုးပြီးလို့
လပိုင်းလောက်မှာပဲ သင်ကြားရေး အစီအစဉ်တွေစမှာပါ။ ဆရာမတို့ရဲ့ သင်ရိုးနဲ့ သူတို့ဘက်က
လာနိုင်မယ့် သူနဲ့ညှိနှိုင်းပြီး သင်ပေးသွားမှာပါ။ ဒီတစ်ခါ လက်မှတ်ထိုးတာက အထူးသဖြင့်
သုတေသနလုပ်နေတဲ့သူတွေ အတွက်ပါ။ ကျောင်းသူကျောင်းသားတွေ၊ ဆရာ ဆရာမတွေဆီက
သုတေသနလုပ်ထားတာတွေကို နိုင်ငံတကာမှာ လူသိအောင်လုပ်လို့ရအောင် ထောက်ပံ့ပေးတဲ့
သဘောမျိုးပေါ့။ MBA ကျောင်းသားတွေနဲ့ ဆရာဆရာမတွေရေးထား တဲ့သုတေသနတွေကို
နိုင်ငံတကာနဲ့ အညီ ဘာတွေလုပ်ဖို့လိုလဲဆိုတာကို ကြည့်မယ်။ အကောင်းဆုံးသုတေသနတွေကို
နိုင်ငံတကာမှာ ပုံနှိပ်ထုတ်ဝေပြီး အများသိအောင်လုပ်မယ်"ဟု ဒေါက်တာ ခင်နိုင်ဦးက ပြောသည်။
"အရင်ကဆိုရင် တက္ကသိုလ်တစ်ခုကို နိုင်ငံခြားသား တစ်ယောက်လာဖို့ဆိုတာ အရမ်းခက်တယ်။
နိုင်ငံခြားသား တစ်ယောက်လာမယ်ဆိုရင် အဆင့်ဆင့် စာတင်ရတယ်။ လာရမယ့်ရက်သာကျော်
သွားတယ် အဲဒီနိုင်ငံခြားသား မြန်မာနိုင်ငံကိုမလာရဘူး။ ပြောင်းလဲလာမှု အပိုင်းမှာ ဒါက အရမ်းကို
ကောင်းပါတယ်။ လောလောဆယ် အတန်းထဲမှာ ပြည်တွင်းက ဆရာ တစ်ယောက်နဲ့ နိုင်ငံခြားက
ဆရာနဲ့ နှစ်ယောက် တွဲသင်တဲ့အခါကျတော့ အရမ်းကောင်းတယ်။ မြန်မာ့ယဉ်ကျေးမှုအရ ဆရာ
ဆရာမကို လေးစားတာကို ပြနိုင်တဲ့အတွက် နိုင်ငံခြားကဆရာတွေကလည်း အရမ်းကျေနပ်ကြ
တယ်"ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် အမ်ဘီအေ သင်တန်းတက်ရောက်နေသော
ရန်ကုန် မီဒီယာဂရု(ပ်)မှ ဒါရိုက်တာ ကိုဇော်ဝင်းခိုင်က ပြောသည်။
















