မြို့တွင်း၌ ယာဉ်ရပ်နားခ ပြန်လည်ကောက်ခံရန် စဉ်းစားနေ

မြို့တွင်း၌ ယာဉ်ရပ်နားခ ပြန်လည်ကောက်ခံရန် စဉ်းစားနေ

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်၌ ယာဉ်ရပ်နားခများ ပြန်လည်ကောက်ခံရန် အစီအစဉ်မှာ
အတည်ပြုချက်ရရန် စောင့်ဆိုင်းဆဲဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊
အင်ဂျင်နီယာဌာန(လမ်းတံတား)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"လာမယ့် ဘဏ္ဍာနှစ်မှာ ယာဉ်ရပ်နားခ စတင်ကောက်ခံဖို့ လျာထားတုန်းပဲ ရှိပါသေးတယ်။
အထက်ကို တင်ပြထားဆဲဖြစ်ပါတယ်။ ခွင့်ပြုမှသာ ကောက်ခံမှာပါ။ အတည်မပြုရသေးပါဘူး"ဟု
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းတံတား) မှ ဒုဌာနမှူး
ဦးမျိုးလွင်က ပြောသည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်အစ ဧပြီလ ၁ ရက် နေ့မှ စတင်၍ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ
ယာဉ်ရပ်နားရန်နေရာများတွင် ယာဉ်ရပ်နားခ ကောက်ခံခြင်းကို ရပ်ဆိုင်းခဲ့သည်။

သို့သော် အခမဲ့ရပ်နားခွင့် ပြုပြီးနောက်တွင် ယာဉ်များ အချိန်ကြာမြင့်စွာ ရပ်နားထားမှု၊ စည်းကမ်းမဲ့
ယာဉ်ရပ်နားခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှု များပြားလာခဲ့သည်။

ယာဉ်ရပ်နားခ ပြန်လည် ကောက်ခံပါက ယာဉ်ကြောပိတ်ဆို့မှုကို အထိုက်အလျောက် ဖြေရှင်းနိုင်ရန်
ရည်ရွယ်ချက်ဖြင့် ယခုလို စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

"ကားတွေကျပ်လို့ဆိုပြီး ယာဉ်ရပ်နားခပြန် လည်ကောက်ခံတော့မယ်လို့ကြားတယ်။ ယာဉ်ကြော
ပိတ်ဆို့မှုကို ဖြေရှင်းနိုင်မယ်လို့တော့ သိပ်မထင်ဘူး။ ယာဉ်ရပ်နားခက တစ်နေရာရပ်တိုင်း ပေးနေ
ရမယ်ဆိုရင် တက္ကစီသမားတွေ၊ မားကက်တင်းဆင်းတဲ့ လူမျိုးတွေ အဆင်မပြေလောက်ဘူး။
တစ်ခါရပ် ကျပ် ၂၀၀ ဆိုရင် ငါးနေ ရာလောက်ပြောင်းရပ်ရင် ကားရပ်ခတင် ကျပ် ၁,၀၀၀ လောက်
ဖြစ်နေပြီ။ တစ်နေရာမှာ ပေးထားပြီး အဲဒီအထောက်အထားနဲ့ နောက်နေရာတွေရော ထပ်ရပ်ခွင့်
ရမယ်ဆိုရင်တော့ မဆိုးဘူး။ ရွှေဘုံသာလမ်းမှာဆိုရင် အပေါ်လမ်းနဲ့ အောက်လမ်းနဲ့ မတူတော့
တစ်လမ်းတည်းကို နှစ်ခါထပ်ပေးရတယ်"ဟု တက္ကစီယာဉ်မောင်း ဦးမောင်မောင်က ပြောသည်။

အခမဲ့ယာဉ်ရပ်နားခွင့် ပြုလိုက်သောကြောင့် အချို့ တစ်နိုင်တစ်ပိုင် ကားဝယ်ရောင်းလုပ်သည့်
သူများအနေဖြင့် ၎င်းတို့ ကားများကို အခမဲ့ ယာဉ်ရပ်နားရာနေရာများတွင်ရပ်ကာ ရောင်းချခြင်း
များလည်း ရှိလာသည့်အတွက် ယခုလို ယာဉ်ရပ်နားခ ပြန်လည်ကောက်ခံပါက အဆိုပါ အဖြစ်မျိုး
ပပျောက်သွားနိုင်ပြီး စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု ရပ်တန့်သွားနိုင်သည်ဟု ယာဉ်မောင်းတစ်ဦးက
ပြောသည်။

"လက်ရှိမှာလည်း စည်းကမ်းမဲ့ရပ်နားတဲ့ ယာဉ်တွေကို ဒဏ်ငွေရိုက်တယ်။ ကရိန်းနဲ့ဆွဲပြီး
သိမ်းထားတယ်။ ဒဏ်ငွေဆောင်ပြီး ပြန်ရွေးခိုင်းတဲ့စနစ်ကို လုပ်နေပေမယ့် ကားတွေက နေ့တိုင်း
အဖမ်းခံနေရတာပဲ။ စည်းကမ်းမဲ့ယာဉ်တွေ အရမ်းများလာတယ်"ဟု သုဝဏ္ဏမှ ယာဉ်မောင်း
ကိုဘိုကြီးက ပြောသည်။

ယာဉ်ရပ်နားခကောက်ခံခြင်းကို ၂၀၀၈ ခုနှစ်မှ စတင်၍ ပုဂ္ဂလိက လုပ်ငန်းများသို့ တစ်နှစ် တစ်ကြိမ်
လေလံပေးခဲ့ပြီး တစ်နာရီလျှင် ငွေ ကျပ် ၁၀၀ နှုန်းကောက်ခံခဲ့ပြီး နောက်ပိုင်းတွင် ကျပ် ၂၀၀
ပြောင်းလဲကောက်ခံခဲ့သည်။

သို့ရာတွင် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ လုပ်ငန်းလိုင်စင်များ ပြန်လည်အပ်နှံရန်
သတ်မှတ်ခဲ့သည်။

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားရန် သတ်မှတ်ထားသော နေရာပေါင်း ၂၀ ၀န်းကျင်ခန့်ရှိပြီး ဗိုလ်ချုပ်
အောင်ဆန်းလမ်း(ရန်ကုန် ပြည်သူ့ဆေးရုံကြီးရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (ယခင် မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (သိမ်ဖြူလမ်းမီးပွိုင့်နှင့် ဗိုလ်တထောင်
ဘုရားလမ်းမီးပွိုင့်ကြား)၊ ဗိုလ်တထောင်ဘုရားလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)၊
သိမ်ဖြူလမ်းမပေါ် (ဗိုလ်မင်းရောင်လမ်းနှင့် ဒေါ်သိန်းတင်လမ်းကြား)နှင့် အထက်ကြည့်မြင်တိုင်
လမ်းမပေါ် (ဗားကရာလမ်းနှင့် ဟံသာဝတီလမ်းကြား) စသည့် နေရာခုနစ်နေရာ၌ အခမဲ့
ယာဉ်ရပ်နားရန် သတ်မှတ်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး