နယ်လိုင်စင်များဖြင့် ရန်ကုန်မြို့တွင်း အခြေချကာ စီးပွားရေးလုပ်ကိုင်နေသော ယာဉ်များကို အရေးယူမည်

နယ်လိုင်စင်များဖြင့် ရန်ကုန်မြို့တွင်း အခြေချကာ စီးပွားရေးလုပ်ကိုင်နေသော ယာဉ်များကို အရေးယူမည်

တိုင်းဒေသကြီးနှင့် ပြည်နယ်လိုင်စင်များဖြင့် ရန်ကုန်မြို့တွင် အခြေချကာ တက္ကစီ သို့မဟုတ် အခြား
စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသည့်ယာဉ်များ တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်
သွားမည်ဟု သိရသည်။

"အခုတစ်လော အပြောများနေတဲ့ နယ်လိုင်စင်ကားနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ
၂၀ ရက်နေ့အထိ ကျွန်တော်တို့ စစ်ဆေးမှုတွေ လုပ်ခဲ့တယ်။ ဧရာဝတီတို့၊ မန္တလေးတို့စသဖြင့်
နယ်ကားနံပါတ်တွေနဲ့ ကားတွေ လမ်းပေါ်မှာသွားလာနေတဲ့အခါ စီးပွားရေးလုပ်စားခွင့်ပြုနေသလား
ဆိုပြီးဖြစ်လာတယ်။ နယ်ကကားတွေ ဘယ်လောက်များ ရန်ကုန်ကို ရောက်နေလဲဆိုပြီး ယာဉ်ထိန်း
တပ်ဖွဲ့တွေနဲ့ လိုင်စင်တို့၊ ၀ှီးတက်တို့ကို စစ်ကြည့်ခဲ့တယ်။ စုစုပေါင်းယာဉ် ၃၅၂၅ စီးကိုစစ်ဆေးခဲ့တဲ့
အခါမှာ ရန်ကုန်လိုင်စင်က ၂၈၂၁ စီး၊ နယ်လိုင်စင်နဲ့ ရ၀၄ စီးတွေ့ရတယ်။ အဲဒီအထဲမှာကိုယ်ပိုင်
ယာဉ်က ၁၄၀ နဲ့ အငှားယာဉ်က ၅၆၄ စီးဖြစ်နေတာကို တွေ့ရတယ်။ ဒါကြောင့် ၂၀ ရာခိုင်နှုန်းကျော်
ကျော်လောက်က ရန်ကုန်မှာ နယ်လိုင်စင်နဲ့ ပြေးဆွဲနေတယ်လို့ ယူဆရတယ်။ အငှားယာဉ်က
သူ့တိုင်းနဲ့ ပြည်နယ်မဟုတ်ဘဲနဲ့ နယ်ကကားဆိုရင် ပိုဈေးသက်သာတယ်။ ၁၅ သိန်းလောက်
ကွာတယ်လို့သိရတယ် " ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ
ဒုရဲမှူး လင်းထွဋ် ကပြောသည်။

ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာမှ လုပ်ငန်းလိုင်စင်ယူသောအခါတွင် နယ်လိုင်စင်ပြုလုပ်ထားသော
ယာဉ်များကို တစ်နိုင်ငံလုံး မောင်းနှင်ခွင့်ပြုထားခြင်းအတွက် အခြားတိုင်းနှင့် ပြည်နယ်များတွင်
အခြေချနေထိုင်ကာ စီးပွားရေးလုပ်ငန်းသုံး၍ရသည်ဟု ယူဆကာ ရန်ကုန်မြို့တွင် တက္ကစီကဲ့သို့သော
အငှားယာဉ်များ ပြေးဆွဲလာခြင်းဖြစ်သည်ဟုဆိုသည်။

"မော်တော်ယာဉ်ကတော့ ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာကနေ မှတ်ပုံတင်ပြီးရင် မြန်မာတစ်ပြည်လုံး
မောင်းနှင်ခွင့်ရှိတယ်။ နံပါတ် အနက်ပဲဖြစ်ဖြစ်၊ အနီပဲဖြစ်ဖြစ် မောင်းနှင်ခွင့်ရှိတယ်။ ဒါပေမယ့်
နယ်ကားဖြစ်နေတဲ့အတွက် ရန်ကုန်မြို့မှာ စာရင်းသွင်းလို့မရလို့ သူတို့ကို စီးတီးနံပါတ်မပေးဘူး။
စီးတီး နံပါတ်မပါဘဲ လုပ်ငန်းလုပ်ကိုင်ရင် မော်တော်ယာဉ်နည်း ဥပဒေ၂၄ နဲ့အရေးယူတယ်။ အခြား
ပြည်နယ်နဲ့ တိုင်းတွေမှာ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးအတွက်ဆိုပြီးတော့ လုပ်ကိုင်ခွင့်ချပေးထားတာ
ရှိတယ်။ နယ်တွေမှာ တက္ကစီမရှိဘူး။ မြန်မာတစ်နိုင်ငံလုံးမှာ ပြည်သူတွေ အငှားယာဉ်စီးခွင့်ရအောင်
ဆိုပြီးတော့ နယ်လိုင်စင်နဲ့ ခွင့်ပြုလိုက်တာ။ ဒေသဆိုင်ရာဖွံ့ဖြိုးရေးဆိုပြီး ခွင့်ပြုလိုက်တော့ ဒီသတင်း
ကိုကြိုသိတဲ့ သူတွေက ဈေးချိုတော့ ၀ယ်ထားလိုက်တယ်။ ပြီးတော့ ကုမ္ပဏီတွေကလည်း
၀ယ်ထားကြတယ်။ ပြီးတော့အဲဒီကားတွေနဲ့ မြို့ပေါ်မှာ အငှားယာဉ်ပြေးဆွဲကြတယ်"ဟု အမှတ်(၂)
ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ် ၀င်းလွင် ကပြောသည်။

"ကားဝယ်တုန်းက နယ်မှာပဲ မောင်းလို့ရတယ်လို့ ကျွန်တော်တို့ မသိဘူး။ ပြောပြတာမျိုးလည်း
မရှိဘူး။ ဌာနဆိုင်ရာကလည်း ပြောထားတာမရှိတော့ မသိဘူး။ ပြီးတော့ လိုင်စင်လုပ်တုန်းကလည်း
ရန်ကုန် ရွာသာကြီးမှာပဲ သွားလုပ်ရတာ။ အခု ပြေးဆွဲခွင့်မရှိတော့ဘူးလို့ သိရတော့ ကျွန်တော်တို့
ကဘာလုပ်ရမလဲ။ လိုင်စင်မဲ့ ခိုးဝယ်ထားတာလဲ မဟုတ်ဘူး။ တက္ကစီအဖြစ် မသုံးရဘူးဆိုရင်
တက္ကစီဘုတ်ဖြုတ်ပြီး သုံးရင်ရောရလား။ တရားဝင်သေသေချာချာ ကြေညာစေချင်တယ်" ဟု
တက္ကစီ ယာဉ်မောင်း ဦးကြည်ဝင်း ကပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့်မူ အဆိုပါကားများအား အရေးယူရန်
တိတိကျကျ မသတ်မှတ်ရသေးကြောင်းနှင့် လက်ရှိစည်ပင်ဥပဒေကို ဖောက်ဖျက်ပါက
စည်ပင်သာယာမှ သတ်မှတ်ထားသော ဒဏ်ကြေးငွေ ကျပ် ၁၀,၀၀၀ မှ ၅၀၀,၀၀၀ ကြား
ဒဏ်ရိုက်နို်င်သည်ဟု စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

"အရင်ကတည်းက ဧရာဝတီတိုင်းနဲ့ လုပ်ထားတဲ့လိုင်စင်က ဧရာဝတီမှာပဲ မောင်းလို့ရတယ်ဆိုရင်
ဘယ်သူမှ ၀ယ်မှာမဟုတ်ဘူး။ ပြီးတော့ ရွာသာကြီးမှာပဲ လိုင်စင်လုပ်တယ်။ ၀ယ်တဲ့ ကုမ္ပဏီ
ကလည်း တစ်နှစ်ကြာလို့ သက်တမ်းတိုးမှပဲ ပုသိမ်ကို တစ်ရက်လောက်သွားပြီး အခွန်ဆောင်ရမယ်
ဆိုတော့ ဒီလောက်ကတော့ လူတိုင်းလုပ်နိုင်တယ်လေ။ အဲဒါကြောင့် ၀ယ်လိုက်တာ။ လက်ရှိဒီမှာ
ဆွဲနေတဲ့ ကားတွေကိုလည်း သင့်တော်တဲ့ အခွန်ထပ်ဆောင်ခိုင်းပြီး ဆွဲခွင့်ပြုရင်တော့ကောင်းမယ်။
အခုက ကားတွေ ၀ယ်ခွင့်ပြုတုန်းကပြုပြီး ရောင်းကုန်သလောက်ဖြစ်သွားတော့မှ မူဝါဒကတစ်မျိုး
ထပ်ပြောင်းသလိုဖြစ်နေတယ်။ အကြောင်းပြချက် ကြားတာကတော့ ရန်ကုန်မှာ ယာဉ်ကြောတွေ
ကြပ်လို့လည်း သိရတယ်။ ကျွန်တော် သိရသလောက်တော့ တက္ကစီသွင်းတဲ့ဦးရေထက် တစ်ဦးချင်း
တင်သွင်းခွင့် ပါမစ်နဲ့ သွင်းတဲ့ကားတွေက ပိုများတယ်" ဟု တက္ကစီသမား တစ်ဦးကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး