သင်္ဘောစီးကြမလား ရန်ကုန်သူ ရန်ကုန်သားတို့

သင်္ဘောစီးကြမလား ရန်ကုန်သူ ရန်ကုန်သားတို့

သင်သာ ရန်ကုန်သား တစ်ယောက်ဖြစ်ပြီဆိုရင် ဘတ်စ်ကားကျပ်တာနဲ့ ကားလမ်းတွေပိတ်တာကို
ငြင်းဆန်ဖို့ အခွင့်အရေးမရှိတော့ပါဘူး။ ဒီပြဿနာနှစ်ခုကို ငြင်းဆန်ဖို့ဆိုရင် အိမ်ထဲက အိမ်ပြင်
မထွက်ဘဲ နေရင်နေ၊ ဒါမှမဟုတ် သင်စီးလာတဲ့ ကားရှေ့ကနေ လမ်းပြရဲတွေ ဆိုင်ကယ်နဲ့ လမ်းရှင်း
ပေးရတဲ့ ထိပ်တန်းအရာရှိကြီး တစ်ယောက် ဖြစ်နေဖို့လိုပါတယ်။

ဒါပေမဲ့ ကံမကောင်းစွာနဲ့ ဒါတွေက ရန်ကုန်သားလက်တစ်ဆုပ်စာလောက်ပဲ တတ်နိုင်တဲ့
အခြေအနေဖြစ်ပါတယ်။ ဘတ်စ်ကားပေါ်မှာ တီဘီလိုကူးစက်ရောဂါတွေ ကူးလွယ်တာ၊ ခါးပိုက်နှိုက်
အန္တရာယ်ရှိတာ၊ မယဉ်ကျေးသူတွေက နှောင့်ယှက်တတ်တာ၊ ဣန္ဒြေ ပျက်လောက်အောင်
ကျပ်တောက်တာ စတာတွေ အပါအဝင် ကိုယ်ပိုင်ကားနဲ့ အငှားကားစီးတဲ့သူတွေရဲ့ အချိန်တွေကို
ကားတွေပြည့်နေတဲ့ 'လမ်းပိတ်ကြီးတွေ'က မတန်တဆ ယူသွားတာတွေကိုပါ စာမျက်နှာတွေ
ပေါ်မှာ မကြာ မကြာ ဖတ်ဖူးတွေ့ဖူးမှာပါ။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး 'အပြစ်တင်ဖို့ ယုတ္တိ တစ်ခုခု'ကို မြန်မာတိုင်း(မ်)က စာမျက်နှာပေါ်တင်
တော့မယ်လို့ အဆောတလျင်ကောက် ချက်မချလိုက်ပါနဲ့။ ကွဲပြားတဲ့ ချဉ်းကပ်မှု တစ်ခုနဲ့ အဖြေရှာ
ကြည့်မလို့ပါ။

မြို့တော်ပေါ်က ခက်ရင်းခွကြီး

ရန်ကုန်သားအများစု ကိုယ့်မြို့တော်ကို မြေပုံပေါ်မှာပြန်ကြည့်မှ ကြည့်ဖူးပါလေစွ။

မြန်မာနိုင်ငံရဲ့ စီးပွားရေးနှလုံးသည်းပွတ် မြို့တော်ကြီးရဲ့ မြေပုံပေါ်မှာခက်ရင်းခွသဏ္ဌာန် အကြီးကြီး
တစ်ခုရှိပါတယ်။

အဲဒါကတော့ မြို့ကိုယှက်ဖြာနေတဲ့ မြစ်တွေ၊ ချောင်းတွေ ဖြစ်ပါတယ်။

လမ်းခရီးပေါက်မှု

ရန်ကုန်မှာရှိတဲ့ မြစ်တွေ၊ ချောင်းတွေဟာ တသီးတခြားစီ စီးချင်သလိုစီးနေတာမဟုတ်ပါဘူး။
တိုက်ဆိုင်မှုလို့ပဲ ဆိုရမလား သူတို့တွေဟာ ဆင်ခြေဖုံးတွေကနေ ရန်ကုန်မြို့လယ် ကောင်ဆီကို
ဦးတည်စီးဆင်းလာကြတာဖြစ်ပါတယ်။

တစ်နည်းအားဖြင့်ဆိုရရင် ရန်ကုန်ရဲ့ ဆင်ခြေဖုံးမြို့နယ်တွေနဲ့ မြို့လယ်ကောင်က ရေလမ်းပေါက်
နေတာ ဖြစ်ပါတယ်။

လှိုင်မြစ်ဆိုရင် ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်ဆိုတဲ့မြို့နယ် ငါးခုကို ဖြတ်သန်း
စီးဆင်းတယ်။ သူဟာ ကမာရွတ်မြို့ နယ်အရောက်မှာ ရန်ကုန်မြစ်နဲ့ပေါင်းသွားပြီး ကြည့်မြင်တိုင်၊
အလုံတို့ကိုဖြတ်ကာ မြို့လယ်ကောင်အထိ ရေလမ်းကြောင်း ပေါက်ရောက် စေတယ်။

ပဲခူးမြစ်ဆိုရင်လည်း ဒဂုံဆိပ်ကမ်းမြို့နယ် ဘက်ကနေ ဖြတ်စီးလာလိုက်တာ၊ လူနေထူထပ်တဲ့
သာကေတမြို့နယ်ကို ဖြတ်ကျော်ပြီးနောက် မြို့လယ်ကောင်နဲ့ မလှမ်းမကမ်း ဗိုလ်တထောင်မြို့နယ်
မှာ ရန်ကုန်မြစ်နဲ့ ဆုံတွေ့သွားတယ်။

ပြီးတော့ ပဲခူးမြစ်ရဲ့ ရေကြောင်းက သိပ်ကိုကျယ်ပြီး နက်လည်းနက်တော့ ရေယာဉ်တွေအတွက်
ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုပါ။

ငမိုးရိပ်ချောင်းအပြင် ပုဇွန်တောင်ချောင်းလို့ အမည်နှစ်မျိုးနဲ့လူတွေသိကြတဲ့ ချောင်းကိုလည်း
လျှော့မတွက်ပါနဲ့။ မြေပုံပေါ်မှာ ထောက်ကြည့်လိုက်ပါ။ သူဟာ ဒဂုံတောင်၊ မြောက်၊ အရှေ့ဆိုတဲ့
လူနေထူထပ်ပြီး လူတန်းစားမျိုးစုံနေထိုင်တဲ့ မြို့သစ်သုံးခုကို ဖြတ်သန်းတယ်။

ပြီးတော့သင်္ဃန်းကျွန်း၊ ဒေါပုံနဲ့ ပုဇွန်တောင်တွေကို ထပ်ဖြတ်တယ်။ အဲဒီကမှ ဗိုလ်တထောင်မြို့နယ်
အရောက် ပဲခူးမြစ်ကြီးဆီကို စီးဝင်ပစ်လိုက်တယ်။ သူလည်း မြို့လယ်ကောင်ကို ဆက်သွယ်နေပြန်
တာပဲ။

ရေလမ်းကို မစမ်းကြဘူးလား

ဒီလိုဆိုတော့ ရန်ကုန်မြို့မှာ ရေကြောင်းကနေ မြို့တွင်းသွား သင်္ဘောပြေးဆွဲမကြည့်ခဲ့ဖူးလားဆိုတဲ့
မေးခွန်း ရှိလာပါတယ်။ သိပ်မကြာသေးခင်ကပဲ ပြေးဆွဲခဲ့ဖူးပါတယ်။

၂၀၁၂ ခုနှစ်မှာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနရဲ့ မြစ်ဝကျွန်းပေါ်ဌာနခွဲပိုင် 'တံလျှပ်' ဆိုတဲ့
သင်္ဘောနဲ့ လှိုင်သာယာကနေ စဉ့်အိုးတန်း ဆိပ်ကမ်းကို အသွားအပြန် တစ်နေ့တစ်ခေါက်စီ ပြေးဆွဲ
ခဲ့တာပါ။

အဲဒီခရီးစဉ်ဟာ မအောင်မြင်ခဲ့ပါဘူး။ တချို့နေ့တွေမှာဆို လူငါးယောက်လောက်ပဲစီးလို့ ခရီးသည်
တစ်ယောက်ကို ကျပ် ၂၅၀ ပဲရတဲ့ အစိုးရအနေနဲ့ အရှုံးပေါ်ပြီးရပ်သွားခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၃ ခုနှစ်၊ မေလလယ်မှာ အဲဒီသင်္ဘောကို နာမည်ကြီး သူဌေးကြီး မစ္စတာဆာ့ချ်ပန်(ခ)
ဦးသိမ်းဝေပိုင်တဲ့ အက်ဖ်အမ်အိုင် ဖလုပ်တီလာကုမ္ပဏီကနေ လက်လွှဲငှားရမ်းယူပြီး ပြေးဆွဲခဲ့ပါ
တယ်။

အစိုးရက 'တံလျှပ်'ကို ပြေးဆွဲစဉ်တုန်းက လှိုင်သာယာမှာ သင်္ဘောကပ်တဲ့ ရှမ်းချောင်းဆိပ်ကမ်း
ဟာ သင်္ဘောလာစီးဖို့ ခရီးထောက်နေတာကြောင့် လူမစီးတာဆိုပြီး အနီးဆုံးကားမှတ်တိုင်နဲ့
သင်္ဘောဆိပ်ကို ကုမ္ပဏီက ကားနဲ့အကြိုအပို့ပါ လုပ်ပေးပါတယ်။

"စဆွဲကတည်းကိုက အားနဲ့မာန်နဲ့ အများကြီးစီးမယ်လို့ထင်ပြီး လုပ်ခဲ့တာ" လို့ အဲဒီ ကုမ္ပဏီရဲ့
စီမံကိန်းအရာရှိချုပ် ဦးမော်သိန်းက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဒါပေမဲ့သူတို့လည်း ခုချိန်ထိ မအောင်မြင်သေးပါဘူး။ သူတို့ ကုမ္ပဏီဟာ သင်္ဘောငှားခ၊ ၀န်ထမ်း
စရိတ်၊ ဆိပ်ခံငှားခတို့ပေါင်းရင် နေ့စဉ် ကျပ်နှစ်သိန်းခန့် ကုန်ပေမဲ့ ပျမ်းမျှနေ့စဉ်ဝင်ငွေကတော့
ကုန်ကျစရိတ်ရဲ့ ၁၀ ပုံတစ်ပုံဖြစ်တဲ့ ကျပ် နှစ်သောင်းခန့်သာရှိတယ်လို့ ဦးမော်သိန်းက ပြောပါတယ်။

ကုမ္ပဏီရဲ့ မှတ်တမ်းတွေအရ ခရီးသည် နှစ်ယောက်တည်းစီးတဲ့နေ့တောင် ရှိဖူးတယ်ဆိုတာ
လေ့လာတွေ့ရှိရပါတယ်။

ကုမ္ပဏီဟာ အစိုးရနှုန်းအတိုင်း ခရီးသည် တစ်ဦးကို ကျပ် ၂၅၀ ပဲ ဆက်လက်ကောက်ခံနေတာပါ။

ဘာကြောင့် မအောင်မြင်တာလဲ

'တံလျှပ်' ရဲ့ဖြစ်စဉ်ကိုပဲ ဆက်လေ့လာကြည့်ပါစို့။

လှိုင်သာယာကနေ မြို့ထဲကို ကားစီးလာရင် လမ်းပိတ်တာနဲ့ တစ်နာရီခွဲကနေ နှစ်နာရီနီးပါးထိ
ကြာမြင့်တတ်တယ်ဆိုတာ လေ့လာတွေ့ ရှိရပါတယ်။

နောက်ပြီး ထုံးစံအတိုင်း ရုံးချိန်ဆိုရင် ကားကျပ်လွန်းလို့ သက်သောင့်သက်သာရှိဖို့ တွေးတောင်
မတွေးပါနဲ့။

ဒါပေမဲ့ တစ်နာရီလောက်ပဲလည်းကြာတယ်၊ သက်သောင့်သက်သာလည်းရှိတယ်၊ ငွေကြေးအားဖြင့်
လည်း အတူတူပဲဖြစ်တဲ့ သင်္ဘောခရီးစဉ်ကို လူတွေဘာကြောင့် မစီးကြတာလဲ...။

"လှိုင်သာယာတစ်မြို့လုံးကို ကားဂိတ်တိုင်းမှာ မားကက်တင်း ဆင်းပြီးပြီ။ နောက်ပိတ်ဆုံး
တွေ့လိုက်တာက ဘတ်စ်ကားက အလွယ်တကူ သွားလာနိုင်တယ်၊ ရောက်တဲ့ နေရာဆင်းနိုင်
တယ်။ သင်္ဘောကျတော့ အဲဒီလိုမဟုတ်ဘူး" လို့ ဦးမော်သိန်းကတော့ မှတ်ချက်ပြုပါတယ်။

သူက စထွက်တဲ့ကမ်းကနေ နောက်ဆုံးဆိုက် ရောက်တဲ့ ကမ်းအထိ ကြားထဲမှာ သင်္ဘောဟာ
မကပ်တော့ လူတွေအဆင်မပြေတာလို့ ဆိုလိုတာပါ။

ဒါဆို အခုပြေးဆွဲပေးတဲ့ သင်္ဘောကရော ဘတ်စ်ကားတွေလို မှတ်တိုင်တွေအများကြီးနဲ့ တစ်ဖြတ်စီ
ကပ်ပေးလို့ မရနိုင်ဘူးလားဆိုရင် လတ်တလောအခြေအနေအရ မရနိုင်သေးဘူးလို့ ကုမ္ပဏီကရော၊
ရေကြောင်းနဲ့ ဆိုင်တဲ့ဌာနက အရာရှိကပါ ပြောကြပါတယ်။

ပထမဆုံးပြောရမှာက သင်္ဘောရဲ့စွမ်းဆောင် ရည်ဖြစ်ပါတယ်။ လက်ရှိပြေးဆွဲတဲ့ 'တံလျှပ်' သင်္ဘော
ဟာ ၁၉၅၅ ခုနှစ်က မြန်မာနိုင်ငံကို ဂျပန်နိုင်ငံက စစ်လျော်ကြေးပေးထားတဲ့ သင်္ဘောဖြစ်ပါတယ်။

သက်တမ်း နှစ် ၆၀ လောက်ရှိပြီဖြစ်ပြီး အင်ဂျင်ကို သင်္ဘောဝမ်းထဲမှာ တပ်ဆင်ထားတဲ့ 'တီ'
အမျိုးအစားသင်္ဘော ဖြစ်ပါတယ်။

အဲဒီသင်္ဘောဟာ ဟိုကမ်းဝင် ဒီကမ်းထွက် ဘတ်စ်ကားလို ရပ်လိုက်ထွက်လိုက်လုပ်နေလို့
မသင့်လျော်ဘူးလို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန၊ မြစ်ဝကျွန်းပေါ်ဌာနခွဲရဲ့ လက်ထောက်
အထွေထွေမန်နေဂျာ ဦးမောင်မောင်အောင်က ပြောပါတယ်။

နောက်တစ်ချက်ကတော့ သင်္ဘောဆိုတာ ဆိုက်ဖို့ ဆိပ်ခံလိုအပ်ပါတယ်။ ရန်ကုန်ရဲ့ မြစ်တွေ၊
ချောင်းတွေ တစ်လျှောက်မှာ ခရီးသည်တင်သင်္ဘောတွေဆိုက်ဖို့ ကားမှတ်တိုင်လို ဆိပ်ခံတွေ
တည်ဆောက်ထားတာ မရှိဘူးလို့ ဦးမော်သိန်းနဲ့ ဦးမောင်မောင်အောင် နှစ်ဦးလုံးက အတည်ပြုပါ
တယ်။

ဖြစ်နိုင်ခြေမရှိတော့ဘူးလား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကျောက်ဖရားမြစ်ထဲမှာတော့ ရေကြောင်းတက္ကစီလို့ခေါ်တဲ့
မော်တော်ငယ်တွေနဲ့ ပြေးဆွဲပေးတာရှိပါတယ်။

ခရီးတိုကို ၁၀ ဘတ် (ကျပ် ၃၀၀)ကနေ ၁၅ ဘတ် (ကျပ် ၄၅၀)အထိပေးရပြီး ကမ္ဘာလှည့်ခရီးသွား
တွေများတဲ့ ရာသီမှာ ခရီးရှည်ကြီးစီးမှ ဘတ် ၃၀ (ကျပ် ၉၀၀) အထိပဲကျသင့်ပါတယ်။

ထိုင်းမှာ အဲဒီရေကြောင်း တက္ကစီတွေက ခရီးသွားတွေကို ဆွဲဆောင်တဲ့ လုပ်ငန်းတစ်ခုတောင်ဖြစ်နေ
ပါတယ်။

ရန်ကုန်မှာလည်းပဲ လက်ရှိမြင်တွေ့နေကျ သမ္ဗန်တွေထက် အနည်းငယ်ပိုကြီးတဲ့ မော်တော်တွေနဲ့
ပြေးဆွဲရင် ရနိုင်တယ်လို့ ဦးမောင်မောင်အောင်က ပြောပါတယ်။

အဲဒီလောက် အရွယ်အစားဆိုရင် ဘယ်နေရာမဆို ကပ်လို့ ခွာလို့ရသလို လူဦးရေ ၁၀ ဦးကနေ ၅၀
လောက်အထိဆံ့တဲ့ ရေယာဉ်မျိုးကို အခြေအနေပေါ် မူတည်ပြီး တည်ဆောက်လို့ရမယ်လို့ သူက
သုံးသပ်ပါတယ်။

မြစ်ကြီးများ မဆိုထားနှင့် ငမိုးရိပ်ချောင်းခေါ် ပုဇွန်တောင်ချောင်းမှာပင် ရေစူးငါးမီတာ(၁၅ ပေကျော်)
ရှိတဲ့ ရေယာဉ်တွေအထိ ပြဿနာ မရှိနိုင်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွ့ံဖြိုး
တိုးတက်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးသောင်းလွင်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဒီရေကျချိန်မှာတောင် ငမိုးရိပ်ချောင်းမှာ ရေစူးအားဖြင့် အနည်းဆုံးတစ်မီတာနီးပါး(သုံးပေကျော်)ခန့်
ရှိတယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့တော်ရဲ့ အနာဂတ်မြို့ပြပုံစံကို ရေးဆွဲရာမှာ ပညာရှင်တွေနဲ့ကူညီပေးနေတဲ့ ဂျပန်
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဂျိုက်ကာ) က ပညာရှင်တွေကတော့
ရန်ကုန်မှာ ရေကြောင်းကို အသုံးချမယ်ဆိုရင် မြစ်တွင်းသွားလှေတွေကို သုံးရင်သင့်တော်တယ်လို့
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဒါပေမဲ့ အမျိုးအစားနဲ့ အရွယ်အစားက စီးမယ့်သူပမာဏနဲ့ ရေကြောင်း သဘာဝပေါ် မူတည်ပြီး
ကွဲပြားနိုင်တယ်လို့လည်း သူတို့ကပြောပါတယ်။

ဂျိုက်ကာက ပညာရှင်တွေကတော့ ရေကြောင်းကို အများပြည်သူသုံး ပို့ဆောင်ရေးလမ်းအဖြစ်
အသုံးချဖို့အတွက် "အတိုင်းအတာတစ်ခုထိ သောင်တူးဖို့လိုနေတယ်။ ရေလမ်းကြောင်းတွေက
ဖြောင့်ရမယ်၊ လမ်းကြောင်းရှင်းရမယ်" လို့ မှတ်ချက်ပြုထားပါတယ်။

ရန်ကုန်မြစ်တွေ ချောင်းတွေထဲမှာ မျောနေတဲ့ အတားအဆီးတွေ ရှိတတ်တာကို ဂျိုက်ကာက
ပညာရှင်တွေက လေ့လာတွေ့ရှိ ထားပါတယ်။ ဦးမောင်မောင်အောင်ကလည်း "အရမ်းမြန်မြန်
သွားတဲ့ သင်္ဘောဆိုရင် အောက်မှာတစ်ခုခုနဲ့ တိုက်မိတာနဲ့ ကျွမ်းပစ်သွားတတ်တယ်"လို့
ဆိုပါတယ်။

လုပ်ရင်ဘာတွေလိုမလဲ ရေလမ်းကြောင်းကို ရန်ကုန်သားတွေရဲ့ နေ့စဉ်ဘဝမှာ အသုံးချဖို့အတွက်
ကတော့ အစိုးရက သင်္ဘောဆိပ်တွေ ဆောက်ဖို့ရယ်၊ ရန်ကုန်အတွက် သီးသန့် ပုံစံထုတ်ထားတဲ့
သင်္ဘော(သို့) မော်တော်တွေလိုတယ်လို့ ဦးမော်သိန်းက သုံးသပ်ပါတယ်။

၂၀၁၂ ခုနှစ်အထိ ရန်ကုန်မြို့တော်မှာ လူဦးရေ ၅ ဒသမ ၁၄ သန်းရှိတယ်လို့ မြို့တော်စည်ပင်က
တရားဝင်ထုတ်ပြန်ထားပါတယ်။

နောင်လာမယ့်နှစ် ၃၀ မပြည့်ခင် ၂၀၄၀ ခုနှစ်မှာ တော့လူဦးရေ ၁၀ သန်းတောင် ဖြစ်လာမယ်လို့
လည်း ခန့်မှန်းခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးမြို့၊ စီးပွားရေးအချက်အချာမြို့ဖြစ်တဲ့ 'ရန်ကုန်'မှာ နေထိုင်တဲ့
ပြည်သူတွေအတွက် ခေတ်မမီတော့တဲ့စီမံခန့်ခွဲမှုတွေနဲ့ လည်ပတ်နေတဲ့ ဘတ်စ်ကား ၆,၅၀၀ ကျော်
ကို အလုံးစုံ မှီခိုခရီးသွားနေရတာကို တစ်ခန်းရပ်ဖို့ကတော့ အချိန်နဲ့ အမျှလိုနေပြီဆိုတာ ငြင်းမယ့်သူ
ရှိမယ်မထင်ပါ။

အခုဆိုရင် ရေကြောင်းညွှန်ကြားမှု ဦးစီးဌာန က မြစ်တွင်းသင်္ဘောပြေးဆွဲချင်သူတွေကို
အရင်လောက် မခက်ခဲတော့ဘဲ လိုင်စင်တွေ ထုတ်ပေးနေပြီလို့ ဦးမောင်မောင်အောင် ကလည်း
သတင်းစကားပါးထားပါတယ်။

ဒီတော့ ရန်ကုန်သားတွေကိုလည်း တစ်ခုမေးချင်ပါသေးတယ်။ အခုလို ကားမီးခိုးတွေရှူပြီး
ဆက်စိတ်ညစ်နေချင်လား...။ ဒါမှမဟုတ် သင်္ဘောများ စီးချင်မိသလား။ သင်တို့ဆန္ဒ ကလည်း
ဒီကိစ္စမှာ အရေးပါနေတယ်လေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး