ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်တွင် ရွှေညဝါဆရာတော် အရှင်ပညာသီဟနှင့် ရှင်သောမ
တို့ဟောကြားသည့် တရားပွဲကို စီစဉ်ခဲ့သည့် ဂရုဏာမြင့်မိုရ် လူမှုရေးအဖွဲ့ဥက္ကဋ္ဌ ကိုဇော်မြင့် (ခ)
ကိုကျော်ဟိန်းကို ရပ်ကွက်(သို့) ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၂၆ အရ တရားစွဲဆိုခံထား
ရပြီး မတ်လ ရ ရက်တွင် မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်ရန် သမ္မန်စာဖြင့် ဆင့်ခေါ်ထားကြောင်း
ကိုဇော်မြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ဆရာတော်နှစ်ပါးသည် ဖေဖော်ဝါရီလ ၂၀ နှင့် ၂၁ ရက်နေ့တို့တွင် ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်၊
မြစပယ်လမ်း၌ တရားဟောကြားခဲ့ခြင်းဖြစ်ပြီး ထိုတရားပွဲကို ဒေသခံလူငယ် ၄၈ ဦး ဖြင့် ဖွဲ့စည်းထား
သည့် ဂရုဏာမြင့်မိုရ်လူမှုရေး အဖွဲ့အစည်းက ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
တရားပွဲ၌ ဆရာတော် ငါးပါးက ဟောကြားရန် ဂရုဏာမြင့်မိုရ်အဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူး၊
မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်သံဃ နာယက၊ မြို့နယ် သံဃနာယကစသည့်အဖွဲ့ အစည်းများထံ
တင်ပြခဲ့ရာ ဆရာတော်သုံးပါးကို အဖွဲ့အစည်းအားလုံးက ခွင့်ပြုခဲ့သော်လည်း ရွှေညဝါဆရာတော်နှင့်
ဆရာတော် ရှင်သောမ တို့ကိုမူ ဟောကြားခွင့် မပေးနိုင်ကြောင်း မြို့နယ် သံဃနာယကအဖွဲ့က
မိန့်ကြားခဲ့သည်ဟု ကိုဇော်မြင့်က ပြောသည်။
ထိုသို့တားမြစ်ခဲ့သော်လည်း ရပ်ကွက်နေပြည်သူများ၏ လိုလားချက်ကြောင့် မူလစီစဉ်ထားသည့်
အတိုင်း ထိုဆရာတော် နှစ်ပါး တရားဟောရန် အဖွဲ့ကဆက်လက်စီစဉ်ခဲ့ကြောင်း ၎င်းက ပြောသည်။
"ရွှေညဝါဆရာတော်က နိုင်ငံရေးတွေ ပြောတယ်။ ရှင်သောမ ကျတော့ ဓမ္မာစရိယ မအောင်ဘူးလို့
မြို့နယ်သံဃနာယက ဆရာတော်က မိန့်တယ်" ဟု ကိုဇော်မြင့် ကပြောသည်။
တရားဆွဲဆိုထားသည့် ပုဒ်မသည် ရပ်ကွက်နှင့် ကျေးရွာများတွင် အခမ်းအနားများ၊ ဖျော်ဖြေပွဲများ၊
ဓလေ့ထုံးတမ်းဆိုင်ရာ ပွဲလမ်းများကို ပြုလုပ်လျှင် သက်ဆိုင်ရာ တာဝန်ရှိသူထံမှ ခွင့်ပြုချက်ယူရမည်
ဖြစ်သလို သတ်မှတ်သည့် စည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်ကာ မလိုက်နာလျှင်
ထောင်ဒဏ်ခြောက်လ (သို့)ငွေဒဏ် ကျပ် ငါးသောင်း (သို့) ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း
ပြဋ္ဌာန်းထားသည်။
ရွှေပြည်သာမြို့နယ်အတွင်း၌ပင် အခြား ရပ်ကွက်များ၌ အဆိုပါ ဆရာတော်နှစ်ပါး ဟောကြားခွင့်ပြု
ခဲ့သော်လည်း ၎င်းတို့ရပ်ကွက် တရားပွဲတွင်သာ ကန့်သတ်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ကိုဇော်မြင့်က
ဆိုသည်။
ယခုကိစ္စနှင့် ပတ်သက်၍ ရွှေညဝါဆရာတော် ဦးပညာသီဟက "ဘာသာရေးကလည်း ဘာသာရေး
သီးသန့်ပဲ ကောင်းတယ်။ အမျိုးသားရေးကလည်း အမျိုးသားရေးပဲ ကောင်းတယ်။ သီးသန့်စီပဲ
ကောင်းတယ်။ ပါတီနိုင်ငံရေးတွေ ထွေးရောယှက်တင်မဖြစ်ဖို့၊ ဘာသာရေးသက်သက်သွားတဲ့
သူတွေက ပါတီနိုင်ငံရေး ကင်းရှင်းဖို့၊ ဒါမှ တိုင်းပြည်ကောင်းလိမ့်မယ်။ တစ်ခုနဲ့တစ်ခု ထွေးရော
ယှက်တင် အကွက်ချပြီးတော့ ချောင်းလုပ်ကြမယ်ဆိုရင် ဘာသာရေးဟာ နိုင်ငံရေးကစားဖို့၊
နိုင်ငံရေး အမြတ်ထုတ်ဖို့ အကောင်းဆုံး အကွက်ပဲ။ ဒါတွေကို ပြည်သူတွေသိအောင် ချပြတယ်လေ။
နောက် ရဟန်းသံဃာတွေကိုလည်း စည်းလုံးရေး မပျက်အောင်၊ ပါတီနိုင်ငံရေး ကင်းအောင်နေကြပါ
လို့ ဟောတယ်။ အဲဒါတွေ ထည့်ဟောတော့ ငါတို့ကိုနိုင်ငံရေးဟောတယ်လို့ လုံးထွေးပြီး စွဲချက်ပြု
တာပေါ့" ဟု မြန်မာတိုင်း(မ်) ကိုမိန့်ကြားသည်။
ယခုအမှု၏ တရားလိုဖြစ်သူ ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေထံ
မြန်မာတိုင်း(မ်)က ရှစ်ကြိမ်တိုင် ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
ရွှေပြည်သာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာတွင်လည်း တာဝန်ခံဖြေကြားမည့်သူ
မရှိကြောင်းသာ ဖြေကြားခဲ့သည်။
















