ရန်ကုန်မြို့ရှိ အငှားယာဉ်များ၏ ၂၀ ရာခိုင်နှုန်းခန့်မှာ နယ်လိုင်စင်များဖြင့် လာရောက်ပြေးဆွဲနေခြင်း
ဖြစ်သည်ကို စစ်ဆေးလေ့လာမှုများအရ တွေ့ရှိရသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
"အခုတလော အပြောများနေတဲ့ နယ်လိုင်စင်ကားနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ
၂၀ ရက်နေ့ အထိ ကျွန်တော်တို့ စစ်ဆေးမှုတွေလုပ်ခဲ့တယ်။ ဧရာဝတီတို့၊ မန္တလေးတို့စသဖြင့်
နယ်ကားနံပါတ်တွေနဲ့ ကားတွေ လမ်းပေါ်မှာသွားလာနေတဲ့အခါ စီးပွားရေးလုပ်စားခွင့် ပြုနေသလား
ဆိုပြီး ဖြစ်လာတယ်။ နယ်ကကားတွေ ဘယ်လောက်များ ရန်ကုန်ကိုရောက်နေလဲဆိုပြီး ယာဉ်ထိန်း
တပ်ဖွဲ့တွေနဲ့ လိုင်စင်တို့၊ ၀ှီးတက်တို့ကို စစ်ကြည့်ခဲ့တယ်။ စုစုပေါင်းယာဉ် ၃,၅၂၅ စီးကို စစ်ဆေးခဲ့တဲ့
အခါ မှာ ရန်ကုန်လိုင်စင်က ၂,၈၂၁ စီး၊ နယ်လိုင်စင်နဲ့ ရ၀၄ စီး တွေ့ရတယ်။ အဲဒီအထဲမှာ ကိုယ်ပိုင်
ယာဉ်က ၁၄၀ နဲ့ အငှားယာဉ်က ၅၆၄ စီး ဖြစ်နေတာကို တွေ့ရတယ်။ ဒါကြောင့် ၂၀ ရာခိုင်နှုန်း
ကျော်ကျော်လောက်က ရန်ကုန်မှာ နယ်လိုင်စင်နဲ့ ပြေးဆွဲနေတယ်လို့ ယူဆရတယ်။ အငှားယာဉ်က
သူ့တိုင်းနဲ့ ပြည်နယ်မဟုတ်ဘဲနဲ့ နယ်က ကားဆိုရင် ပိုဈေးသက်သာတယ်။ ကျပ် ၁၅ သိန်းလောက်
ကွာတယ်လို့သိရတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူး
လင်းထွဋ် က ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်လိုင်စင်များဖြင့် ရန်ကုန်မြို့၌ လာရောက်ကာ တက္ကစီ၊ သို့မဟုတ် အခြား
စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသည့်ယာဉ်များ တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်
သည်။
"တချို့ပြည်သူတွေကလည်း ဥပဒေကိုနားလည်တဲ့ သူတွေဖြစ်နေတော့ မြန်မာတစ်နိုင်ငံလုံး လုပ်ငန်း
လုပ်ကိုင်ခွင့်လိုင်စင်လုပ်တယ်။ ရန်ကုန်မြို့ပေါ်မှာ ပြေးဆွဲနေတဲ့အခါမှာ လုပ်ငန်းလုပ်ကိုင်ခွင့်ကိုလည်း
နံပါတ်အနီ အဖြစ်ပြောင်းလိုက်တယ်။ ဒါပေမဲ့ ရန်ကုန်မြို့ပေါ်မှာ ပြေးဆွဲမယ်ဆိုရင် ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီရဲ့ ခွင့်ပြုချက်လိုတယ်။ စီးတီးတက္ကစီ တံဆိပ်မပါရင် မော်တော်ယာဉ်
နည်းဥပဒေ ၂၄ နဲ့အရေးယူ လို့ရတယ်။ တစ်နိုင်ငံလုံး မောင်းနှင်ခွင့်မှာ အခြေချရာ တိုင်းဒေသကြီးနဲ့
ပြည်နယ်မှာပဲ လုပ်ငန်းလုပ်ကိုင်ခွင့်ရှိတယ်။ တစ်မြို့နယ်ကနေ တစ်မြို့နယ်ကို သွားတာမျိုးလို ခရီးစဉ်
အတွက်သာ မြန်မာတစ်နိုင်ငံလုံး ပြေးဆွဲခွင့်ပြုတာ။ စည်ပင်သာယာကတော့ ဘယ်လိုအရေးယူမလဲ
မသိသေးဘူး" ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်ဝင်းလွင်ကပြောသည်။
သို့သော် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့်မူ အဆိုပါကားများအား
အရေးယူရန် တိတိကျကျ မသတ်မှတ်ရသေးကြောင်းနှင့် လက်ရှိစည်ပင်ဥပဒေကို ဖောက်ဖျက်ပါက
စည်ပင်သာယာမှ သတ်မှတ်ထားသော ဒဏ်ကြေးငွေ ကျပ် ၁၀,၀၀၀ မှ ၅၀၀,၀၀၀ ကြားဒဏ်ရိုက်
နိုင်သည်ဟု စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နယ်လိုင်စင်များဖြင့် တက္ကစီအဖြစ်ပြေးဆွဲနေသော ယာဉ်အများစုမှာ ကားအရောင်းစင်တာများမှ
တစ်ဆင့် ၀ယ်ယူခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့ဝယ်ယူစဉ်က ဈေးသက်သာခြင်းအပြင် တက္ကစီယာဉ်အဖြစ်
လည်း ပြေးဆွဲခွင့်ရှိသည်ဟုဆိုသောကြောင့် ၀ယ်ယူခဲ့ကြခြင်းဖြစ်သည်။
"ကားဝယ်တုန်းက နယ်မှာပဲ မောင်းလို့ရတယ်လို့ ကျွန်တော်တို့မသိဘူး။ ပြောပြတာမျိုးလည်းမရှိ
ဘူး။ ဌာန ဆိုင်ရာကလည်း ပြောထားတာမရှိတော့မသိဘူး။ ပြီးတော့ လိုင်စင်လုပ်တုန်းကလည်း
ရန်ကုန် ရွာသာကြီးမှာပဲ သွားလုပ်ရတာ။ အခု ပြေးဆွဲခွင့်မရှိတော့ဘူးလို့ သိရတော့ ကျွန်တော်တို့က
ဘာလုပ်ရမလဲ။ လိုင်စင်မဲ့ ခိုးဝယ်ထားတာလည်း မဟုတ်ဘူး။ တက္ကစီအဖြစ် မသုံးရဘူးဆိုရင်
တက္ကစီဘုတ်ဖြုတ်ပြီး သုံးရင်ရောရလား" ဟု တက္ကစီယာဉ်မောင်း ဦးကြည်ဝင်းက ပြောသည်။
သာမန်အားဖြင့် ယခင်က နယ်မှကားများ နယ်ကျော်ပါက လိုင်စင်ဖျက်သိမ်းသည်အထိ ဆောင်ရွက်
ခဲ့မှုများရှိ ပြီး ပြည်သူများအနေဖြင့်လည်း ဥပဒေကို လေ့လာမှုအားနည်းသောကြောင့် မဖြစ်သင့်
သည်များမဖြစ်စေရန် ဥပဒေကို သေချာလေ့လာသင့်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု
ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၁၄ ဇန်နဝါရီလကုန်အထိ ထုတ်ပြန်ထားသော စာရင်းများအရ တစ်နိုင်ငံလုံးတွင် အငှားယာဉ်
၁၅၇,၂၆၅ စီးရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးတွင် ၁၀၉,၅၆၀ စီးရှိကြောင်း သိရသည်။

















