ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်အတွက် ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့ဝင် အပြည်ပြည်
ဆိုင်ရာ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (IFC – International Finance Corporation)
က ကူညီသွားမည်ဟု ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။
ရန်ကုန်မြို့တော် ဧရိယာအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက်
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့အား နည်းပညာအကူအညီများ ပေးနိုင်ရန် IFC နှင့်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်ဟုလည်း
IFC က သတင်းထုတ်ပြန်ထားသည်။
"လျှပ်စစ်ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ဖို့ လျှပ်စစ်ကဏ္ဍမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံဖို့
လိုအပ်နေပါတယ်။
"အစိုးရအနေနဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု တွေကို အားပေးဆောင်ရွက်နေသလို နိုင်ငံတော်လုပ်ငန်း
တွေကိုလည်း ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းနေပါတယ်"ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ဒုတိယ
၀န်ကြီးဖြစ်သူ ဦးမော်သာထွေးက ပြောသည်။
လာမည့် သုံးနှစ်တာကာလအတွင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အနေဖြင့်
မြို့တော်တွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးသွားနိုင်ရန် IFC က ကူညီဆောင်ရွက်
ပေးသွားမည်ဖြစ်သည်။
"မြို့တော်ဓာတ်အားပေးရေးအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲမှုကနေ လူတိုင်းအဆင်ပြေစေမယ့် လျှပ်စစ်
ဓာတ်အားစနစ်ကို ရရှိစေမယ့်အပြင် လျှပ်စစ်ဓာတ်အားဆုံးရှုံးမှုတွေကိုလည်း ကာမိစေမှာပါ။ ဒါ့ပြင်
အခုသဘောတူညီမှုက လျှပ်စစ်ကဏ္ဍရဲ့ တခြားပူးပေါင်း ဆောင်ရွက်ရေးတွေကိုလည်း နမူနာပြ
ဖြစ်စေမှာပါ" ဟု IFC အဖွဲ့၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ Karin Finkelston
က ပြောကြားသည်။
ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ဓာတ်အား ပို့လွှတ်ရေးနှင့်
ဖြန့်ဖြူးရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ကူညီထောက်ပ့ံရန်
ပြောဆိုထားပြီး ဖြစ်သည်။
















