ပြည်တွင်းရေကြောင်းက လက်ရှိ ပန်းဆိုးတန်း - ဒလ ပြေးဆွဲနေသော ရေယဉ်ဟောင်းများနေရာ
တွင် ဂျပန်နိုင်ငံမှ လှူဒါန်းမည့် ခရီးသည်စီး ဖယ်ရီအမျိုးအစား သင်္ဘော သုံးစင်းအား အစားထိုး
ပြေးဆွဲသွားမည် ဖြစ်သည်။
အဆိုပါ သင်္ဘောများ၏ အရွယ်အစားမှာ လက်ရှိပြေးဆွဲနေသော ကျန်စစ်သားကဲ့သို့ အရွယ်အစား
ဖြစ်ပြီး မတ်တပ်ရပ်လိုက်ပါ စီးနင်းပါက လူဦးရေ ၁,၀၀၀ ဆံ့နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဖယ်ရီသင်္ဘောများ၏ တန်ဖိုးမှာ သင်္ဘော တစ်စင်းလျှင် အမေရိကန်ဒေါ်လာ လေးသန်း တန်ဖိုးရှိမည်
ဖြစ်ကာ ဂျပန်နိုင်ငံတွင်ပင် တည်ဆောက်လျက်ရှိသည်။
နှစ်စင်းမှာ တည်ဆောက်မှု ပြီးစီးသော်လည်း ကျန်တစ်စင်းအား ဆက်လက်တည်ဆောက်နေဆဲ
ဖြစ်ပြီး ဂျပန်နိုင်ငံ အစီအစဉ်ဖြင့် လာမည့် စက်တင်ဘာလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပို့ဆောင်ပေး
မည်ဖြစ်သည်။
"ဂျပန်နိုင်ငံအနေနဲ့ ပြည်တွင်းရေကြောင်း ကဏ္ဍမှာ ဘယ်လမ်းကြောင်းအတွက် ကူညီပေးရမလဲ
ဆိုတာကို ထည့်သွင်းစဉ်စားတယ်။ လေ့လာတယ်။ အဲဒီလိုလေ့လာပြီး မြန်မာနိုင်ငံရဲ့ရေကြောင်း
ကဏ္ဍမှာ ပြည်သူသုံးစွဲမှုများတဲ့ လိုင်းကို ရွေးချယ်တယ်။ ပြီးတော့ လူစီးအများဆုံးနဲ့ ခေါက်ရေ
အများဆုံးဖြစ်တဲ့ ရေကြောင်းလိုင်းလည်းဖြစ်တဲ့ ပန်းဆိုးတန်း - ဒလသင်္ဘောဟောင်းတွေနေရာမှာ
အစားထိုး သုံးစွဲဖို့အတွက် ဖယ်ရီ သုံးစင်းကို တည်ဆောက်ပြီး လှူဒါန်းဖို့ အစီအစဉ် ဖြစ်လာတယ်။
ဒီအတွက်ကို ပို့ဆောင်ရေး တာဝန်ရှိတဲ့ လူကြီးပိုင်းတွေနဲ့ ဆွေးနွေးပြီးတော့ ဒီခေါက်တိုပြေးဆွဲတဲ့
ပန်းဆိုးတန်း - ဒလ သင်္ဘောလိုင်းကို ကူညီဖို့ ဖြစ်လာတယ်"ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး
မှ ညွှန်ကြားရေးမှူး ဦးဝင်းဖေက မြန်မာတိုင်း(မ်)ကို ပြောသည်။
လက်ရှိအခြေအနေတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကဏ္ဍတွင် ပန်းဆိုးတန်း - ဒလ
ဖယ်ရီအား တစ်နေ့လျှင် ခရီးသည် ၃၀,၀၀၀ ကျော်စီးနင်း လိုက်ပါလျက်ရှိပြီး ပန်းဆိုးတန်း - ဒလ
အခေါက်ရေ ၄၀ မှ ၄၂ ကြိမ်အထိ ပြေးဆွဲပေးလျက်ရှိသည်။
သင်္ဘောစီးခနှုန်းထားမှာ တစ်ဦးလျှင် ကျပ် ၁၀၀ ဖြစ်ပြီး ဂျပန်နိုင်ငံမှ လှူဒါန်းမည့် ဖယ်ရီသင်္ဘော
အသစ်များ အစားထိုးပြေးဆွဲသော်လည်း ဈေးနှုန်းပြောင်းလဲကောက်ခံခြင်း၊ တိုးမြှင့်ကောက်ခံခြင်း
ပြုလုပ်သွားမည် မဟုတ်ဟု ၎င်းကပြောသည်။
"တစ်ခေါက်ပြေးဆွဲရင် လူဆင်းချိန် တက်ချိန်နဲ့ သင်္ဘောပြန်ထွက်တာ အားလုံးမိနစ် ၂၀ ကြာတယ်"
ဟု ၎င်းက ပြောသည်။

















