ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းမှ ထွက်ရှိသည့် အမှိုက်များကို
အမှိုက်မီးစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့်စက်ရုံမှ ကြွင်းကျန်မည့် ပြာများကို
ဘေးအန္တရာယ်ကင်းစွာ ပြန်လည် အသုံးပြု၊ သို့မဟုတ် စွန့်ပစ်နိုင်ရန် တိကျသောအစီအစဉ်
မရှိသေးကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ထားဝယ်ချောင် အမှိုက်ပုံတွင်
တည်ဆောက်မည့် တစ်ရက်လျှင် အမှိုက်တန် ၆၀၀ ကျ အမှိုက်မီးရှို့လျှပ်စစ်ဓာတ်အားထုတ်စက်ရုံမှ
ပြာနှင့် အကြွင်းအကျန် ၁၀ ရာခိုင်နှုန်း ကျန်ရှိမည်ဖြစ်ရာ တစ်ရက်လျှင် ပြာတန်ချိန် ၆၀ ထွက်ရှိမည်
ဖြစ်သည်။
"ပြာ ၁၀ ရာခိုင်နှုန်းကျန်မယ်။ စည်ပင်သာယာရေးကော်မတီက ဘယ်မှာ စွန့်ပစ်ရမလဲ သူတို့
ညွှန်ကြားလိမ့်မယ်" ဟု အဆိုပါဓာတ်အားထုတ်စက်ရုံကို တည်ဆောက်မည့် Zeya & Associates
Co. , Ltd မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးပြည့်စုံအောင်က ပြောသည်။
မြို့တော်စည်ပင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာ
အောင်မြင့်မော်က ၎င်း ပြာများနှင့် ပတ်သက်၍ တိကျသောစီမံချက် မရှိသေးဘဲ စီစဉ်ဆဲဖြစ်ကြောင်း
ပြောသည်။
"ပြာတွေနဲ့ ပတ်သက်လို့ စီစဉ်ဆဲပါ" ဟု ၎င်းက ပြောသည်။
ရန်ကုန်နေ ပြည်သူများက ရောထွေးစွန့်ပစ်ထားသည့် အမှိုက်များကို ကော်၊ သတ္တုစများ အပါအဝင်
စုပြံုမီးရှို့မည်ဖြစ်ရာ မီးဖိုချောင်ထွက် သဘာဝပစ္စည်းမှပြာများက အန္တရာယ်မရှိသော်လည်း
သတ္တုလေး(Heavy Metal) များပါက လူနှင့် သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိနိုင်ကြောင်း
လည်း ၎င်းက ပြောသည်။
"ပြာ ၁၀ ရာခိုင်နှုန်းလောက် ကျန်တဲ့ဟာ organic ရှို့တဲ့ဟာက အန္တရာယ်ကင်းတယ်။ Heavy
Metal ပါရင် အန္တရာယ်မကင်းဘူး" ဟု ၎င်းက ပြောသည်။
အန္တရာယ်ကင်းသည့် ပြာများကို မြေဖို့သည့် နေရာများတွင် ရောနှောအသုံးပြုနိုင်ကြောင်း နှင့်
နိုင်ငံတကာတွင် ပြာမှ ဘိလပ်မြေပြန်လည် ထုတ်လုပ်နိုင်သည့် နည်းပညာများ ရှိသော်လည်း ယခု
တည်ဆောက်မည့် စက်ရုံတွင် အဆိုပါနည်းပညာ မပါ၀င်သေးကြောင်း သိရသည်။
မြို့တော်စည်ပင်က အမှိုက်များဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ၂၀၁၂ ခုနှစ်တွင် တင်ဒါခေါ်ယူခဲ့
ခြင်းဖြစ်ပြီး အမှိုက်တစ်လွှာ မြေတစ်လွှာဖုံး စနစ်ဖြင့် မီသိန်းဓာတ်ငွေ့ ထုတ်ယူမှု နည်းပညာနှင့်
အမှိုက်မီးရှို့ လျှပ်စစ်ဓာတ်အား ထုတ်ယူမှုနည်းပညာသုံး စက်ရုံတင်ဒါ နှစ်ခုကို ရွေးချယ်ခဲ့ပြီးဖြစ်ရာ
အဆိုပါစက်ရုံများ စတင် တည်ဆောက်ရေး ဆောင်ရွက်လျက်ရှိသည်။
လျှပ်စစ် ဓာတ်အား ၁၅ ဒသမ ၄ မီဂ္ဂါ၀ပ် ထုတ်ယူမည့် ထားဝယ်ချောင် အမှိုက်မီးရှို့ လျှပ်စစ်
ဓာတ်အားထုတ်စက်ရုံကို ယခုနှစ် အောက်တိုဘာလတွင် စတင် လည်ပတ်ရန် မြို့တော်စည်ပင်နှင့်
ကုမ္ပဏီကြား စာချုပ်ချုပ် ဆိုထားသည်။
















