ရန်ကုန်တက္ကသိုလ် စာတိုက်ဝင်းအနီးရှိ အငှားချထားသော စားသောက်ဆိုင်ခန်းများအား စာချုပ်
သက်တမ်းပြီးဆုံးခဲ့ပြီဖြစ်သဖြင့် မတ်လ ပထမပတ်အတွင်းမှ စတင်၍ ဖျက်သိမ်းမှုများ စတင်နေပြီ
ဖြစ်သည်။
"ဆိုင်ခန်းတွေ အားလုံးတော့ စတင်ဖျက် သိမ်းမှုဆောင်ရွက်နေပါပြီ၊ အချို့ဆိုရင် အကုန်လုံး
ဖျက်သိမ်းပြီးသွားကြပြီ။ ဒီနားမှာ ဆိုင်နှစ်ခန်း သုံးခန်းလောက်ပဲ ပစ္စည်းတွေ သယ်ဖို့ ကျန်တော့
တယ်။ အခုလို ဖျက်သိမ်း လိုက်ရတဲ့အတွက် ဆိုင်ခန်းရှင်တွေအတွက်တော့ အရမ်းထိခိုက် နစ်နာ
ပါတယ်။ ပညာရေးဌာနကို နစ်နာမှုနဲ့ ပက်သက်ပြီး လျော်ကြေးပေးဖို့ အသနားခံစာ တင်ထားတယ်၊
အခုထက်ထိတော့ အကြောင်းမထူးသေးဘူး"ဟု ဆိုင်ရှင် ဒေါ်မြင့်မြင့်မူ ကပြောသည်။
ဆိုင်ခန်းများအား ဖျက်သိမ်း၍ အဆင့်မြင့်ပညာရေးဆိုင်ရာ စင်တာများကို တိုးချဲ့ တည်ဆောက်မည်
ဖြစ်ကြောင်း အောက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညိမ်းမောင်က
ပြောသည်။
၁၉၉၄ ခုနှစ်မစ၍ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အဆင့်မြင့်ပညာ ဦးစီးဌာနက ၀န်ထမ်းများ
သက်သာချောင်ချိရေးအတွက် ဆိုင်ခန်း ၁၂ ခန်းကို ဆောက်လုပ် ငှားရမ်းခဲ့ခြင်းဖြစ်သည်။
















