လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနက သစ်များတရားမဝင် သယ်ဆောင်မှုကို ဖမ်းဆီး စစ်ဆေးမှု
များအား ဆက်တိုက်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလအတွင်း တရားမဝင် ကျွန်းခွဲသားများနှင့်
အခြားသစ်များတင် ဆောင်လာသည့် မော်တော်ယာဉ်များကို ဆက်တိုက် ဖမ်းဆီးရမိခဲ့သည်ဟု
သိရသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရန်ကုန် - မန္တလေးအမြန်လမ်းမပေါ်တွင် တိမ်းမှောက်သွားခဲ့သည့်
ဟွန်ဒါမော်တော်ယာဉ်အား စစ်ဆေးခဲ့ရာ ကျွန်းသစ်ခွဲသား သုည ဒသမ ၅,၁၃၈ တန် တရားမဝင်
တင်ဆောင်လာသည်ကို တွေ့ရှိသဖြင့် ဖမ်းဆီးရမိခဲ့သည်။
ထို့အတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဟွန်ဒါ အဖြူရောင်ယာဉ်ပေါ်မှ ကျွန်းခွဲသား သုည ဒသမ
၆၁၂ တန် အားလည်းကောင်း၊ နစ်ဆန်းခြောက်ဘီးယာဉ်ပေါ်မှ ကညင်ခွဲသား ၄ ဒသမ ၅,၈၂၂ တန်၊
မျောက်ငို ခွဲသား ၁ ဒသမ ၆,၅၄၄ တန် တို့ကို ဖမ်းဆီးခဲ့သည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အမြန်လမ်းမကြီးအတိုင်း လမ်းပြောင်းပြန်မောင်းနှင်လာသော
စတေကာမှန်အနက်များ တပ်ဆင်ထားသောယာဉ်ကို မင်္သကာသဖြင့် လိုက်လံဖမ်းဆီးရာ
သစ်တောဝန်ထမ်းများ စီးနင်းလာသည့် မော်တော်ယာဉ်အား လေးခွဖြင့် အပစ်ခံရသဖြင့် မှန်များ
ကွဲသွားခဲ့သည်ဟုဆိုသည်။
သစ်တောဝန်ထမ်းများ အကာအကွယ်ယူနေစဉ် အဆိုပါကား၏ ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ဖြင့်
စစ်ဆေးရာ ယာဉ်ပေါ်တွင် သစ်ခွဲသားတစ်ချောင်းကိုသာ ဖမ်းဆီးမိခဲ့သည်။
တာဝန်ရှိသူများက အနီးဝန်းကျင်ကို ရှာဖွေရာတွင် လမ်းမကြီးဘေး ရေမြောင်းအတွင်းနှင့် အပေါ်တွင်
ပစ်ချထားခဲ့သည့် ကျွန်းခွဲသားများအား ထပ်မံတွေ့ရှိခဲ့သည်။
ထို့ကြောင် မော်တော်ယာဉ်နှင့် ကျွန်းခွဲသား သုည ဒသမ ၅,၈၁၂ တန်အား သိမ်းဆည်းအရေးယူ
ထားသည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း နစ်ဆန်း မော်တော်ယာဉ်တစ်စီးပေါ်မှ ကျွန်းခွဲသား ၁ ဒသမ
၈,၀၅၈ တန်ကို ဖမ်းဆီးမိခဲ့ပြီးယာဉ် မောင်းနှင့် အခြားတစ်ဦးမှာ ထွက်ပြေးသွားကြောင်း သိရသည်။
















