၂၀၁၄ ခုနှစ် မဟာသင်္ကြန်ကာလတွင် ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းရေးအတွက်
ယခင်နှစ်များထက် ယာဉ်ထိန်းရဲ အင်အားကို အပြည့်အဝအသုံးချသွားမည်ဖြစ်ကြောင်း အမှတ်(၂)
ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး၊ ရန်ကုန်မှ ဒုရဲမှူး လင်းထွဋ်ကပြောသည်။
"လစဉ် လစဉ်ယာဉ်တွေက တိုးတက်များပြားလာတယ်။ ကညန စာရင်းအရလည်း တစ်လတစ်လ
မှတ်ပုံတင်ယာဉ်စီးရေ ၁၀,၀၀၀ ခန့်ရှိ တယ်လို့ သိရတယ်။ ပြီးခဲ့တဲ့နှစ်ကထက် ဒီနှစ် တာဝန်ထမ်း
ဆောင်မှုကပိုပြီးကျပ်တည်းမယ်လို့ယူဆရတယ်။ ဒါကြောင့် ကျွန်တော်တို့က လက်ရှိ ရှိထားတဲ့
အင်အားကိုအပြည့်အသုံးချမယ်။အရင်နှစ်တုန်းက အဆိုင်းနဲ့ အနားပေးစနစ်နဲ့ဆောင်ရွက်ခဲ့တယ်။
ဒီနှစ်ကတော့ သင်္ကြန်ကာလမှာ ဖိဖိစီးစီးနဲ့တပ်ဖွဲ့ဝင်အပြည့် အသုံးချမယ်" ဟု ဒုရဲမှူး လင်းထွဋ်
ကပြောသည်။
မဏ္ဍပ်များ ဆောက်လုပ်လေ့ရှိသော ပြည်လမ်း အင်းယားကန်ဘောင်အနီး၊ ကန်တော်ကြီး
ကန်ပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်း တစ်လျှောက်နှင့် အခြား လမ်းဆုံလမ်းခွများတွင် ယာဉ်ကြော
ကြပ်တည်းမှုမရှိစေရန်အတွက် ယာဉ်ထိန်းရဲအင်အား အပြည့်ချထား မည်ဖြစ်သည်။
"မဏ္ဍပ်ရှိမှုအခြေအနေနဲ့ လမ်းကြောအခြေအနေပေါ်မူတည်ပြီးတော့ အင်အားကိုတော့ ထုတ်ပြန်
လို့မရသေးဘူး။ သင်္ကြန်ကာလမှာလည်း ယာဉ်စည်းကမ်းနဲ့ ငြိရင်တော့ဥပဒေအတိုင်းဆောင်ရွက်
သွားမှာပဲဖြစ်ပါတယ်။ နှစ်တိုင်းလည်း သင်္ကြန်မှာလိုက်နာဖို့ မေတ္တာရပ်ခံချက်တွေကို သက်ဆိုင်ရာ
စည်းကမ်းထိန်းသိမ်းရေးကော်မတီတွေက ထုတ်ပြန်ပါတယ်။ လမ်းပိတ်ဆို့မှုမဖြစ်အောင် မဏ္ဍပ်
တွေကို လမ်းဘေး ၀ဲယာ မထားတော့ဘဲ လမ်းတစ်ဘက်တည်းမှာပဲ ထားဖို့ရှိတယ်။ အဓိက
လမ်းမကြီးတွေကို မပိတ်ချင်လို့ပါ" ဟု ဒုရဲမှူး လင်းထဋ်ကပြောသည်။
ထို့ပြင် လက်ရှိတွင် ယာဉ်မရပ်ရဟု သတ်မှတ်ထားသော နေရာများတွင် ရပ်တန့်သည့်ယာဉ်များ
ကို ကရိန်းဖြင့်ဆွဲကာ အရေးယူမှု များပြုလုပ်လျက်ရှိပြီး သင်္ကြန်ကာလတွင်မူ ရပ်တန့်ခွင့်ပေးထား
မည်ဖြစ်သော်လည်း စက်ချွတ်ယွင်းခြင်းကြောင့် လမ်းပိတ်ဆို့မှုဖြစ်နေ သောယာဉ်များကို ကရိန်းဖြင့်
ဆွဲယူသွားမည်ဖြစ်သည်။
ထိုသို့ဆွဲယူခြင်းအတွက် ကရိန်းခကို ယာဉ်ပိုင်ရှင်က ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
၎င်းအပြင်လမ်းဆုံလမ်းခွများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းဆုံ၊ ကမ္ဘာ
အေးဘုရားလမ်းနှင့် ကုက္ကိုင်းလမ်းဆုံ၊ လှည်းတန်းလမ်းဆုံ စသည့်နေရာများတွင် သင်္ကြန်ကာလ
အတွင်း လိုက်နာရန်အချက်များကို ဘေလ်ဘုတ်များ စိုက်ထူကာ သတိပေးသွားမည်ဖြစ်သည့်ပြင်
သတင်းစာနှင့် တီဗွီများတွင်လည်းကြော်ငြာသွားမည်ဖြစ်သည်။
၂၀၁၁ ခုနှစ် မဟာသင်္ကြန် ကာလတွင် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း
ယာဉ်တိုက်မှု ၃၂ မှု ဖြစ်ပွားခဲ့ပြီး လူ ၆၉ ဦး ဒဏ်ရာရရှိခဲ့ကာ လူ ၅ ဦးသေဆုံးခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ယာဉ်တိုက်မှု ၃၀ မှု နှင့် လူ ၁၀၆ ဦးဒဏ်ရာရရှိခဲ့ကာ လူလေးဦး သေဆုံးခဲ့ သည်။
၂၀၁၃ ခုနှစ်တွင် ယာဉ်တိုက်မှု ၄၆ မှုဖြစ်ပွားခဲ့ပြီး လူ ၉၂ ဦး ဒဏ်ရာရရှိခဲ့ကာ လူ လေးဦးသေဆုံး
ခဲ့သည်။
ရေပက်ခံကားရာမှ ဖြစ်ပွားသော ယာဉ်မတော်တဆမှုမှာ ၂၀၁၁ ခုနှစ်တွင် ယာဉ်တိုက်မှု ၆မှု နှင့်
လူ ၁၄ ဦးဒဏ်ရာရရှိခဲ့ပြီး လူ သုံးဦး သေဆုံးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ယာဉ်တိုက်မှု ရ မှု ဖြစ်ပွား
ခဲ့ပြီး လူ ၅၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ယာဉ်တိုက်မှု လျော့နည်းခဲ့ပြီး ယာဉ်တိုက်မှု
၂ မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးဒဏ်ရာရရှိခဲ့ကာ ကလေးတစ်ဦးသေဆုံးခဲ့သည်။
"အရင်နှစ်ကတော့ နားတာနဲ့ တာဝန်နဲ့ ရောပြွမ်းပြီးချထားတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ သင်္ကြန်
ကာလ ငါးရက်လုံး ရှိတဲ့အင်အားကို အနားမပေးဘူး။ အပြည့်သုံးမှာပါ။ ပြည်သူတွေ ရေပက်ခံ
ကစားချိန် မနက် ရ နာရီလောက်ကနေ ည ၈နာရီလောက်အထိ သက်ဆိုင်ရာလမ်းဆုံလမ်းခွတွေ
မှာ တာဝန်ချထားပေးမှာဖြစ်ပါတယ်" ဟု ဒုရဲမှူး လင်းထဋ်ကပြောသည်။
















