ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် ၃၃ မြို့နယ်အတွင်း အမှိုက်သိမ်းဆည်းမှု
လုပ်ငန်းများအား ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်စေမည်ဖြစ်ရာ ပြည်သူများ ၀န်ထုပ်ဝန်ပိုး
မဖြစ်စေရန် စည်ပင်သာယာက ယခု လက်ရှိ ကောက်ခံသော နှုန်းထားများထက် မပိုသော
ကုမ္ပဏီများကို အဓိကထား ရွေးချယ်လိုကြောင်း တာဝန်ရှိသူတစ်ဦး ကပြောသည်။
ရန်ကုန်မြို့တော်၏ အမှိုက်သိမ်းလုပ်ငန်း အတွက် အသုံးပြုရသည့်ငွေမှာ ပြန်ရငွေထက်
သုံးဆကျော် ပိုမိုများပြားနေပြီး အရှုံးခံ ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး
ဦးခင်ဝင်းက ပြောသည်။
"လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ အမှိုက်သိမ်းခကို အမှိုက်တစ်တန်
သန့်ရှင်းရေးဆောင်ရွက်ခ တစ်ကျပ်ရတယ်ဆိုရင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံအထိ အမှိုက်စွန့်ပစ်ရတဲ့
ကုန်ကျစရိတ်က သုံးကျပ်လောက် ရှိနေတော့ ဌာနအနေနဲ့ လက်ရှိမှာ အရှုံးခံ ပြုလုပ်ပေးနေတာ
ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
လွှဲပြောင်းပေးအပ်ခြင်းခံရသော ကုမ္ပဏီများက သန့်ရှင်းရေးဆောင်ရွက်ခ ကောက်ခံမည်ဆိုပါက
ပြည်သူများ ၀န်ထုပ်ဝန်ပိုးဖြစ်စေ နိုင်မည်ဖြစ်ရာ ထိုသို့မဖြစ်စေရန် စည်းကမ်းချက်များ ထားရှိမည်
ဖြစ်ကြောင်း ဦးခင်ဝင်းက ပြောသည်။
"အခုစည်ပင်ကနေကောက်တဲ့ နှုန်းထားအတိုင်း ကောက်ခံနိုင်ဖို့ အရေးကြီးပါတယ်။ အခု
အနေအထားအရဆိုရင် အမှိုက်တွေကို မီးရှို့ပြီး စွမ်းအင်တွေရရှိလာမှာ ဖြစ်တဲ့အတွက်ကြောင့်
လုပ်မယ့်ကုမ္ပဏီအနေနဲ့ ပြည်သူတွေဆီက အခုကျွန်တော်တို့ ကောက်ခံတဲ့အတိုင်းပဲ ကောက်ခံပြီး
သန့်ရှင်းရေးဆောင်ရွက်ခကို ထပ်တိုးကောက်ခံမှုမပြုဘဲနဲ့ ပြုလုပ်နိုင်ပါတယ်ဆိုတဲ့ ကုမ္ပဏီကို
ဦးစားပေးရွေးချယ်ပါမယ်။ ထပ်တိုးကောက်မယ်ဆိုရင်တော့ အဆင်မပြေပါဘူး။ အခုလို ပုဂ္ဂလိကကို
လွှဲပြောင်းပေးတဲ့အတွက် ရန်ကုန်မြို့တော်အတွင်းမှာ နိုင်ငံတကာအဆင့်မီ သန့်ရှင်းရေးလုပ်ငန်းတွေ
ပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါတယ်"ဟု ဦးခင်ဝင်းက ပြောသည်။
ကုမ္ပဏီများအား ဘီအိုတီ(တည်ဆောက်၊ လည်ပတ်လုပ်ကိုင်၊ လွှဲပြောင်း)စနစ်ဖြင့် ၁၀ နှစ်
လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ရာ ယခုဧပြီလ ၁ ရက်နေ့ မှ စတင်ပြီး တင်ဒါခေါ်ယူနေပြီဖြစ်သည်။
ပြည်တွင်း၊ ပြည်တွင်းနှင့် ပြည်ပပူးပေါင်း ကုမ္ပဏီများ၊ ပြည်ပကုမ္ပဏီများသည် ဧပြီလ ၃၀ ရက်နေ့
နောက်ဆုံးထား၍ ဆိပ်ကမ်းသာလမ်းအပေါ် ဘလောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သန့်ရှင်းရေးဌာန၊ ကိုးထပ်ရုံး တတိယထပ်၌ တင်ဒါတင်သွင်းရမည်ဖြစ်သည်။
အမှိုက်သိမ်းဆည်းခြင်းနှင့် သိမ်းဆည်းအမှိုက်များကို အမှိုက်ပုံသို့ သယ်ယူပို့ဆောင် စွန့်ပစ်ခြင်း
လုပ်ငန်း လုပ်ကိုင်လိုသည့်ကုမ္ပဏီများအနေဖြင့် စည်ပင်သာယာနယ်နိမိတ်တစ်ခု လုံးအား
လုပ်ကိုင်လိုသည်ဖြစ်စေ ခရိုင်တစ်ခုသာ လုပ်ကိုင်လိုသည်ဖြစ်စေ လျှောက်ထား နိုင်မည်ဖြစ်သည်။
ဧပြီလအတွင်း တင်ပြထားသော ကုမ္ပဏီများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနက
မေလ ပထမပတ် အတွင်း ဖိတ်ခေါ်၍ အပြီးသတ်အဆိုပြုလွှာ တင်ပြနိုင်ရေးအတွက် အသေးစိတ်
အချက်အလက်များကို ရှင်းလင်း ပြောကြားရန် စီစဉ်ထားပြီး လိုအပ်သည့် အချက်အလက်များ
ပေးသွားမည်ဖြစ်သည်။
ကုမ္ပဏီများသည် မေလ ဒုတိယပတ်မှ စတင်ပြီး စက်တင်ဘာလကုန်အထိ ဖြစ်နိုင်ခြေလေ့လာမှု
(Feasibility Study) ဆောင်ရွက်ရမည်ဖြစ်သည်။
ပုဂ္ဂလိကသို့ လွှဲပြောင်းမည်ဆိုပါက စည်ပင်က လက်ရှိခန့်ထားသော အမှိုက်သိမ်းဝန်ထမ်းများ
ဆက်လက်ခန့်အပ်နိုင်ရန်လည်း စီစဉ်ပေးမည် ဖြစ်သည်။
"ညစ်ပတ်နံစော်နေတဲ့ ဒီအမှိုက်တွေကို သိမ်းဖို့အတွက် ဒီလိုအမှိုက်သိမ်းတာကို အသစ်ဝင်လုပ်မယ့်
သူ သိပ်မရှိလောက်ဘူးလို့ ကျွန်တော်ထင်တယ်။ ဒီဝန်ထမ်းတွေကိုပဲ သူတို့ လိုအပ်မယ်ထင်ပါ
တယ်။ ဒီအတွက်ကို ၀န်ထမ်းတွေကို သူတို့ ရွေးချယ်ခံရတဲ့ ကုမ္ပဏီတွေကို လွှဲပေးသွားမှာ
ဖြစ်ပါတယ်။ သူတို့ အုပ်ချုပ်မှုစနစ်နဲ့ သွားမယ့် သူတို့ရဲ့ ၀န်ထမ်းတွေ ဖြစ်လာမှာပါ"ဟု ဦးခင်ဝင်း
ကပြောသည်။
"ကျွန်တော်တို့ဌာနပိုင် အမှိုက်သိမ်းတဲ့ ကားတွေကိုတော့ လိုအပ်ချက်အရ ကျွန်တော်တို့ အထူး
လုပ်အားပေး ကိစ္စတွေရှိတယ်။ အဲဒီမှာ သုံးမယ်။
"နောက်ပြီး ကုမ္ပဏီတွေက သုံးချင်ရင်လည်း လွှဲပေးသွားမယ်။ မသုံးချင်ရင်လည်းဘဲ တခြားနေရာ
တွေမှာ သုံးမယ်။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီတွေအနေနဲ့ အမှိုက်ပုံးလည်း သူ့ ပုံး၊ ကားလည်း
သူတို့ကားနဲ့ လုပ်ရမှာဖြစ်တယ်။ ကျွန်တော်တို့ အမှိုက်သိမ်းကားတွေကတော့ အားလုံးလည်း
သိကြတဲ့အတိုင်းပဲ တော်တော်စုတ်ပြတ်နေပါပြီ။ ရန်ကုန်မြို့တော်အနေနဲ့က ကြည့်မယ်ဆိုရင်လည်း
အမြင်မတင့်တယ်တော့ပါဘူး"ဟု ပြောသည်။
ရန်ကုန်မြို့တွင် လီတာ ၆၆၀ ဆံ့သည့် အမှိုက်ပုံး ၁,၄၀၄ ပုံး၊ လီတာ ၂၄၀ ဆံ့ ၂,၃၈၂ ပုံး၊
သန့်ရှင်းရေးဝန်ထမ်း ၄,၇၀၀ နှင့် အမှိုက်သိမ်း ယာဉ် ၂၈၃ စီးရှိကြောင်းသိရသည်။
အမှိုက်သိမ်းဆည်းမှုမှာ တစ်နေ့လျှင် တန် ၁,၅၀၀မှ ၁,၆၀၀ ခန့်အထိရှိသည်။
အမှိုက်နောက်ဆုံးစွန့်ပစ်သည့် နေရာများမှာ ရေရှည်တွက်ချက်ပါက နောက်ပိုင်းတွင် ထပ်မံ
အသုံးပြုရန် ခက်ခဲလာမည့် အနေအထားဖြစ်နေသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက် ဌာနမှူး ဒေါက်တာ
အောင်မြင့်မော်က ပြောသည်။
သို့သော် အမှိုက်မီးရှို့ပြီး လျှပ်စစ်ထုတ်လုပ်သည့် စနစ်ဖြစ်သောWaste To Energy နည်းစနစ်ဖြင့်
လုပ်ဆောင်နိုင်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီနှင့် ဘီအိုတီလက်မှတ်ရေးထိုး ထားပြီးဖြစ်ကာ
နောက်ပိုင်းတွင် အမှိုက်နောက်ဆုံး စွန့်ပစ်ရာ လက်ရှိမြေနေရာများသည်ပင် ဂေါက်ကွင်းကဲ့သို့သော
နေရာများပြုလုပ် နိုင်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောသည်။

















