ခရီးသည် တင်ဟိုင်းလပ်ယာဉ်များ ရန်ကုန်မြို့ တွင်းတွင် ပြေးဆွဲခွင့်ကို ဧပြီလ ၁ ရက်နေ့မှ စတင်ခါ
တရားဝင် ကန့်သတ်လိုက်ခြင်းကို မကျေနပ်သဖြင့် ယာဉ်ပိုင်ရှင်များနှင့် ယာဉ်လုပ်သားများက
မတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တို့တွင် ဆန္ဒပြခဲ့ကြသည်။
ဟိုင်းလပ်ယာဉ်များမှာ ပစ်ကပ်အမျိုးအစားဖြစ်ခြင်းနှင့် ခရီးသည်တင်ယာဉ်အဖြစ် အသုံးပြုရန်
အန္တရာယ်များခြင်းတို့ကြောင့် အဆိုပါ ကားများနေရာတွင် မီနီဘတ်စ်များ အစားထိုးရန်နှင့်
အကယ်၍ 'က' လိုင်စင်ဖြင့် ကုန်စည် တင်ဆောင်မည်ဆိုပါက ခွင့်ပြုကြောင်းကို ၂၀၁၃ ခုနှစ်၊
ဒီဇင်ဘာလက ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယာဉ်ပိုင်ရှင်များနှင့် ယာဉ်လုပ်သားများက တောင်းဆိုသောကြောင့် မတ်လ ၃၁ ရက်နေ့ အထိ
ပြင်ဆင်ချိန် သုံးလခန့်ပေးခဲ့သည်။
ဧပြီလ ၁ ရက်နေ့မှ စတင်ခါ ဟိုင်းလပ်ယာဉ် များကို ၎င်းတို့အတွက် သတ်မှတ်ထားသော
နေရာများအထိသာ သွားခွင့်ပြုတော့မည်ဖြစ်သောကြောင့် မတ်လ ၃၀ ရက်နေ့က တိုက်ကြီးမြို့နယ်
နှင့် မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့နှင့် မထသ ဗဟို ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြ
ခြင်းဖြစ်သည်။
"သက်ဆိုင်ရာက သတိပေးနေတာတော့ ကြာပါပြီ။ ဒီတစ်ခါနဲ့ဆို သုံးကြိမ်မြောက်ပါ။ လုံးဝမသွားရ
တော့ဘူးဆိုတော့ ကျွန်တော်တို့ ဘက်က လုပ်သင့်လုပ်ထိုက်တာ လုပ်တဲ့သဘောပါ။ အခု
မှော်ဘီရော၊ တိုက်ကြီးရော ပေါင်းပြီး ဆန္ဒထုတ်ဖော်တာပါ။ အင်အားကတော့ စုစုပေါင်း ရ၀၀ နီးပါး
ရှိပါတယ်။ ဟိုင်းလပ်ယာဉ်တွေက အန္တရာယ်များတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့နောက်မှာ
သူတို့ မိသားစုတွေရှိတယ်။ မီနီဘတ်စ်က အပြောပဲရှိတာ။ ကျွန်တော်တို့ အခြေနေကို
ကျွန်တော်တို့သိတာပေါ့။ သက်ဆိုင်ရာက သေချာစနစ်တကျ ပြင်ဆင်ပြီးမှ လုပ်စေချင်တယ်။
ပြင်ဆင်မှုမရှိဘဲနဲ့ အခုလိုလုပ်တာက တမင်သက်သက် ဒုက္ခပေးသလိုပဲ" ဟု အဆိုပါ
ဆန္ဒထုတ်ဖော်ပွဲတွင်ပါ၀င်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအေးလွင် ကပြောသည်။
တိုက်ကြီးမှ ရန်ကုန်သို့ ပြေးဆွဲနေသော ဟိုင်းလပ်ယာဉ်များကို လှော်ကားလမ်းဆုံတွင်သာ ခရီးစဉ်
ဆုံးရန်သတ်မှတ်ထားသောကြောင့် ယာဉ်မောင်းများက မကျေနပ်ကြသလို ခရီးသည်များလည်း
ကားနှစ်ဆင့်ခန့် ပြောင်းစီးရမည်ဖြစ်သောကြောင့် အဆင်မပြေ နိုင်ကြောင်း ဟိုင်းလပ်ယာဉ်ပိုင်ရှင်
များက ပြောသည်။
"ဟိုင်းလပ်မောင်းလာတာ ၁၀ နှစ်လောက်ရှိနေပြီ။ ဟိုင်းလပ်တွေပြေးဆွဲခွင့် နယ်မြေကန့်သတ်
လိုက်တာတော့ ကြာပြီ။ နောက်ဆုတ်ရင်း နောက်ဆုတ်ရင်းနဲ့ ဒီအချိန်ထိရောက်လာတာပေါ့။
မီနီဘတ်စ်အစားထိုးဖို့ ကိစ္စကတော့ အုံနာပိုင်းနဲ့ ဆိုင်တယ်။ အုံနာတွေက မီနီဘတ်စ်ကို
မဝယ်နိုင်လို့ အခုလိုမျိုး ဆန္ဒထုတ်ဖော်တာပါ။ ကျွန်တော်တို့ရော၊ ခရီးသွားတွေရော အခက်အခဲ
တော့ရှိတယ်။ စားဝတ်နေရေးလည်း ကျပ်တည်းသွားနိုင်တယ်။ ဟိုင်းလပ်ယာဉ်မောင်း
တစ်ယောက်က တစ်နေ့ကို ကျပ် ၈,၀၀၀ ကနေ ၁၀,၀၀၀ ကြားရပြီးတော့ ယာဉ်ပိုင်ရှင်တွေကတော့
တစ်နေ့ကို ကျပ် ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ထိ အများဆုံးရပါတယ်"ဟု ယာဉ်မောင်း ကိုထွန်းအောင်
ကပြောသည်။
မီနီဘတ်စ်များကို အစားထိုးရန်အတွက် မထသ(ဗဟို)က ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ
ကိုရီးယားကား တစ်စီးလျှင် ကျပ်သိန်း ၃၈၀ နှင့် ဂျပန်ကားတစ်စီးလျှင် ကျပ် ၄၀၈ သိန်းခန့်ကို
နှစ်နှစ်အတွင်း အရစ်ကျစနစ်ဖြင့် ၀ယ်ယူရန် ကမ်းလှမ်းထားသော်လည်း အဆိုပါ ငွေကြေးကို
မတတ်နိုင်ဘဲ လက်ရှိ မောင်းနှင်နေသော ဟိုင်းလပ်ယာဉ်များကသာ ၎င်းတို့အတွက်
အဆင်ပြေကြောင်း ယာဉ်ပိုင်ရှင်များကပြောသည်။
"ကျွန်တော်တို့က ဘယ်ပုံစံနဲ့ ဘယ်ငွေရှာပြီးတော့ မီနီဘတ်စ်ကို ၀ယ်ရမလဲ။ သူတို့လုပ်နိုင်တယ်
ဆိုရင် သူတို့ကိုယ်တိုင် ကုမ္ပဏီထောင် ပြီးလာဆွဲလို့ ပြောချင်ပါတယ်။ သက်ဆိုင်ရာ
အထက်လူကြီးတွေက အောက်ခြေအထိ ကွင်းဆင်းလေ့လာသင့်တယ်။ မထသ ပြောနေတာချည်း
ပဲ မယုံသင့်ဘူး။ ကျွန်တော်တို့ ယာဉ်တွေက ကြံ့ခိုင်ပါတယ်။ ပြုပြင် ထိန်းသိမ်းမှု စရိတ်လည်း
နည်းတယ်။ စီအင်န်ဂျီ နည်းနည်းပဲသုံးပြီး ၂၄ နာရီလုံးလုံး သယ်ယူပို့ဆောင်ပေးနိုင်တယ်။
ပြုပြင်ထိန်း သိမ်းစရိတ်လည်း နည်းတယ်။ အခုက လွတ်လပ် စွာစီးပွားရှာခွင့်ကို ပိတ်ဆို့ထားသလို
ဖြစ်နေပါတယ်။ 'ခ' ခရီးသည်တင်ယာဉ်များကို စည်ပင်သာယာ နယ်နိမိတ်အတွင်း လွတ်လပ်စွာ
စီးပွားရှာနိုင်ခွင့်ပြုရေး လိုလားပါတယ်" ဟုတိုက်ကြီးမြို့နယ် အောင်တံခွန် မော်တော်ယာဉ်
အသင်းဝင် ယာဉ်ပိုင်ရှင် ဦးကင်လင်းက ပြောသည်။
"တိုက်ကြီးဘက်ကကားတွေက လှော်ကားအထိပဲ သွားခွင့်ပြုထားတဲ့အတွက် ခရီးသွားတွေက
ကားနှစ်ဆင့်စီးရမှာ ဖြစ်ပါတယ်။ ခရီးသွားတွေက မစီးချင်ကြဘူးဆိုရင် စီးပွားရေးလုပ်ငန်းကို
ထိခိုက်လာမယ်။ ကျွန်တော်တို့ကို သက်သက်မဲ့ဆင်းရဲမွဲတေအောင် လုပ်နေသလိုပါပဲ။ မူလခရီးစဉ်
အတိုင်းပြေးဆွဲမှသာ ခရီးသွားလာရေး အဆင်ပြေမှာဖြစ်ပါတယ်" ဟု ဦးကင်လင်း ကပြောသည်။
"ခုနစ်နာရီနောက်ပိုင်းဆို ကားကြီးတွေက အဆင်မပြေနိုင်ဘူး။ မသေချာတော့ဘူး။ ခရီးသည်တွေ
က များသောအားဖြင့် စော်ဘွားကြီးကုန်းကတစ်ဆင့် စီးတယ်။ ဟိုင်းလပ်တွေက အချိန်မရွေး
စီးလို့ရတယ်။ ဟိုင်းလပ်တွေ မရှိတော့ရင် မြို့ထဲကနေ နောက်ကျမှ အိမ်ပြန်ချင်တဲ့သူတွေအတွက်
အဆင်မပြေနိုင်ဘူး" ဟု မှော်ဘီတွင်နေထိုင်သူ ခရီးသည် တစ်ဦးကပြောသည်။
ဧပြီလ ၁ ရက်နေ့တွင် မထသ(ဗဟို) ဥက္ကဋ္ဌ နှင့် အဖွဲ့က ထောက်ကြံ့တွင် သွားရောက်ကာ
ဟိုင်းလပ်ယာဉ်များ မြို့တွင်းသို့ မဝင်ရန်အတွက် ယာဉ်မောင်းများကို မေတ္တာရပ်ခံခြင်းများ
ပြုလုပ်ခဲ့ပြီး အဆင်ပြေခဲ့ကြောင်းနှင့် ၎င်းတို့ အနေဖြင့်မူ မူလကသတ်မှတ်ထားသည့် အစီအစဉ်
အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က
ပြောသည်။

















