ဟိုင်းလပ်များကို မီနီဘတ်စ် ၄၄ စီးဖြင့် အစားထိုးမည်

ဟိုင်းလပ်များကို မီနီဘတ်စ် ၄၄ စီးဖြင့် အစားထိုးမည်

ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များအတွင်း ပြေးဆွဲလျက်ရှိသည့်
ဟိုင်းလပ်ယာဉ်များနေရာတွင် မီနီဘတ်စ် ၄၄ စီးဖြင့် ဧပြီလ ၁ ရက်နေ့မှ စတင်ပြေးဆွဲသွားမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ ့ထုတ်ပြန်ချက်အရ သိရသည်။

စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့တွင်း ၃၃ မြို့နယ်တွင် ပြေးဆွဲပေးလျက်ရှိသည့်
ဟိုင်းလပ်ယာဉ်များနေရာတွင် ပြည်ပမှတင်သွင်းလာသည့် မီနီဘတ်စ်ယာဉ်များဖြင့် အစားထိုး
စီမံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

လက်ရှိ ဟိုင်းလပ်ယာဉ်များသည် မြို့တော်အင်္ဂါရပ်နှင့်ကိုက်ညီမှုမရှိသည့် အပြင် ခရီးသည်များ
အတွက် လုံခြံုစိတ်ချရမှုမရှိခြင်း၊ ခရီးသည်အပိုတင်ဆောင်မှုများကြောင့် သတ်မှတ်ချက်နှင့်
ကိုက်ညီမှုမရှိခြင်း တို့ကြောင့်ဖြစ်ပြီး၊ ဟိုင်းလပ်ယာဉ်များအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာ
နယ်နိမိတ် အတွင်းပြေးဆွဲမည်ဆိုပါက ကုန်တင်ဆောင်မှုလိုင်စင် ပြောင်းလဲလျှောက်ထားရမည်
ဖြစ်သည်။

နယ်မြို့များတွင်လည်း ခရီးသည်တင်ယာဉ် အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

"ဟိုင်းလပ်ယာဉ်တွေအစား မီနီဘတ်စ်တွေ အစားထိုးပေးသွားတာ ကောင်းပါတယ်။ တချို့
ဟိုင်းလပ်ယာဉ်တွေဆိုရင် ပြီးခဲ့တဲ့ လလောက်ကတည်းက လိုင်းပေါ်မှာ မရှိတော့ဘူး။
တောင်ဥက္ကလာပကနေ မြေနီကုန်းကိုသွားတဲ့ ၁၆၇ ဟိုင်းလပ်ယာဉ်ဆိုရင် ပြီးခဲ့တဲ့လ တတိယပတ်
လောက်ကစပြီး ဟိုင်းလပ်နဲ့ မီနီဘတ်စ်တွေ မျှဆွဲတာတွေရှိတယ်။ တာမွေအဝိုင်းဘက်မှာတော့
၃၈၊ ၁၀၇ ဟိုင်းလပ်ယာဉ်တွေလည်း ဒီလိုပဲမျှဆွဲတာတွေ တွေ့ရတယ်" ဟု တာမွေမြို့နယ်နေ
ဘတ်စ်ကားခရီးသည် ကိုတင်ထွန်းဝင်းက ပြောသည်။

ဟိုင်းလပ်ယာဉ်လိုင်းများနေရာတွင် အစားထိုးပြေးဆွဲပေးမည့် မီနီဘတ်စ်ယာဉ် ၄၄ စီးမှာ
သက်ဆိုင်ရာမှ လုပ်ငန်းလိုင်စင် ခွင့်ပြုချက်ရရှိထားသည့် ယာဉ်များဖြစ်သည်။

အစားထိုးဖြည့်တင်းပေးရာတွင် အမှတ်(၃) ယာဉ်လိုင်းတွင် နှစ်စီး၊ အမှတ်(၅၄)ယာဉ်လိုင်းတွင်
ငါးစီး၊ အမှတ်(၁၀၇)ယာဉ်လိုင်းတွင် ခုနစ် စီး၊ အမှတ်(၂၂၁)ယာဉ်လိုင်းတွင် နှစ်စီး၊ အမှတ် (၁၀၅)
ယာဉ်လိုင်းတွင် တစ်စီး၊ အမှတ်(၂၀၅) ယာဉ်လိုင်းတွင် တစ်စီး၊ အမှတ် (၁၀၉) ယာဉ်လိုင်းတွင်
တစ်စီး၊ ရှေ့ဆောင် မော်တော်ယာဉ်လိုင်းတွင် နှစ်စီး၊ အမှတ် (၁၆၇) ယာဉ်လိုင်းတွင် တစ်စီး၊
အမှတ် (၁၈၁) ယာဉ်လိုင်းတွင် နှစ်စီး၊ အမှတ် (၁၃၅) ယာဉ်လိုင်းတွင် တစ်စီး၊ အမှတ် (၁၃၁)
ယာဉ်လိုင်းတွင် နှစ်စီး၊ အမှတ် (၁၃၂) ယာဉ်လိုင်းတွင် နှစ်စီး၊ အမှတ် (၁၅၂) ယာဉ်လိုင်းတွင်
တစ်စီး၊ ခြင်္သေ့ယာဉ်ကြီး ရွှေရန်ကုန်တွင် တစ်စီးနှင့် စစ်မှုထမ်းဟောင်း(အတွင်း) မီနီဘတ်စ်
ယာဉ်လိုင်းတွင် ၁၃ စီးတို့ကို စီစဉ်ဆောင်ရွက်ပေးထားပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့်
ယာဉ်များကိုလည်း ယာယီပြေးဆွဲ ခွင့်ပြုသွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲနေသည့် ဟိုင်းလပ်ယာဉ်
လိုင်းပေါင်း ၄၆ လိုင်းရှိပြီး အစီးရေ ၈၀၄ စီးရှိကြောင်း မထသဗဟို၏ ထုတ်ပြန်ချက်များ အရ
သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး