ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရေးဆွဲလျက်ရှိသည့် မြို့ပြမြေအသုံးချမှုဇုန်
အတွက် မြို့နယ်များအလိုက် ဆောက်လုပ်သင့်သည့် အဆောက်အအုံ အထပ်အမြင့်
သတ်မှတ်ချက်များကို ပြည်သူများ လက်ခံပါက လွှတ်တော်သို့ တင်သွားမည်ဟု တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
ထိုသတ်မှတ်ချက်များကို ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ အင်ဂျင်နီယာပညာရှင်များနှင့်
လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားများရယူကာ ပြီးစီးပါက အဆိုပါ အဆောက်အအုံ
အထပ်အမြင့်သတ်မှတ်ချက်များကို ပြည်သူလူထုထံ မေလအတွင်း ချပြသွားနိုင်မည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မော်ဦးက
မတ်လ ၃၁ ရက်နေ့က ပြုလုပ်သော မြို့ပြမြေအသုံးချမှုဇုန် ဆွေးနွေးပွဲတွင် ပြောသည်။
"အခုရေးဆွဲထားတယ်ဆိုတာ ဒီလိုမျိုးသတ်မှတ်ထားတယ်၊ သတ်မှတ်ထားတဲ့အတိုင်း
တည်ဆောက်ရမယ်ဆိုပြီး ထုတ်ပြန်ရေးဆွဲထားတာတော့ မဟုတ်ပါဘူး။ ဒီလိုတော့ ဖြစ်သင့်တယ်
ဆိုတဲ့ အမြင်တွေကို ပြောပြတာပါ။ ဒါကြောင့်လည်း အားလုံးရဲ့သဘောထားကို နားထောင်ပြီးတော့
နောက်ဆုံးမှာ ပြည်သူတွေကို ချပြသွားမှာပါ။ မေလထဲမှာ ချပြသွားဖို့ စီစဉ်ထားပါတယ်။ ပြည်သူ
တွေကလည်း လက်ခံပြီဆိုတော့မှ ဒီလိုသတ်မှတ်ရေးဆွဲထားတာတွေကို လွှတ်တော်ကို တင်ပြ
သွားမှာပါ" ဟု ၎င်းကပြောသည်။
မြို့ပြမြေအသုံးချမှုဇုန်တွင် ဇုန် ၁၁ ဇုန် ရေးဆွဲထားပြီး ယင်းဇုန်များသတ်မှတ်ရာ မြို့များတွင်
အဆောက်အအုံ တည်ဆောက်မည့်အမြင့်များကို သတ်မှတ်ခဲ့ခြင်းဖြစ်ကာ အဆောက်အအုံ
အမြင့်ကို အမျိုးအစား ငါးမျိုး ခွဲခြားထားသည်။
ယင်းအထပ်အမြင့် အမျိုးအစားများကို မြို့နယ်နှင့် လမ်းအကျယ်များပေါ်မူတည်ကာ အထပ်
လေးထပ်ထက်မပိုသော အဆောက်အအုံ၊ အထပ်ခြောက်ထပ်ထက်မပိုသော အဆောက်အအုံ၊
အထပ် ၁၂ ထပ်ထက်မပိုသော အဆောက်အအုံ၊ ပင်လယ်ရေမျက်နှာပြင် အထက် ၃၁၇ ပေအထိ
ဆောက်ခွင့်ရသော အဆောက်အအုံနှင့် ပင်လယ်ရေ မျက်နှာပြင် အထက် ၄၁၇ ပေအထိ
ဆောက်ခွင့်ရသော အဆောက်အအုံ အစရှိသဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်။
အထပ်မြင့် ဆောက်လုပ်လိုသူများသည် ဆောက်လုပ်ခွင့်ရှိသည့်မြို့နယ်တွင် ဆောက်လုပ်ခွင့်
ရှိသော်လည်း ယင်းမြို့နယ်၌တည်ဆောက်မည့် အဆောက်အအုံ၏ လမ်းအကျယ်ပေါ်မူတည်ကာ
အဆောက်အအုံအမြင့်ကို ပြောင်းလဲနိုင်သည်။
"ဒီမြို့နယ်ကတော့ အထပ်မြင့်ဆောက်လုပ်ရ တယ်ဆိုပေမယ့် အဆောက်အအုံဆောက်မယ့်
လမ်းကကျဉ်းနေရင် အထပ်မြင့်ဆောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီတော့ အထပ် ၂၀
လောက်အထိ ဆောက်လို့ရမယ့် မြို့နယ်ထဲမှာ လမ်းပေါ်မူတည်ပြီး ၁၅ ထပ်လည်း ဖြစ်နိုင်တယ်"ဟု
ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
အဆောက်အအုံအမြင့် သတ်မှတ်ချက်များကို မြို့ပြမြေအသုံးချမှုဇုန်မြေပုံတွင် အရောင်များဖြင့်
ခွဲခြားသတ်မှတ်ထားပြီး မြို့နယ်အများစုမှာ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ရရှိထား
ကာ ပင်လယ်ရေမျက် နှာပြင်အထက် ၄၁၇ ပေအထိ ဆောက်လုပ်နိုင်မှုမှာ ရန်ကုန်တစ်မြို့လုံး၏
၇၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း အဆိုပါဆွေးနွေးပွဲတွင် တာဝန် ရှိသူများကပြောသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ၃၁၇ ပေ အထိ အဆောက်အအုံဆောက်လုပ်နိုင်မှုသည် ရန်ကုန်
တစ်မြို့လုံးအတိုင်းအတာတွင် တစ်ရာခိုင်နှုန်းခန့်သာရှိပြီး ၁၂ ထပ်ထက်မပိုသော အဆောက်အအုံ
ဆောက်လုပ်နိုင်သည့်နေရာမှာ ၁၂ ရာခိုင်နှုန်းခန့်ဖြစ်ကာ ခြောက်ထပ်ထက်မပိုသော
အဆောက်အအုံများ ဆောက်လုပ်ရန်နေရာမှာ ကိုးရာခိုင်နှုန်းခန့်နှင့် လေးထပ်ထက် မပိုသော
အဆောက်အအုံများ ဆောက်လုပ်နိုင်သည့်နေရာမှာ ရှစ်ရာခိုင်နှုန်းခန့်ဖြင့် အသီးသီးခွဲခြားသတ်မှတ်
ထားခြင်း ဖြစ်သည်။
မြို့ပြမြေအသုံးချမှုဇုန်မြေပုံတွင် အထပ်မြင့်အဆောက်အအုံအမြင့် သတ်မှတ်ချက် ပင်လယ်
ရေမျက်နှာပြင် အထက် ၄၁၇ ပေအထိ ဆောက်လုပ်နိုင်သည့်နေရာကို အနီရောင်ဖြင့် သတ်မှတ်
ထားကာ အများစုမှာ မြို့ပြင်ဒေသများတွင် ဖြစ်သည်။
မြို့လယ်ကောင်ပတ်ဝန်းကျင်၊ ရွှေတိဂုံ ပတ်ဝန်းကျင်နှင့် ဆိတ်ငြိမ်ရပ်ကွက်အဖြစ် သတ်မှတ်ထား
သည့် နေရာများတွင်မူ အထပ်နိမ့်ဖြစ်သည့် လေးထပ်နှင့် ခြောက်ထပ် အဆောက်အအုံများသာ
ခွင့်ပြုထားသည်။
ယင်းမြေပုံတွင် ပင်လယ်ရေမျက်နှာပြင် အထက် ၃၁၇ ပေအထိ အဆောက်အအုံများ
ဆောက်လုပ်နိုင်သည့်နေရာများကို ပန်းရောင်၊ ၁၂ ထပ်ထက်မပိုသော အဆောက်အအုံများ
ဆောက်လုပ်နိုင်သည့်နေရာများကို လိမ္မော်ရောင်၊ ခြောက်ထပ်ထက်မပိုသော အဆောက်အအုံများ
ဆောက်လုပ်နိုင်သည့် နေရာများကို အဝါရင့်ရောင်၊ လေးထပ်ထက်မပိုသောအဆောက်အအုံများ
ဆောက်လုပ်နိုင်သည့် နေရာများကို အဝါနုရောင်တို့ဖြင့် မြို့နယ်များအလိုက် အသီးသီးခွဲခြား
သတ်မှတ်ထားခြင်း ဖြစ်သည်။

















