ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံဘေးတွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းနှင့် တာမွေမြို့နယ်ရှိ
သပိတ်စခန်းတို့ကို သင်္ကြန်မတိုင်မီ ဖျက်သိမ်းပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဆန္ဒပြသူ
များနှင့် ဧပြီလ ၁ ရက်နေ့တွင် ရန်ကုန် မြို့တော်ခန်းမ၌ ညှိနှိုင်းခဲ့ကြသော်လည်း သဘောတူညီမှု
မရရှိခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရ ကိုယ်စား နယ်စပ်ရေးရာနှင့် လုံခြံုရေး ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက
ဆွေးနွေးခဲ့ပြီး ဆန္ဒပြသူများဘက်က ခေါင်းဆောင် ငါးဦးစီတက်ရောက်ခဲ့ကြသည့် ထိုဆွေးနွေးပွဲမှာ
ငါးနာရီကျော် ကြာမြင့်ခဲ့သည်။
တာမွေမြို့နယ်တွင် သပိတ်စခန်းဖွင့် ဆန္ဒပြနေသူများက ၎င်းတို့ပိုင်မြေကို ၀ါ၀ါ၀င်းကုမ္ပဏီက
အစိုးရထံမှ ရယူကာ မြန်မာ့ ဂုဏ်ရောင်အိမ်ရာ ဆောက်လုပ်နေသည်ဟု စွပ်စွဲကန့်ကွက်နေကြခြင်း
ဖြစ်ပြီး မဟာဗန္ဓုလပန်းခြံသပိတ်စခန်းက သူများမှာမူ ၁၉၉၁ ခုနှစ်က ၎င်းတို့ပိုင် သင်္ဃန်းကျွန်း၊
မိကျောင်းကန်ရပ်ကွက်က မြေကို စစ်တပ်ကသိမ်းယူခဲ့သဖြင့် မြေပြန်ရရေးအတွက် ဆန္ဒပြနေကြ
ခြင်းဖြစ်သည်ဟုဆိုသည်။
ဗိုလ်မှူးကြီးတင်ဝင်းကမူ သပိတ်စခန်းများသည် ပြည်ပ ခရီးသွား အများအပြား လာရောက်ရာ
နေရာတွင် ရှိနေသဖြင့် 'တိုင်းပြည်သိက္ခာကို ထိပါးနေ'သောကြောင့် ပိတ်သိမ်းပေးရန် မေတ္တာရပ်ခံ
ခဲ့သည်။
သို့သော် သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြသူများဘက်ကမူ 'တိကျ ရေရာသော ကတိ' မရမချင်း
သပိတ်ကို ရုပ်သိမ်းဦးမည်မဟုတ် ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။
"အသက်တစ်ချောင်းနဲ့ ကျည်တစ်တောင့် လဲချင်လဲလိုက်ကြပါ။ ကျွန်တော်တို့ကတော့ ဒီတစ်ခါ၏
သပိတ်စခန်းတွေ မဖျက် နိုင်တော့ပါဘူး"ဟု မိကျောင်းကန်ရပ်ကွက် မြေပြန်ရရေး ဆန္ဒပြနေသူများ
၏ခေါင်းဆောင် ဦးစိန်သန်းက ပြောသည်။
၎င်းတို့သည် ယခင်ကလည်း အစိုးရဘက်နှင့် ဆွေးနွေးပြီး သပိတ်စခန်းကို ရုပ်သိမ်းခဲ့ဖူးသော်လည်း
အမှန်တကယ်ရလဒ် မထွက်ခဲ့သဖြင့် ယခုကဲ့သို့ အဆုံးစွန်အထိ ပြင်ဆင်ထားခြင်း ဖြစ်သည်ဟု
ပြောသည်။
ဗိုလ်မှူးကြီးတင်ဝင်းကမူ "ကျွန်တော်တို့အနေနဲ့ ဥပဒေကြောင်းအရ ထိန်းကွပ်ဖို့ရှိတယ်။ ဒါကို
ဆက်လက်လုပ်ဆောင် သွားမယ်"ဟု ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြောသည်။
၎င်းတို့ပိုင်မြေပေါ်တွင် ၀ါ၀ါ၀င်းကုမ္ပဏီက မြန်မာ့ဂုဏ်ရောင် အိမ်ရာ ဆောက်လုပ်ထားသည်ဟု
ဆိုကာ တာမွေမြို့နယ်ရှိ ထိုအိမ်ရာရှေ့တွင် သပိတ်စခန်းဖွင့်ထားသူများက ဦးစိန်လွင် အစိုးရ
လက်ထက်ကတည်းက ရရှိထားသော ၎င်းတို့၏ မြေပိုင် ဆိုင်မှု အထောက်အထားများကို ပြသခဲ့
ကြသည်။
ဗိုလ်မှူးကြီးတင်ဝင်းကလည်း ၀ါ၀ါ၀င်းကုမ္ပဏီနှင့် ဆန္ဒပြနေ သူများအကြား လာမည့်ရက်သတ္တပတ်
အတွင်း တွေ့ဆုံကာ ကြားဝင်ညှိနှိုင်းပေးမည်ဟု ကတိပြုခဲ့သော်လည်း လျော်ကြေး မည်မျှရမည်၊
မြေပိုင်ဆိုင်မှုမည်သို့ ခွဲဝေမည်ကိုမူ တာဝန်မယူနိုင်ကြောင်း သပိတ်မှောက်သူများကို အသိပေးခဲ့
သည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး သက်နိုင်က မိကျောင်း ကန်မြေပေါ်တွင် စစ်တပ်အရာရှိ
ဟောင်းများအတွက် အိမ်ရာ ဆောက်လုပ်ပေးရန် စီစဉ်ထားပြီးဖြစ်သဖြင့် မြေပြန်လည် မစွန့်လွှတ်
နိုင်ကြောင်းသာ ပြောကြားခဲ့သည်။
"သေချာခိုင်လုံတဲ့ အချက်အလက်တွေ၊ နစ်နာကြေးတွေ မရဘဲနဲ့တော့ သပိတ်စခန်းကို ရုပ်သိမ်းမပေးနိုင်ပါဘူး"ဟု မြန်မာ့ဂုဏ်ရောင်သပိတ်စခန်းမှ ဒေါ်မြင့်မြင့်သိန်းက ပြောသည်။
မိကျောင်းကန်အရေးဆန္ဒပြသူများသည် ယခုအကြိမ်နှင့် ဆိုလျှင် ဆန္ဒပြသည်မှာ ၁၀ ကြိမ်တိုင်ပြီ
ဖြစ်သလို မြန်မာ့ဂုဏ်ရောင်အရေး ဆန္ဒပြသူများသည်လည်း သပိတ်စခန်း ဖွင့်ထားသည်မှာ
ရက်ပေါင်း ၆၀ ကျော်ပြီဖြစ်သည်။
















