ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ခရီးသည်တင်ဟိုင်းလပ်ယာဉ်များ ပြေးဆွဲခွင့်ကို
ဧပြီလ ၃၀ ရက်နေ့အထိ တိုင်းဒေသကြီးအစိုးရက တိုးမြှင့် ပေးလိုက်သော်လည်း အဆိုပါကာလမှာ
လုံလောက်မှု မရှိသေးကြောင်း ယာဉ်ပိုင်ရှင်များနှင့် ယာဉ်လုပ်သားများက ပြောသည်။
"မီနီဘတ်စ်တွေ ပြောင်းလဲပြေးဆွဲဖို့ အချိန်က တစ်လဆိုရင်တော့ လုံလောက်မှုမရှိပါဘူး။
ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့ လိုချင်တာက အများပြည်သူလူထုအတွက်
ထိရောက်တဲ့စနစ်ပါ။ ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ဆန္ဒဖော်ထုတ်ခြင်းသာဖြစ်ပါတယ်။
ဒီတစ်လမှာပဲပေးပြီး နောက်လတွေ ဆက်မပေးဘူးဆိုရင်လည်း ဥပဒေဘောင်အတွင်းက
လွတ်လပ်စွာ စီးပွားရှာခွင့်ကိုဆက်ပြီး အကောင်အထည်ဖော်မှာပါ။ မထသက ပြောတဲ့အတိုင်း
သက်ဆိုင်ရာကို စာတင်မယ်။ အဲဒါကို ဘာမှလုပ် မပေးခဲ့ရင်တော့ လိုအပ်ချက်တွေကို ဆက်လက်
ဆန္ဒထုတ်ဖော်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ပြေးဆွဲခွင့်ပေးထားတဲ့ ဧပြီလအတွင်းမှာတော့ ဆန္ဒပြမှာ
မဟုတ်ပါဘူး"ဟု အောင်တံခွန်ယာဉ်လိုင်းမှ ဒုတိယဥက္ကဋ္ဌ ဦးကင်လင်းက ပြောသည်။
ခရီးသည်တင်ဟိုင်းလပ်ယာဉ်များ စည်ပင်သာယာနယ်နိမိတ်အတွင်း ပြေးဆွဲခွင့်ကို မတ်လ ၃၁
နောက်ဆုံးထား ကန့်သတ်လိုက်ခြင်းကြောင့် မတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တို့တွင်
ယာဉ်ပိုင်ရှင်များနှင့် ယာဉ်လုပ်သားများမှ ဆန္ဒပြခဲ့ကြသည်။
ဧပြီလ ၁ ရက်နေ့တွင် မထသ (ဗဟို)ဥက္ကဋ္ဌက ထောက်ကြန့်၊ ရွှေညောင်ပင်လမ်းဆုံတွင်
သွားရောက်ကာ ဟိုင်းလပ်ယာဉ်များ သတ်မှတ်လမ်းကြောင်းအတိုင်းသာ ပြေးဆွဲရန် မေတ္တာရပ်ခံမှု
များပြုလုပ်ခဲ့သည်။
ယာဉ်လုပ်သားများ၏ တောင်းဆိုမှုကြောင်မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ရန်ကုန်တိုင်း
ဒေသကြီး အစိုးရထံ ပြန်လည်တင်ပြခဲ့ပြီး ဧပြီလ ၃၀ ရက်နေ့အထိ ပြေးဆွဲခွင့်ပြုခဲ့သည်။
ယာဉ်ပိုင်ရှင်များအနေဖြင့် မီနီဘတ်စ်များကို မလိုလားခြင်းမှာ မီနီဘတ်စ်လဲလှယ်ရန်ငွေ
မတတ်နိုင်ခြင်းကြောင့် တစ်ကြောင်း၊ စီအင်န်ဂျီ မလောက်ငမည်ကို စိုးရိမ်ခြင်းကြောင့်တစ်ကြောင်း
နှင့် စီအင်န်ဂျီတပ်ဆင်ပေးရာတွင် ကြန့်ကြာမှုများရှိမည်ကို စိုးရိမ်ခြင်းတို့ကြောင့် မဝယ်ယူလိုခြင်း
ဖြစ်ကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။
ယာဉ်ပိုင်ရှင်အချို့မှာမူ မီနီဘတ်စ်အဖြစ် ပြောင်းလဲပြေးဆွဲရန် ဆန္ဒရှိသော်လည်း အချိန်ကာလကိုမူ
လုံလောက်စွာ ပေးစေလိုကြောင်း ပြောသည်။
"အပြောင်းအလဲတစ်ခု ရှိလာရင် အဲဒီအပြောင်းအလဲမှာ ကျွန်တော်တို့လည်း လိုက်ရမှာတော့
မှန်တယ်။ ဒါပေမဲ့ အချိန်ကာလတစ်ခုတော့ ပေးဖို့လိုတယ်။ တစ်နှစ်ဖြစ်စေ၊ တစ်နှစ်ခွဲဖြစ်စေပေါ့။
အရစ်ကျစနစ်နဲ့ ၀ယ်ရင်လည်း တစ်လကို ကျပ် ရ၀၀,၀၀၀ လောက်ပဲ ၀င်ငွေရှိတော့ မီနီဘတ်စ်ကို
အရစ်ကျဝယ်ဖို့ တစ်လကို ကျပ် ၁၁ သိန်းသွင်းရမယ်ဆိုရင် ကျန်တဲ့ ပိုက်ဆံကို အတိုးနဲ့ တခြားက
ယူရမယ်။ အဆင်မပြေဘူး။ အခက်အခဲဆိုတာ အပြောင်းအလဲတစ်ခုမှာ ဖြစ်လေ့ဖြစ်ထရှိတယ်
လို့တော့ ယူဆတယ်။ ဒါပေမဲ့ အချိန်လိုတယ်။ ကျွန်တော်တို့လည်း ၂၄ နာရီ တာဝန်ထမ်းဆောင်ခဲ့
တာပဲ။ စည်းကမ်းဖောက်ဖျက်မှုတွေလည်းရှိခဲ့ပါတယ်" ဟု ရွှေရန်ကုန်ယာဉ်လိုင်းမှ ကိုကျော်ကို
ကပြောသည်။
မထသ(ဗဟို) အနေဖြင့်မူ တိုင်းဒေသကြီး အစိုးရက ညွှန်ကြားချက်အတိုင်းသာ ဆောင်ရွက်ရခြင်း
ဖြစ်သည့်အတွက် တိုးမြှင့်ပေးလိုက်သော အချိန်ကာလကို ယာဉ်ပိုင်ရှင်များနှင့် ယာဉ်လုပ်သားများ
မှမကျေနပ်ပါက သက်ဆိုင်ရာသို့ စာတင်နိုင်ကြောင်း ပြောသည်။

















