ယမန်နှစ်က ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ကားပါကင်များတွင်
ယာဉ်ရပ်နားခ ကောက်ခံမှုကို ရပ်နားထားခဲ့သော်လည်း ၂၀၁၄၁၅ ဘဏ္ဍာနှစ်တွင် ပြန်လည်
ကောက်ခံနေပြီဖြစ်သည်။
"ကျွန်တော်တို့ကို ယာဉ်ရပ်နားခ ကောက်ခံခွင့်အတွက် ဧပြီ ၁ ရက်နေ့က တရားဝင်ပြန်လည်
ချထားပေးခဲ့တာပါ။ ယာဉ်ရပ်နားခ အတွက်ကတော့ အရင်နှုန်းထားအတိုင်း တစ်နာရီကို
ကျပ် ၂၀၀ ပဲ"ဟု ကျောက်တံတားမြို့နယ်တွင် ယာဉ်ရပ်နားခကောက်ခံပေးနေသူ ၀န်ထမ်း
အမျိုးသားတစ်ဦးက ပြောသည်။
"ကျွန်တော်တို့ မနက်တစ်ခါ၊ ညနေတစ်ခါ စာရင်းကောက်ယူပါတယ်။ ခဏသာ ရပ်နားတဲ့
ကားတွေကတော့ တစ်နာရီ ကျပ် ၂၀၀ နှုန်းပေး ရမှာဖြစ်ပြီး တစ်နာရီထက်ပို ရပ်နားခဲ့ရင်
နာရီကျော်ကြေး ပေးရမှာဖြစ်ပါတယ်။ တစ်နေကုန် အမြဲတမ်းရပ်ထားတဲ့ ကိုယ်ပိုင်ကားတွေ၊
ကုမ္ပဏီ ကားတွေလိုမျိုးကိုတော့ စာရင်းနဲ့တကွ ပိုင်ရှင်ကို ဆက်သွယ်ပြီး လပေးစနစ်နဲ့
ကောက်ခံနိုင်ဖို့ ညှိနှိုင်းပါ့မယ်။ ဥပမာ တစ်လလုံး သူတို့ရပ်နားထားတဲ့ နာရီပေါင်းရဲ့ ပျမ်းမျှနှုန်းထား
ကို ပေးဆောင်ရမှာမျိုးပေါ့"ဟု ၎င်းက ပြောသည်။
မြို့တော်စည်ပင်က ၂၀၁၃၁၄ ဘဏ္ဍာနှစ်မှ စတင်၍ ကန့်သတ်ဇုန်များတွင် ကားရပ်နားမှုများကို
အခမဲ့ရပ်နားခွင့် ပြုတော့မည်ဖြစ် ကြောင်း ကြေညာခဲ့ပြီး လုပ်ငန်းရှင်များထံ ကားရပ်နားခ
ကောက်ခံရန် ပေးအပ်ထားသည့် လုပ်ငန်းလိုင်စင်များကို ပြန်လည်အပ်နှံရန် ညွှန်ကြားခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်မှ တာဝန်ရှိသူတစ်ဦးကမူ ကော်မတီသည် ယမန်နှစ်က စင်္ကြံန်ပြုပြင်မှုများ
ကြောင့် ကားရပ်နားရန် အခက်တွေ့သဖြင့် ရပ်နားခ ကင်းလွတ်ခွင့်ပေးခဲ့ခြင်းသာဖြစ်ပြီး ယခု
ပြင်ဆင်မှုများ ပြီးစီးပြီ ဖြစ်သဖြင့် ပုံမှန်အတိုင်း ပြန်လည်ကောက်ခံခြင်းသာ ဖြစ်ကြောင်းပြောသည်။
"အရင်နှစ်က ကားရပ်နားဖို့ လမ်းတိုးချဲ့ပြီး နေရာဖော်ဆောင်တာတွေ၊ စင်္ကြံန်ပြုပြင်တာတွေကြောင့်
ကားရပ်နားဖို့တွေလည်း အခက်အခဲရှိခဲ့တယ်။ ဒါကြောင့် ကားရပ်နားခ ကောက်ခံတာကိုလည်း
မလုပ်တော့ဘဲ လွှတ်ပေးလိုက်တယ်"ဟု ၎င်းက ပြောသည်။
















