နေပြည်တော်၌ သုံးရက်ကြာ ကျင်းပခဲ့သော မြန်မာ့ဒီမိုကရေစီဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲသို့ အစိုးရဌာနဆိုင်ရာများ၊ နိုင်ငံရေး၊ ပညာရေး၊ မီဒီယာ၊ လူထုအဖွဲ့အစည်းနှင့် လူနည်းစုတိုင်းရင်းသားအဖွဲ့များမှ ကိုယ်စားလှယ် ၅ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။ပါဝင်တက်ရောက်လာသူများ၊ အကျိုးစီးပွားဆက်စပ်နေသူများ အားလုံး၏ အမြင်များကို ကြားသိနိုင်သလို၊ မိမိ၏ အယူအဆများကိုလည်း အပြန်အလှန်ဖလှယ်နိုင်ကြသဖြင့် ယင်းသုံးသပ်ဆွေးနွေးပွဲမှာ အလွန်ပင် ထူးခြားကောင်းမွန်လှသည့် အတွေ့အကြုံဖြစ်သည်။ ပြည်တွင်းပြည်ပ ဦးဆောင်ဆွေးနွေးသူများနှင့် ပရိသတ်အကြားအပြန်အလှန် မေးမြန်းဆွေးနွေးမှုများမှာလည်းလှုပ်ရှားသက်ဝင်လှသည်။
တုံ့ပြန်မှုများနှင့် ရလဒ်များအပေါ် အခြေခံဆန်းစစ်ကြည့်လျှင် ဆွေးနွေးပွဲသည် တက်ရောက်လာသူများကို မြန်မာ့လူ့အဖွဲ့အစည်း၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ကောင်းမွန်စွာ အသိပေးနိုင်ခဲ့ပြီး လွန်စွာ အကျိုးရှိသော ဆွေးနွေးပွဲဖြစ်သည်။ အစိုးရအရာရှိများမှာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ အယူအဆကို လေ့လာခွင့်ရကြသည်။ ထိုနည်းတူစွာပင် အပြန်အလှန်အားဖြင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း အစိုးရအရာရှိများ၏ အမြင်ကို လေ့လာခွင့် ရခဲ့ကြသည်။ မေးခွန်းမေးရန် ရှည်လျားစွာ တန်းစီနေသော ပရိသတ်ကြီးကို ကြည့်ခြင်းအားဖြင့် တိုင်းပြည်၏အရေးတွင် ပြည်သူအများ၏စိတ်အားထက်သန်၊ စိတ်ဝင်စားမှုတို့ ကြီးမားကြောင်း အထင်အရှား တွေ့မြင်ရသည်။ စိတ်ဝင်စားစရာ အများအပြားအနက် စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ အစိုးရ အရာရှိများကို ပြည်သူများက တိုက်ရိုက်မေးခွန်းထုတ်နိုင်ခဲ့ခြင်းပင် ဖြစ်၏။
အဆိုပါဖိုရမ်ကို လေ့လာကြည့်လျှင် အစိုးရအနေဖြင့် ပြည်သူတို့ကို ပုံမှန်သတင်းအချက်အလက်များ ပိုမိုဖြည့်ဆည်းပေးရန်လိုအပ်သည်ဟူသောအချက်မှာ သိသာထင်ရှားလှသည်။ အစိုးရအရာရှိကြီးများ၊ တပ်မတော်အရာရှိကြီးများ၏ ဆွေးနွေးချက်များကို နားထောင်ပြီးနောက် ပရိသတ်မှာ တိုင်းပြည်၏ လုံခြုံရေး၊ စည်ပင်ဝပြောရေးတို့အတွက် ၄င်းတို့ထမ်းဆောင်နေရသည့် ကြီးလေးသည့် တာဝန်များကို နားလည်သဘောပေါက်လာရသလို မှန်ကန်သည့် လမ်းကြောင်းဆီသို့ သွားနေသည့် အရွေ့ကိုလည်းသုံးသပ်ရှုမြင်လာနိုင်ကြမည်ဖြစ်သည်။အကြောင်းရင်းမှာ မတူကွဲပြားသည့် အမြင်များနှင့်လူအများအပြား တက်ရောက်ဆွေးနွေးသည့်ယခုကဲ့သို့ဖိုရမ်မျိုးကို လွတ်လပ်မှုရှိပြီးဒီမိုကရေစီကျသော နိုင်ငံများတွင်သာ ကျင်းပနိုင်ခြင်းကြောင့်ဖြစ်သည်။
သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ဖြန့်ချိနိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်များက လူထုကို အချိန်မှန် သတင်းအချက်အလက်များ ချပြပေးနိုင်မည့် မီဒီယာမဟာဗျူဟာတစ်ရပ် လိုအပ်သည်။လက်ရှိအချိန်အထိမူ နိုင်ငံတော်အစိုးရသည်လွတ်လပ်ပြီး အမှီအခိုကင်းသော မီဒီယာကိုအပြည့်အဝ အသုံးချနိုင်ခြင်း မရှိသေးချေ။
ဥပမာအားဖြင့် ယမန်နှစ် ဧပြီလမှ စတင်၍ အာဏာရလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို အများစုကြီးသော လူထုက သိရှိကြခြင်း မရှိပေ။ ထိုအချက်မှာ ပြည်သူများက အစိုးရ၏ စွမ်းဆောင်မှုကို အဘယ့်ကြောင့် အပြည့်အဝ နားမလည်ကြသလဲဟူသော မေးခွန်းအတွက် အဖြေဖြစ်သည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ တွေ့ကြုံရမည့် စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ ပြည်သူတို့ကို မိန့်ခွန်းများ မကြာခဏ ပြောကြားလျက်ရှိသည်။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ပြိုင်တည်း ကိုင်တွယ်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးချယ်မှု လမ်းကြောင်းသည် တည်ငြိမ်၊ တိုးတက်ရန်လိုအပ်ချက်မြင့်မားနေသည့် မြန်မာနိုင်ငံအတွက်မှန်ကန်သည့် လမ်းကြောင်းပင် ဖြစ်သည်။သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများနှင့်စပ်လျဉ်းသော သတင်း၊ အချက်အလက်များ လွယ်လင့်တကူ မရရှိနိုင်ခြင်းက အင်န်အယ်လ်ဒီအစိုးရ၏ စွမ်းဆောင်မှုကို အကဲဖြတ်ရန်မလုံလောက်သည့် အခြေအနေတစ်ရပ်ကိုဖြစ်ပေါ်စေသည်။
မြန်မာနိုင်ငံတွင် ထိရောက်သည့် မီဒီယာမဟာဗျူဟာများချမှတ်ရန် အရေးတကြီးလိုအပ်လျက်ရှိသည်။ တိုင်းပြည်၏ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုများကို အလုံးစုံ၊ တိကျစွာ အစီရင်ခံနိုင်ရေးအတွက် သတင်းဖြစ်စေသူနှင့် သတင်းသမားတို့အကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ရန် လိုသည်။ သတင်းအချက်အလက်၊ မြေပြင်ပကတိအခြေအနေများကို လက်လှမ်းမီနိုင်ခြင်းက အပြန်အလှန် နားလည်မှုကိုပိုမိုရရှိစေမည်ဖြစ်သကဲ့သို့ သတင်းအမှားရန်မှလည်း အကာအကွယ်ပေးနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂ဝ၁၁ ခုနှစ်ကတည်းကပင် နိုင်ငံတကာအသိုင်းအဝိုင်းသို့ တံခါးဖွင့်ပေးခဲ့ပြီဖြစ်ကာ အရောင်စွန်းထင်းပြီး မှေးမှိန်ခဲ့သည့် မကောင်းသော အတိတ်ပုံရိပ်မှသည် ကိုယ်တိုင်လာရောက်ကြည့်ရှုပြီး၊ လက်တွေ့ပကတိအခြေကို ကိုယ်တိုင်ကိုယ်ကျ သုံးသပ်ရမည့် အနေအထားတစ်ခုသို့ ပြောင်းလဲလာသည်။ပညာရှင်ဆန်မှုကို အခြေခံလျက် အစိုးရနှင့်မီဒီယာအကြား အပြန်အလှန် ယုံကြည်မှုပိုမိုထားရှိခြင်း၊ ထိတွေ့ဆက်ဆံမှုများ ပိုမိုပြုလုပ်ခြင်းအားဖြင့် သတင်းအချက်အလက်များ ပိုမိုလွတ်လပ်စွာ စီးဆင်းကာ အားလုံးအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်။
မြန်မာ့ပုံရိပ်ကို ကျယ်ပြန့်ထွန်းကားအောင် ဖော်ထုတ်လိုလျှင် အစိုးရအနေဖြင့် မီဒီယာနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုသည်။ ပြည်တွင်းက အစီရင်ခံချက်များ၊ လေ့လာဆန်းစစ်မှုများ လုံးဝပျောက်ဆုံးနေလျှင် လူမှုကွန်ရက်များမှတစ်ဆင့် နိုင်ငံတကာပုံရိပ်များက မြန်မာ့ပုံရိပ်ကို မလွဲမသွေ လွှမ်းမိုးမည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုံလင်ပြီး ဗဟုယဉ်ကျေးမှု ထွန်းကားရာ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အလျောက် မြန်မာနိုင်ငံ၏ အနာဂတ်ပုံရိပ်ကို ဖော်ဆောင်ရာ၌ မီဒီယာ၏အခန်းကဏ္ဍကို ယခုထက် ပိုမိုခွင့်ပြုပေးရန်လိုအပ်မည် ဖြစ်ပေသည်။
















