အကြမ်းဖက်တိုက်ခိုက်ခံရမှုများနှင့် ကာလုံခေါ်ယူရေး

အကြမ်းဖက်တိုက်ခိုက်ခံရမှုများနှင့် ကာလုံခေါ်ယူရေး

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များ ပိုမိုပြင်းထန်လာပါက နိုင်ငံတော် လုံခြုံရေးအတွက် အဆင့်အမြင့်ဆုံးဖြစ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးခေါ်ယူကာ ည§ိနှိုင်းဆောင်ရွက်မည်ဟု ယခုလ ၂၉ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်တာဝန်ရှိသူများက ပြောသည်။ 

''အကြမ်းဖက်တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှုဖြစ်စဉ်တွေ ယခုထက်ပိုပြီး ပြင်းထန်လာပါက မိမိနိုင်ငံရဲ့ အနောက်ဘက်လုံခြုံရေးတံခါး ကျိုးပေါက်သွားပြီးတော့ အစွန်းရောက်ဘဂင်ါ္လီ အကြမ်းဖက်အဖွဲ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ လွတ်မြောက်နယ်မြေဖြစ်သွားနိုင်တဲ့အတွက် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူပြီး လိုအပ်သလို ညိ§နှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ဒုတိယတပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်သန်းထွဋ်သိန်းက အထက်ပါသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ 

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပအေရ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့်တပ်မတော်သည် ကာ/လုံအဖွဲ့တွင်လည်း အဓိကပါဝင်နေသည့် အဖွဲ့အစည်းဖြစ်သည်။ 

နိုင်ငံတော်သမ္မတသည် ပြည်သူများ၏ အသက်အိုးအိမ်ကို ထိပါးအန္တရာယ်ပြုမည့်အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင်၊ သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်းသိလျှင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက  တင်ပြပါက အဖွဲ့ဝင် ၁၁ ဦးပါ ကာ/လုံနှင့်  ညိ§နှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်ဟု ၂ဝဝ၈ အခြေခံဥပဒေ၏ ပုဒ်မ ၄၁၂ တွင် ပြဠာန်းထားသည်။ 

ရခိုင်ပြည်နယ် လုံခြုံရေးဆိုင်ရာ အစည်းအဝေးများ၌ တပ်မတော်ဘက်က ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များတွင် အရေးပေါ်အခြေအနေ ကြေညာပြီး ဆောင်ရွက်ရန် အစိုးရထံ တင်ပြထားသော်လည်း ဖြစ်မလာသေးဟု ဗိုလ်ချုပ်သိန်းထွဋ်သိန်းက ပြောသည်။ 

အရေးပေါ်အခြေအနေ ကြေညာနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင်တစ်ကြိမ်မှ ခေါ်ခြင်းမရှိသေးသည့် ကာ/လုံ အစည်းအဝေးကို သမ္မတက ဦးဆောင်ခေါ်ယူပေးရန် တပ်မတော်ဘက်က လိုလားကြောင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။  

ကာ/လုံ အစည်းအဝေးခေါ်ယူခွင့်နှင့် ပတ်သတ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်သူက ဦးဆောင်ခေါ်ယူရမည်ကို အတိအကျဖော်ပြ မထားပေ။ သို့သော် သမ္မတက ကာ/လုံ အဖွဲ့ဝင်များနှင့် ညိ§နှိုင်းဆောင်ရွက်ခွင့်ရှိသည်ဟု ဖော်ပြထားသည့်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် အဖွဲ့ဝင်တစ်ဦးဦးက အဆိုပြုပါကအစည်းအဝေးခေါ်ယူရန် သမ္မတက ဆောင်ရွက်ပေးနိုင်သည်ဟု ဥပဒေရေးရာကျွမ်းကျင်သူများက ဆိုသည်။ ယခင်အစိုးရလက်ထက်တွင် ကာ/လုံ အစည်းအဝေးပေါင်း အကြိမ် ၂ဝဝ ခန့် ပြုလုပ်ခဲ့သည်ကို ယခင်အစိုးရလက်ထက် ကာလုံအဖွဲ့တစ်ဦးထံမှ သိရသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်က ဆိုသည်။ 

တပ်မတော်က ရွေးကောက်တင်မြှောက်ထားသည့် ဒုတိယသမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး နှင့် နယ်စပ်ရေးရာဝန်ကြီးများ ပါဝင်မှုကြောင့်  ကာ/လုံအဖွဲ့တွင်း မဲခွဲ ဆုံးဖြတ်မှုများ ပြုလုပ်ပါက တပ်မတော်ဘက်က အဆိုပြုချက်များ အတည်ပြုရန် အားသာချက်များရှိသည့်အတွက် ကာ/လုံ အစည်းအဝေးကျင်းပရန်   နှောင့်နှေးနေသည်ဟူသည့် ဝေဖန်ချက်များလည်း ရှိနေသည်။  

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီခေါ်ယူခြင်းနှင့်ပတ်သက်ပြီး လူမှုကွန်ရက်နှင့် ပရင့်မီဒီယာများတွင် ဖော်ပြနေသကဲ့သို့မဟုတ်ဘဲ တပ်မတော်သည် နိုင်ငံတော်သမ္မတ၏ဆုံးဖြတ်ချက်အတိုင်းသာ လိုက်နာဆောင်ရွက်ရကြောင်းလည်း တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

''လက်ရှိလူမှုကွန်ရက်မှာရော ပရင့်တက်မီဒီယာမှာရော ကျွန်တော်တို့အပေါ်မှာ မြင်နေတဲ့သဘောကကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့မှာ တပ်မတော်က ခြောက်မဲပါတယ်၊ အရပ်ဘက်ကငါးမဲပဲပါတယ်။ ကာလုံမှာခေါ်ပြီး ဆုံးဖြတ်မယ်ဆိုတော့ တပ်မတော်က လုပ်ချင်ရာလုပ်မယ်ဆိုပြီးတော့ မြင်နေတာတွေရှိတယ်''ဟုဗိုလ်ချုပ်အောင်ရဲဝင်းက ပြောသည်။ 

''တကယ်ကတော့ ဘယ်ဟာကိုပဲ ဆွေးနွေး၊ ဆွေးနွေး နောက်ဆုံးအဆုံးအဖြတ်ကတော့ သမ္မတကြီးပါပဲ။ တပ်မတော်အနေနဲ့ကတော့ လက်ရှိဖြစ်နေတဲ့အနေအထား၊ ဖြစ်သင့်တဲ့အနေအထား၊ ဖြစ်ချင်တဲ့ အနေအထားအားလုံး တင်ပြပြီးဖြစ်ပါတယ်။ ဒီကာ/လုံခေါ်ခြင်းမခေါ်ခြင်းကတော့ အစိုးရ အပေါ်မှာပဲမူတည်ပါတယ်''ဟု ၄င်းက ပြောသည်။ 

အရေးပေါ်အခြေအနေ ကြေညာရမည်ဆိုပါက ထိုဒေသ၏ တည်ငြိမ်ရေးအတွက် တပ်မတော်၏ အကူအညီကို ရယူနိုင်ပြီး လိုအပ်ပါက စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ်ကို ထုတ်ပြန်နိုင်သည်။ ထိုသို့ ထုတ်ပြန်ရာတွင် သမ္မတက  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား အုပ်ချုပ်ရေးနှင့်တရား စီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များကို သတ်မှတ်အပ်နှင်းရမည် ဖြစ်သည်။ 

ပြီးခဲ့သည့်အစိုးရလက်ထက်အတွင်း ရခိုင် ၊ မိတ္ထီလာ နှင့် လောက်ကိုင်ပဋိပက္ခများတွင် အရေးပေါ် အခြေအနေ ကြေညာဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဒေသတည်ငြိမ်ရေး တိုးတက်မှုရှိခဲ့သည်ဟုလည်း တပ်မတော်တာဝန်ရှိသူများကဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး