အဆိုပါ ဦးစီးဌာနက ထုတ်ပြန်ခဲ့သည့် ဧပြီ ၁ ရက်မှ သြဂုတ် ၂၈ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မိုးကြိုးကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရရှိသူများ ထောက်ပံ့မှုစာရင်းအရ မိုးကြိုးကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်သေဆုံးခဲ့သူ အများဆုံးဖြစ်သည်။
စာရင်းများအရ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူ ၁၈ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၂ ဦး၊ တနသင်ာ္ရီတိုင်းဒေသကြီး၊ မန္တလေးဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ခုနစ်ဦးစီ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက်ဦး၊ ရခိုင်ပြည်နယ်တွင် လေးဦး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တွင် သုံးဦးစီ၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် နှစ်ဦးစီ၊ ကယားပြည်နယ်နှင့် နေပြည်တော်တွင် တစ်ဦးစီဖြစ်သည်။
မိုးကြိုးပစ်ခံရ၍ သေဆုံးသူများကို တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်သုံးသိန်းနှုန်းနှင့် ဒဏ်ရာရရှိသူများကိုလည်း ထောက်ပံ့ငွေပေးအပ်ခဲ့သည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောသည်။
အရင်တုန်းကတော့ မိုးကြိုးပစ်တဲ့ဖြစ်စဉ်က မုတ်သုံဝင်တဲ့ အချိန်နဲ့ ထွက်တဲ့အချိန်သာဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာတော့ မိုးကြိုးပစ်တဲ့အခြေအနေက မိုးလယ်ကာလမှာလည်း ဖြစ်လာတယ်။
''အရင်နှစ်တွေကတော သေဆုံးသူစာရင်းပဲ ကောက်ပြီး ဒဏ်ရာရသူတွေကို မကောက်ခဲ့ဘူး။ ဒီနှစ်က စပြီးတော့ ဒဏ်ရာရသူတွေကိုပါ ထောက်ပံ့ပါတယ်'' ဟု ၄င်းက ပြောသည်။
ကောင်းကင် တိမ်တိုက်တစ်ခုနှင့် တစ်ခုကြားတွင် လည်းကောင်း၊ တိမ်တိုက်နှင့် မြေပြင်ကြားတွင် လည်းကောင်း လျှပ်စစ်ဓာတ်ကူးခြင်းကြောင့် မိုးကြီးပစ်ခြင်းဖြစ်ပွားတတ်ပြီး မိုးကြိုကာလ (ဧပြီနှင့် မေလ) နှင့် မိုးနှောင်းကာလ (အောက်တိုဘာနှင့် နိုဝင်ဘာလ) များတွင်း ဖြစ်ပွားတတ်သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးစာအုပ်တွင် ဖော်ပြထားသည်။
''အရင်တုန်းကတော့ မိုးကြိုးပစ်တဲ့ဖြစ်စဉ်က မုတ်သုံဝင်တဲ့အချိန်နဲ့ ထွက်တဲ့အချိန်သာဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာတော့ မိုးကြိုးပစ်တဲ့အခြေအနေက မိုးလယ်ကာလမှာလည်း ဖြစ်လာတယ်။ ဘာကြောင့်လဲဆိုတော့ မိုးရွာသွန်းမှုပုံစံတွေက မူမမှန်တော့ဘူး။ မူမမှန်တော့ မိုးတိမ်တောင်က နေ့တိုင်း ဖြစ်လာနိုင်တဲ့အနေအထားရှိလာတယ်''ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ပူးတွဲညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်မိုးဦးက ယခုလ ၁၂ ရက်တွင် ပြောသည်။
မိုးကြိုးပစ်ခြင်းကိုဖြစ်ပေါ်စေသည့် မိုးတိမ်တောင် ဖြစ်စဉ်များကိုတိုင်းတာရရှိနိုင်ရန် Lighting Sensor ဟုခေါ်သည့် စက်ကိရိယာတစ်မျိုးကို ရန်ကုန်နှင့်မန္တလေးကဲ့သို့နေရာများတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တပ်ဆင်၍ စမ်းသပ်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ၄င်းက ပြောသည်။
''အခုတော့ အဲဒီလို ကိရိယာ ငါးခုလောက်ပဲ တပ်နိုင်သေးတယ်။ ဒါကလည်းကုမ္ပဏီတစ်ခုက အစမ်းသဘောမျိုးနဲ့ပေးထားတယ်။ တစ်နှစ်လောက် တပ်ကြည့်လို့ အဆင်ပြေရင်၊ တကယ်လည်း အကျိုးရှိတယ်ဆိုရင်တော့ အဲဒီပစ္စည်းတွေကို သူတို့ဆီက ဝယ်ပြီးတော့ တပ်ဖို့တော့ရှိတယ်''ဟု ဒေါက်တာကျော်မိုးဦးက ပြောသည်။
မိမိတို့ဒေသ အနီးတစ်ဝိုက်တွင် မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်းတို့ မကြာခဏဖြစ်ပေါ်နေပါက မိုးကြိုးပစ်နိုင်သည့်အန္တရာယ်ရှိပြီးကြိုတင်ကာကွယ်ရန် သံ၊ သတ္တုပစ္စည်းများကို လက်တွင် ကိုင်မထားသင့်ကြောင်း၊ သစ်ပင်၊ ဓာတ်တိုင်နှင့် သံ၊ သတ္တုပစ္စည်းများအနီးတွင်မနေသင့်ကြောင်း၊ ရေကူးကန်၊ ရေကန်၊ မြစ်ချောင်း၊ အင်းအိုင်စသည့်နေရာများတွင် ရှိနေခဲ့လျှင် ရေထဲမှတက်ပြီး လုံခြုံသည့် နေရာ၊ အမိုးအကာရှိသည့်နေရာနှင့် နိမ့်သောနေရာများတွင် နေထိုင်သင့်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးစာအုပ်တွင် ဖော်ပြထားသည်။ မြတ်မိုးအောင်

















