မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေ

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေ

နိုင်ငံတစ်ဝန်း လုံခြုံရေးကို အထူးဂရုပြုကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ သတင်းထုတ်ပြန်ပြီးနောက်တွင် မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် လုံခြုံရေးကို ပိုမိုကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

မန္တလေးခရိုင်အတွင်း လုံခြုံရေးလုပ်ငန်းများကို တိုးမြ§င့်ဆောင်ရွက်နေကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးမျိုးအောင်က မြန်မာတိုင်း(မ်) ကို ပြောသည်။

''အရင်ကထက်တော့ အခုလိုအချိန်က လုံခြုံရေးကို ပိုပြီးတင်းတင်းကျပ်ကျပ် လုပ်ဆောင်နေရတယ်။ မန္တလေးမြို့အဝင်၊အထွက်ဂိတ် ငါးနေရာမှာ အဖွဲ့ပေါင်းစုံ ပူးပေါင်းပြီး စစ်ဆေးနေတာတွေ ရှိတယ်။မြို့ထဲမှာဆိုရင်လည်း ညဉ့်ဦးပိုင်း၊ ညဉ့်နက်ပိုင်းနဲ့ မိုးသောက်ချိန် ခွဲပြီး အထူးကင်းအဖွဲ့၊ ရပ်ကင်း၊ လှည့်ကင်း၊ ဝပ်ကင်းတွေနဲ့ လုံခြုံရေးကို စောင့်ကြည့်နေတယ်။ အခုအချိန်ထိတော့ ထူးခြားတဲ့ အကြောင်းကိစ္စကြီးငယ် မဖြစ်ပါဘူး''ဟု ဒုရဲမှူးကြီးမျိုးအောင်က ယခုလ ၁၂ ရက်က ပြောသည်။

မန္တလေးတောင်တော်တွင် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရန်အတွက်လုံခြုံရေးတိုးမြ§င့် ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတောင်ဂေါပကအဖွဲ့ဥက္ကဠ ဦးသိန်းထွန်းက ပြောသည်။

တောင်တော် လုံခြုံရေးနှင့် ပတ်သက်၍ယခုလ ၉ ရက်က ဘုရားဂေါပက အဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ တောင်တော်အုပ်ချုပ်ရေးဆရာတော်များ၊ သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်းပြီး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။

တောင်တော်လုံခြုံရေးကို လက်ရှိဆောင်ရွက်နေသည့် လုံခြုံရေးအင်အားအပြင် ပရဟိတအဖွဲ့ဝင်များ၊ တောင်တော်တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ယခုလ ၈ ရက်မှ စတင်ကာ နေ့၊ ညမပြတ် လုံခြုံရေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဦးသိန်းထွန်းက ယခုလ ၉ ရက်တွင် ပြောသည်။

''အခု ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်ကလည်း သတိနဲ့နေဖို့ သတင်းထုတ်ပြန်ထားတာကြောင့် ဒါလေးကို အထူးအလေးပြု ဆောင်ရွက်တာပေါ့'' ဟု ဦးသိန်းထွန်းက ပြောသည်။ 

မန္တလေးတောင်တော်တွင် ပြည်တွင်း၊ပြည်ပ ဘုရားဖူး အများဆုံးလာရောက်သည့် ဘိုးဘိုးကြီးနတ်နန်း၊ မြွေကြီးနှစ်ကောင်ရုပ်တု၊ ဆုတောင်းပြည့်ဘုရားများနှင့် မန္တလေး တောင်တက်တောင်ဆင်း လမ်းများတွင် လုံခြုံရေး စီစီတီဗီ ကင်မရာ ၁၁ လုံးတပ်ဆင်ထားကြောင်း၊ ယခင်က တောင်တော်လုံခြုံရေးအင်အား ၄ဝ ကျော်ရှိသော်လည်း ယခု ၁ဝဝ ဝန်းကျင်ခန့်ရှိကြောင်း ဦးသိန်းထွန်းက ပြောသည်။ 

''မန္တလေး တောင်တက် တောင်ဆင်းလမ်းတွေကို ည ၉ နာရီကျော်ရင် ပိတ်ထားပါတယ်။ ညပိုင်းလုံခြုံရေးကို အဖွဲ့ရှစ်ဖွဲ့၊ တစ်ဖွဲ့ကို အင်အား ရှစ်ယောက်လောက်နဲ့ အဓိကကျမယ့် နေရာတွေကို လှည့်ကင်းဆောင်ရွက်ပါမယ်'' ဟု ဦးသိန်းထွန်းက ပြောသည်။

အထက်မြန်မာပြည်တွင် ကုန်စည်လက်လီလက်ကား ရောင်းဝယ်ဖောက်ကားရာ အကြီးဆုံးနေရာတစ်ခုဖြစ်သော မန္တလေး စျေးချိုတော်လုံခြုံရေးအတွက် စိုးရိမ်စိတ်မကြီးမားသော်လည်း ပေါ့ဆမှုမရှိပဲ လုပ်ဆောင်သင့်သောကိစ္စရပ်များကို လုပ်ဆောင်နေကြောင်း စျေးချိုတော် အကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

နိုင်ငံတစ်ဝန်း လုံခြုံရေးကို အထူးဂရုပြုကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ သတင်းထုတ်ပြန်ပြီးနောက်တွင် စျေးသူစျေးသားများကို နှိုးဆော်ထားသည့်အပြင် စျေးချိုတော်အပြင်ဘက်ရှိ အလုပ်သမားများကိုလည်း ထူးခြားသော မသကင်ာ္ဖွယ်ကိစ္စများ တွေ့ရှိပါက သတင်းပေးရန် အသိပေးထားကြောင်း၊ စည်ပင်သာယာ စျေးဌာန၊ စည်ပင်သာယာရဲတပ်ဖွဲ့၊ စျေးအကျိုးတော်ဆောင်အဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ပူးပေါင်းအင်အားဖြင့် လုံခြုံရေးကို စစ်ဆေးနေကြောင်း စျေးအကျိုးတော်ဆောင်အဖွဲ့ ဒုဥက္ကဠ ဦးမြတ်ကျော်ဦးက ပြောသည်။

''ကျွန်တော်တို့ မပေါ့ဆပါဘူး။ ဒါပေမဲ့ စိုးရိမ်စိတ် မကြီးကြဘူး။ မဟုတ်မမှန်သတင်းတွေတင်ရင်လည်း ဖြေရှင်းပေးတယ်။ စျေးပိတ်ပြီးတဲ့အခါလည်း လုံခြုံရေးထားထားတယ်။ပိတ်ချိန်မှာလည်း တစ်နာရီလောက် အချိန်ယူပြီး လုံခြုံရေးစစ်ဆေးပေးပါတယ်။ စျေးသူစျေးသားတွေက စီးပွားရေးလုပ်ကြတဲ့သူတွေဆိုတော့ အခြေအနေတည်ငြိမ်တာကိုပဲ သဘောကျတယ်။ ဒါမျိုးအဖြစ်တွေက ခဏခဏများလာပြီ။မပေါ့မဆပဲ ကြည့်နေရမယ့်ကိစ္စလား၊ ဝင်ပါရမယ့်ကိစ္စလားဆိုတာ ကောင်းကောင်း ခွဲခြားတတ်နေကြပြီလို့ ယုံကြည်ပါတယ်''ဟု ဦးမြတ်ကျော်ဦးက ယခုလ ၁၁ ရက်တွင် ဆိုသည်။

စျေးချိုတော် အကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူးဦးမင်းမင်းက သတင်းတစ်ခုကြားပါက ကောလာဟလဖြစ်စေ အလေးထားကြောင်း၊ စျေးချိုမှာ အဝင်အထွက် များသဖြင့် အဖျက်သမားများ မျက်စိကျနိုင်ကြောင်း၊ စျေးချိုအပြင်ဘက်ရှိ အလုပ်သမားများမှာ အမြဲမပြတ်ရှိနေပြီး လုံခြုံရေးအတွက်ပူးပေါင်းဆောင်ရွက်ပေးကြကြောင်း ပြောသည်။

''လောလောဆယ်ကတော့ စျေးချိုလုံခြုံရေးကို ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်နေရပါတယ်။ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကို အရင်လို လုံခြုံရေးကြပ်မတ်ပေးဖို့ အကူအညီ တောင်းသွားမှာပါ။ စျေးထဲမှာ စီစီတီဗီကင်မရာအလုံး ၈ဝ တပ်ထားပေမဲ့ အားလုံးကိုတော့ မခြုံငုံမိသေးဘူး။ ၂ဝဝ၇ လောက်ကတည်းက တပ်ထားတဲ့ ဒီကင်မရာတွေကို ဒီထက်အရည်အသွေးကောင်းတဲ့ ကင်မရာတွေနဲ့ မကြာခင်ပြောင်းလဲတပ်ဆင်ဖို့ အစီအစဉ်ရှိပါတယ်''ဟု ဦးမင်းမင်းက ယခုလ ၁၂ ရက်တွင်ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အေးချမ်းစွာ ရှိရေးအတွက် ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့ပူးပေါင်းကာ မြို့အဝင်အထွက်ပေါက်များ ပိတ်ဆို့စစ်ဆေး ရှာဖွေမှုများကို လုပ်ဆောင်နေကြောင်း ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

''ဘာသာပေါင်းစုံအဖွဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒီလ ၈ ရက် ညမှာ တွေ့ဆုံကြတယ်။ အဲဒီမတိုင်ခင်မှာလည်း ဆက်သွယ်ကြတာတွေရှိတယ်။ ကျွန်တော်တို့မြို့မှာ ဘာသာကြီးလေးခု အတူယှဉ်တွဲနေထိုင်ကြပေမဲ့ အေးအေးချမ်းချမ်းပါပဲ။ အခြား ဘာပြဿနာမှ မရှိပါဘူး။ချစ်ကြည်ရင်းနှီးကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မြို့ကို တခြားမလိုလားအပ်တဲ့ကိစ္စရပ်တွေ ဆောင်ရွက်ဖို့ အခြားဒေသကလူတွေ လာမှာစိုးလို့ ဒီလ ၈ ရက်ကစပြီးတောက်လျှောက် မြို့ဝင်၊ မြို့ထွက်တွေမှာပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ လုပ်နေပါတယ်'' ဟု ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်း က မြန်မာတိုင်း(မ်) ကို ယခုလ ၁၁ ရက်က ပြောသည်။

''ကျွန်တော်တို့ ပြင်ဦးလွင်မှာ ဘာသာရေးပဋိပက္ခဖြစ်တာ သမိုင်းမရှိခဲ့သလို နောက်လည်း ရှိလာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရပ်ကွက်တွေထဲမှာ ဘာသာပေါင်းစုံ တစ်ရပ်ကွက်တည်း စုပေါင်းနေထိုင်ကြတယ်။ ချစ်ကြည်ရင်းနှီးကြတယ်။ အေးအေးချမ်းချမ်းပါပဲ။ အာရှအလင်းရောင် ဆရာတော်ကလည်း ထိန်းကျောင်းမှုတွေ လုပ်ဆောင်တယ်။ မြို့လုံခြုံရေးအတွက် ပြင်ဦးလွင်မြို့ဝင်၊ မြို့ထွက်တွေမှာတော့ စစ်ဆေးရေးတွေ စဉ်ဆက်မပြတ်လုပ်ဆောင်နေတယ်'' ဟု ဘာသာပေါင်းစုံညီညွတ်ရေးဥက္ကဠ ဦးကိုကိုကြီးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး