မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းစျေးကွက်မှာ စျေးကွက်ဝေစု အများဆုံးရရှိထားတဲ့ ဟွာဝေးဟာ ဒီလဆန်းမှာ နည်းပညာအသစ်တွေကို စတင်မိတ်ဆက်လိုက်သည်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ မကြာသေးမီက Huawei Connect 2017 ဆိုတဲ့ပွဲကြီးကို ပြုလုပ်ပြီး သူရဲ့ နည်းပညာသစ်တွေကို စျေးကွက်ထဲချပြခဲ့တာဖြစ်သည်။
၎င်းတို့မိတ်ဆက်သော နည်းပညာများအနက် မြန်မာနိုင်ငံလို နည်းပညာနဲ့ ပတ်သက်လို့ ဖွံ့ဖြိုးဖို့ တာစူနေသည့် နိုင်ငံအတွက် စိတ်ဝင်စားစရာ ကောင်းသည်ကတော့ Cloud နည်းပညာ ဖြစ်ပါသည်။
Cloud ဆိုသည်မှာ နားလည်လွယ်စေရန် ယေဘုယျအားဖြင့်ပြောလျှင် အချက်အလက်များကို မိမိကိုယ်ပိုင်ဖုန်း သို့မဟုတ် ကွန်ပျူတာ သို့မဟုတ် တခြားသိမ်းဆည်းသိုလှောင်စရာ ကိရိယာတွေထဲမှာ ထည့်သိမ်းမထားဘဲ အင်တာနက်ပေါ်တွင်သိမ်းဆည်းထားပြီး လိုအပ်ချိန်မှာ ပြန်လည်ယူငင်သုံးစွဲသော နည်းပညာဖြစ်သည်။
Cloud နည်းပညာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသည် အကျွမ်းတဝင်မရှိသေး၊ သုံးစွဲသူများနှင့် စိမ်းနေသေးသည်။ သိကြသူအများစုကလည်း အက်ပဲလ်ရဲ့ iCloud လို တစ်ကိုယ်ရေသုံး Cloud များကိုပဲ သိကြသူများသည်။
ယခုမှ မိတ်ဆက်လိုက်သော Cloud နည်းပညာနှင့်ပတ်သက်၍ ရှေ့မှာ အလွန်နာမည်ကြီးတဲ့ Cloud နည်းပညာတွေရှိနေပါလျက် ဟွာဝေးက အဲဒါကို ခုမှစပြီး စျေးကွက်ထဲ ချပြတာလဲလို့ မေးခွန်းထုတ်စရာ ရှိလာသည်။ ဟွားဝေရဲ့ Cloud နည်းပညာမှာ သူ့ရှေ့က နည်းပညာများနှင့် ကွာခြားသည်မှာ တစ်ကိုယ်ရေသုံး Cloud ထက် အများကြီးပိုပြီးသုံးလို့ရတဲ့ အမျိုးအစားဖြစ်တယ်လို့ ဟွာဝေးက ဆိုသည်။
သူ့ရဲ့ယခုနည်းပညာကို တစ်ကိုယ်ရည်သုံးသာမက စီးပွားရေးလုပ်ငန်းကြီးတွေမှာ၊ အစိုးရတွေရဲ့ အုပ်ချုပ်ရေးယန္တရားလို မဟာဗျူဟာမြောက်ကိစ္စတွေမှာ အသုံးပြုနိုင်သလို၊ နည်းပညာလုပ်ငန်းကြီးတွေအတွက်လည်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားသည်။
ဟွာဝေးက သူ့ရဲ့ Cloud နည်းပညာကို မိတ်ဆက်စဉ်မှာ အဲဒီနည်းပညာတစ်ခုတည်းကိုကွက်ပြီး မိတ်ဆက်ခဲ့တာမဟုတ်ဘဲ သူနဲ့ဆက်စပ်တဲ့ EI (Enterprise Intelligence) ဆိုတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေအတွက် ဥာဏ်ရည်တုနည်းပညာကိုလည်း မိတ်ဆက်ခဲ့သည်။ Cloud ကိုပင် အခြေပြုသော နည်းပညာဖြစ်သော်လည်း ဥာဏ်ရည်တုနည်းပညာနှင့်ပါ ပေါင်းစပ်လိုက်ပြီး စီးပွားရေးလုပ်ငန်းတွင်သုံးရန် ရည်ရွယ်တီထွင်ထားသည့် နည်းပညာဖြစ်သည်ဟု ဆိုသည်။ ယင်းနည်းပညာကို တရုတ်ပြည်မကြီး၏ အကြီးဆုံး အာမခံကုမ္ပဏီကြီးတစ်ခုတွင် စတင်သုံးစွဲနေပြီဖြစ်ပြီး ဖောက်သည်များ၏မေးမြန်းမှုများကို ဖြေရှင်းပေးသည့်စက်ရုပ်မှသည် လုုပ်ငန်းကြီးကို ဒစ်ဂျစ်တယ်စနစ်ဖြင့် စီမံခန့်ခွဲရန် Cloud နည်းပညာကို အခြေခံကာ လုပ်ဆောင်မည်ဟု ကုမ္ပဏီ ဒေတာဆိုင်ရာ အရာရှိချုပ် ရှောင်းလင်ယန်းက ပြောသည်။
အခြားစိတ်ဝင်စားစရာတစ်ခုမှာ Smart City ခေါ် နည်းပညာအထောက်အကူများ ဆင်ယင်ထားသည့် ခေတ်မီမြို့တော် တည်ဆောက်ရေးနည်းပညာဖြစ်သည်။ Cloud နည်းပညာကိုပဲအခြေခံပြီး ယာဉ်လမ်းကြော ဖြေရှင်းခြင်းကစ၍ ဒုစရိုက်နှိမ်နှင်းရေးအထိ အသုံးပြုနိုင်ရန် နည်းပညာကို တီထွင်ထားသည်။
ကားတစ်စီးချင်းစီအလိုက် ဓာတ်ပုံနှင့်ဗီဒီယိုမှတ်တမ်း ရိုက်ယူထားပြီး ယာဉ်အသွားအလာအလေ့အထများကို ကွန်ပျူတာက သူ့ဘာသာလေ့လာသည့် နည်းပညာများ၊ တစ်မြို့လုံးတွင်ရှိသော လုံခြုံရေးကင်မရာကမှတ်တမ်းများကိုကွန်ပျူတာနှင့် ပိုင်းခြားစိတ်ဖြာနိုင်မည့် နည်းပညာများဖြစ်သည်။ Cloud ကွန်ပျူတာနည်းပညာဖြင့် ပမာဏအလွန်ကြီးမားသော အချက်အလက်များကို မြန်ဆန်စွာ ပိုင်းခြားစိတ်ဖြာကာ လိုအပ်သောအချက်အလက်ကို ဆွဲထုတ်ရှာဖွေနိုင်အောင် တွက်ချက်နိုင်မည်ဖြစ်ရာ လုံခြုံရေးကင်မရာများက မှတ်တမ်းများကို လူက တစ်ခုချင်း လိုက်ကြည့်စရာမလိုဘဲ လိုချင်သည်ကို ဗီဒီယိုဖိုင်များကို ခွဲခြမ်းစိတ်ဖြာကာ ရှာဖွေပေးနိုင်မည်ဟု ဆိုသည်။
ထိုနည်းပညာများ မြန်မြန်ဆန်ဆန်ချိတ်ဆက်စေရန် တစ်စက္ကန့်ကို ၁ဝ ဂစ်ဂါဗိုက် မြန်နှုန်းရှိ ဝိုင်ဖိုင်နည်းပညာကိုလည်း ဟွာဝေးက စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။
ထိုသို့သော အခြေအနေကို ဟွာဝေးက ဒစ်ဂျစ်တယ်ဂေဟစနစ် ဖန်တီးခြင်းဟု ဝံ့ကြွားထားသည်။
မြန်မာနိုင်ငံသည် ဒစ်ဂျစ်တယ်မှုပြုလုပ်ရန် အဘက်ဘက်က လိုအပ်နေချိန်ဖြစ်သဖြင့် ထိုနည်းပညာများမှာ စိတ်ဝင်စားစရာကောင်းသည်။
မြန်မာတိုင်း(မ်)၏ မေးမြန်းချက်အရ ထိုနည်းပညာများကို အားလုံးခြုံငုံ အသုံးမပြုဘဲ အဆစ်အပိုင်းလိုက် အသုံးပြုလိုလျှင်လည်း ရနိုင်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ရန်ကုန်ကဲ့သို့ ယာဉ်ကြောကျပ်တောက်မှုပြဿနာနှင့် အခက်တွေ့နေသောမြို့တွင် ဗီဒီယိုများကို ခွဲခြမ်းစိတ်ဖြာသည့် နည်းပညာအသုံးပြုလျှင် စီမံခန့်ခွဲရေးတွင် ချောမွေ့လွယ်ကူစေမည်ဖြစ်သည်။ သို့သော် အခြားတစ်ဖက်တွင်လည်း ကုန်ကျစရိတ်က ထည့်သွင်းစဉ်းစားစရာ ရှိမည်ဖြစ်သည်။
















