ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် အသက် ၁၂ နှစ်နှင့် ၁၅ နှစ်အောက် ဘောလုံးပြိုင်ပွဲများကို အရှိန်အဟုန်မြှင့် ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက စက်တင်ဘာ ၂၅ ရက်တွင် ပြောဆိုသည်။
ပူးပေါင်းဆောင်ရွက်
စက်တင်ဘာ ၂၅ ရက် ပြည်ထောင်စု နယ်မြေ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား ကွင်းတွင်ပြုလုပ်သော (၂၉) ကြိမ်မြောက် SEA Game 2017 ဆုရ မြန်မာအားကစား သမားများအတွက် 100 PLUS ၏ ဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနားအပြီး ပြည်ထောင်စု ဝန်ကြီးက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
''တက္ကသိုလ်ကျောင်းတွေမှာတော့ အထူးသဖြင့် ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ဘောလုံးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။ အခြေခံမှာလည်း အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်အောက် ဘောလုံးပြိုင်ပွဲတွေကို အရှိန်အဟုန်မြှင့်ပြီး အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်'' ဟု ပြည် ထောင်စုဝန်ကြီးက ပြောဆိုသည်။
ရွေးချယ်ခန့်ထား
လက်ရှိ မြန်မာနိုင်ငံရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းများတွင် ကျောင်းဆရာထက် ကျောင်းဆရာမ အရေအတွက် ပိုမိုများပြား နေခြင်းကလည်း ကျောင်းသားများ အားကစားထူးချွန်မှုကို အဟန့်အတားဖြစ်စေနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး သတင်းမီဒီယာသမားတစ်ဦး၏ မေး မြန်းမှုကိုပြည်ထောင်စုဝန်ကြီးက ''အခု လော လောဆယ်မှာတော့ ဆရာအရေအတွက်ထက် ဆရာမအရေအတွက်က ပိုများနေပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဆရာတွေကို ပိုပြီး ခန့်ထားစေလိုပါတယ်။ ပညာရေးဝန်ကြီးဌာန အနေနဲ့ကတော့ အရည်အသွေးရှိတဲ့လူတွေကို ရွေးချယ်ခန့်ထားပေးသွားမှာပါ'' ဟု ပြန်လည် ဖြေဆိုခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့်လည်း အခြေခံပညာကျောင်းများတွင် စားပွဲတင် တင်းနစ်ခုံများ၊ ဘောလုံးများ၊ ပိုက် ကျော်ခြင်းများ၊ ခြင်းလုံးများကို လှူဒါန်းထား ကြောင်း ယင်းအားကစားပစ္စည်းများကို အသုံးချ ကစားခြင်းဖြင့် အခြေခံပညာကျောင်းများမှ အားကစားသမားကောင်းများ မွေးထုတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
















