မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် နိုင်ငံခြားသားဝင်ရောက်မှုများကို ဝင်ကြေး ကောက်ခံရန်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက စက်တင်ဘာ၂၇ ရက်၌ မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။
စောင့်ဆိုင်း ဘုရားကြီးသို့လာရောက်သည့် နိုင်ငံခြား သားများထံမှ ဝင်ကြေးကောက်ခံရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဇွန်လ အတွင်းက စာတင်ပြထားခဲ့ပြီး တရားဝင် ခွင့်ပြုစာရရှိရန် စောင့်ဆိုင်းနေကြောင်း သိရသည်။
"စာတင်ပြထားတဲ့အပြင် တိုင်းအစိုးရ အဖွဲ့နဲ့ အစည်းအဝေးတွေ လုပ်ပြီးပြီ။ လိုအပ် တာတွေလည်း ဂေါပကအဖွဲ့အနေနဲ့ အကုန် လုပ်ဆောင်ပြီးပြီ။ နိုင်ငံခြားသားတွေအတွက် ဘုရားကြီးနဲ့ပတ်သက်တဲ့ လမ်းညွှန်တွေအပြင် ဘုရားကြီးသမိုင်းတွေအကုန်ပါတဲ့ စာအုပ်လည်း မြန်မာလို အင်္ဂလိပ်လို ပြင်ဆင်ထားပြီးပြီ။ ဝန်ကြီးချုပ်ကလည်း နှုတ်ကတိ သဘော တူပြီးပြီ။ တရားဝင် စာချပေးဖို့ပဲ လိုတော့ တယ်။ ဂေါပက အနေနဲ့လုပ်စရာရှိတာ အကုန် လုပ်ပြီးပြီ"ဟု ဦးစိုးလင်းက ပြောဆိုသည်။
ဝင်ကြေးကို မြန်မာကျပ်ငွေအနေဖြင့် ကျပ် ၅çဝ၀ဝ၊ ဒေါ်လာအနေဖြင့် ငါးဒေါ်လာ ကောက်ခံရန်လျာထားကြောင်း၊ နိုင်ငံခြား သားများအား ဝင်ကြေးကောက်ခံရန်အတွက် ဂိတ် နေရာသုံးခု သတ်မှတ်ထားပြီး Tourist Information Center တည်ဆောက်ရန်လည်း လျာထားကြောင်း သိရသည်။
"ဝင်ကြေးကောက်မယ်ဆိုရင် ကောက်တာနဲ့အညီ ဝန်ဆောင်မှုပြန်ပေးဖို့လိုတယ်။ အခု က သန့်ရှင်းမှုမရှိဘူး။ ဘုရားကြီးပဲမဟုတ်ဘူး။ တခြားနေရာတွေပါမရှိတာ။ နောက်ပြီး ဝင် ကြေးကောက်မယ့် ဝန်ထမ်းတွေကလည်း နိုင်ငံခြားသားတွေအပေါ် ဆက်ဆံရေးပြေပြစ်ဖို့ လိုတယ်။ ကောက်ခံတဲ့ ပမာဏမများဖို့လည်း လိုတယ်။ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု ဘာသာ တရားကို လာလေ့လာတဲ့အပေါ်မှာ အများကြီး မကောက်ဘူးဆို အဆင်ပြေပါတယ်"ဟု ဧည့် လမ်းညွှန်တစ်ဦးက ပြောဆိုသည်။
တွက်ချက်ထားပြီးဖြစ်
နိုင်ငံခြားသားများအား ဝင်ကြေးကောက်ခံ ရန် ဂိတ်ဆောက်လုပ်မည့်နေရာများကို အရှေ့ဘက်မုခ်၊ တောင်ဘက်မုခ်၊ မြောက်ဘက်မုခ် တို့တွင် ဆောက်လုပ်ကောက်ခံသွားရန် စီစဉ် ထားဖြစ်ကြောင်း၊ အဆိုပါငွေကြေးကောက်ခံ ရန် ဂိတ်ဆောက်လုပ်မှုများအတွက် ပုံစံ၊ နေရာ၊ ကုန်ကျစရိတ်များ တွက်ချက်ထားပြီး ဖြစ်ကြောင်း သိရသည်။
















