နိုင်ငံတကာစင်မြင့်ထက်တွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာဘက်မှ အခိုင်အမာရပ်တည် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က နေပြည်တော်ရှိ MICC – 2 ၌စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက ကျင်းပသည့် (၆၈)နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတည်ထောင်ခြင်း ဂုဏ်ပြုအခမ်း အနားတွင် ပြောဆိုခဲ့သည်။
"တရုတ်ဘက်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် တွင် ဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကို ရှုတ်ချပြီး မြန်မာဘက်က ရခိုင်ပြည် နယ်တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်း အားထုတ်မှုကိုထောက်ခံအားပေးပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံတကာစင်မြင့်မှာ မြန်မာဘက်က အခိုင်အမာရပ်တည်ပါမယ်။ မြန်မာနိုင်ငံက သက်ဆိုင်ရာပြဿနာတွေကို ကောင်းမွန်စွာ ဖြေရှင်းရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ကောင်းမွန်တဲ့ ပြင်ပပတ်ဝန်း ကျင်ကို ဖန်တီးပေးဖို့ မျှော်လင့်ပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောဆိုသည်။
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် သံတမန်ဆက်ဆံရေး ထူထောင်လာခဲ့ သည်မှာ (၆၇)နှစ်ရှိနေပြီဖြစ်ကြောင်း သိရသည်။
"နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်း ပီသတဲ့ ချစ်ကြည်ရင်းနှီးမှုသည် သမိုင်းတစ် လျှောက်မှာ နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ထွန်းခဲ့ပါတယ်။ မိမိတို့ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ထူထောင်ချိန်က စတင်ပြီး ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနဲ့ မြန်မာ၊ -တရုတ်-အိန္ဒိယ သုံးနိုင်ငံတို့ အတူတကွ ရေးဆွဲချမှတ် ကျင့်သုံးခဲ့ကြတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး ငါးရပ်နဲ့အညီ ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမို တောင့်တင်းခိုင်မာလာစေသလို ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ကျယ်ပြန့်နက်ရှိုင်း စွာဆောင်ရွက်ခဲ့ပါတယ်" ဟု မြန်မာနိုင်ငံ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက ပြောဆိုသည်။
ယင်းအခမ်းအနားသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ (၁)ဦးမြင့်ဆွေ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် ဇနီး၊ သံအမတ်ကြီးများ၊ သံတမန်များ၊ ဖိတ်ကြားထား သည့် ဧည်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။















