သီတင်းကျွတ် ဆန်သစ်ပေါ်ချိန် ကလေးဒေသ ဆန်ဈေး၊ စပါးဈေးတက်နေ

သီတင်းကျွတ် ဆန်သစ်ပေါ်ချိန် ကလေးဒေသ ဆန်ဈေး၊ စပါးဈေးတက်နေ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဒေသ တွင် သီတင်းကျွတ်ရာသီ ဆန်သစ်၊ စပါးသစ် ပေါ်ချိန် ဆန်စက်ပိုင်ရှင်များ၊ စပါးပွဲစားများ ကျေးရွာအထိ သွားရောက်၍ ဆန်စပါးဝယ်ယူ မှုများ ရှိလာသည့်အတွက် ဆန်ဈေး၊ စပါးဈေးများ မြင့်တက်လာကြောင်းသိရသည်။

ကျဆင်းလာ

ကလေးဒေသတွင်၂၀၁၅ ခုနှစ် ရေကြီး ရေလျှံမှုကြောင့် စပါးစိုက်လယ်ယာမြေများ ဧက သောင်းချီ၍ နွံဖုံးပျက်စီးခဲ့ရာ ယနေ့အချိန် အထိ တချို့လယ်ယာမြေများမှာ ပြန်လည် စိုက်ပျိုးနိုင်ခြင်း မရှိသေးသည့်အပြင် နှစ်စဉ် မြစ်သာမြစ်နှင့် နေရဉ္စရာမြစ်တို့ ရေကြီးရေလျှံ မှု ဖြစ်ပွားနေသည့်အတွက်ကြောင့် မိုးစပါး စိုက်ဧက တစ်နှစ်ထက်တစ်နှစ် နည်းပါးလာပြီး စပါးအထွက်နှုန်းပါ ကျဆင်းလာကြောင်း ကလေးမြို့ စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ၂၈ ရက်၌ ပြောဆိုသည်။

"ကျွန်တော်တို့ ကလေးဒေသမှာ သီတင်း ကျွတ်ရာသီကတော့ နှစ်စဉ်ဆန်ဈေး၊ စပါးဈေး တက်တဲ့ရာသီဖြစ်သလို ကုန်သည်ပွဲစားက လည်း လက်ထဲမှာ ဝယ်ယူသိုလှောင်ထားတဲ့ ဆန်ကို ထုတ်ရောင်းတဲ့ရာသီ၊ ဆန်သစ်၊ စပါးသစ်ဝယ်ယူဖို့ စတင်ပြင်ဆင်တဲ့ရာသီ ဖြစ်ပါ တယ်။ နှစ်စဉ် အခုရာသီကတော့ ဆန်ဈေး၊ စပါးဈေး လှုပ်ရှားတဲ့ရာသီဖြစ်ပါတယ်။ ဆန်၊ စပါးလှိုင်လှိုင်ပေါ်ချိန် နတ်တော်၊ ပြာသို ဝန်းကျင်မှာ ဆန်ဈေးကျပါတယ်ဟု ကလေးမြို့နယ် နတ်မြောင်းရွာမှ စပါးစိုက်တောင်သူ ဦးဝင်းမောင်က ပြောဆိုသည်။

အရောင်းအဝယ်ဖြစ်

ကလေးမြို့ ဆန်ပွဲရုံများတွင် စက်တင်ဘာ လကုန်ရက်ပိုင်း ဧရာမင်းဆန် တစ်တင်းခွဲ တစ်အိတ်လျှင် ကျပ် ၃၅,ဝ၀ဝ၊ ရွှေဧရာ တစ် တင်းခွဲ တစ်အိတ် ကျပ် ၃၁,ဝ၀ဝ၊ ချင်းသုခတစ် တင်းခွဲတစ်အိတ်ကျပ် ၂၇,ဝ၀ဝ ဖြင့် အရောင်း အဝယ်ဖြစ်နေပြီး ဧရာမင်းစပါး တစ်တင်းကျပ် ၈,ဝ၀ဝ၊ ပေါ်ဆန်း၊ ချင်းသုခ စပါးတစ်တင်း ကျပ် ၆,ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ကလေးမြို့နယ်တွင် မိုးစပါးစိုက်ဧက ၉၆,ဝ၆၇ ဧကရှိပြီး နှစ်စဉ်စပါးတင်း သိန်း ၄၀ ကျော်ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဌာနမှ ထုတ်ပြန်သည့်သတင်းများအရ သိရ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး