မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက် ထီးရိုးစေတီတော်ပေါ်သို့ ရသေ့တောင်မှ ကောင်းကင်ကေဘယ်လ်ယာဉ် စတင်ပြေးဆွဲ ချိန်တွင် မူးယစ်သောက်စားထားသူများနှင့် ကျန်းမာရေးမကောင်းသော သက်ကြီးရွယ်အို များအား စီးနင်းခွင့်ကန့်သတ်မည်ဖြစ်ကြောင်း Sky Asia ကုမ္ပဏီမှ သိရသည်။
ကန့်သတ်မည်
ဘုရားဖူးပြည်သူများ စိတ်လက်ချမ်းသာစွာ ရှုခင်းများကြည့်ရှုကာ စေတီတော်အား ဖူးမြော် နိုင်ရေး၊ အနှောင့်အယှက်ဖြစ်စေသောပြဿနာ များ မဖြစ်ပေါ်စေရေးအတွက် ကန့်သတ်ခြင်း ဖြစ်ကြောင်း Sky Asia ကုမ္ပဏီမှ အကြံပေး ဦးမျိုးဝေက ပြောဆိုသည်။
"ကေဘယ်လ်ကားပေါ် မတက်ခင်ကတည်း က ကုမ္ပဏီလုံခြုံရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင် တွေက စနစ်တကျစစ်ဆေးပြီးမှ စီးနင်းခွင့် ပေးမှာပါ။ အသက်ကြီးတဲ့သူဆိုရင်လည်း တချို့က ကျန်းမာရင် စီးနင်းခွင့်ရမှာပါ။ မကျန်း မာတဲ့သူဆိုရင်တော့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေအရ စီးနင်းခွင့်ပြုမှာမဟုတ်သလို မူးယစ်သောက်စားထားသူဆိုရင်လည်း စီးနင်း ခွင့်ပေးမှာ မဟုတ်ပါဘူး။ ဒါကလည်း ကေ ဘယ်လ်ကားစီးသူတွေ စိတ်ညစ်ညူးမှု မရှိစေ ဘဲ အေးဆေးစွာ စီးစေချင်လို့ပါ"ဟု ၎င်းက ပြောဆိုသည်။
စမ်းသပ်ပြေးဆွဲ
ကေဘယ်လ်ကားစီးနင်းသူများ ဘေးကင်း စိတ်ချစွာ စီးနင်းနိုင်ရေးအတွက် ကောင်းမွန် စွာဆောင်ရွက်ထားပြီး ပိုမိုစိတ်ချစွာစီးနင်းနိုင် ရန် လူစီးနင်းမှုမစတင်မီ လူအလေးချိန်အတိုင်း ပစ္စည်းများတင်ဆောင်ကာ စမ်းသပ်ပြေးဆွဲ မည်ဖြစ်ပြီး စိတ်ချလုံခြုံသည့်အနေအထား ရောက်မှ ခရီးသည်များအား လိုက်ပါစီးနင်း ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
နောက်ကျခဲ့
ကေဘယ်လ်ယာဉ်အား လုံခြုံစိတ်ချစွာ စီးနင်းနိုင်ရေး အစမ်းပြေးဆွဲမှုအစီအစဉ်အား နိုဝင်ဘာ ပထမပတ်၌ ဆောင်ရွက်မည်ဖြစ်ကာ နိုဝင်ဘာ နောက်ဆုံးပတ်၌ ဘုရားဖူးပြည်သူ များ စတင်စီးနင်းနိုင်မည်ဖြစ်သည်။
ကျိုက်ထီးရိုးစေတီတော်သို့ ကောင်းကင် ကေဘယ်လ်ယာဉ်ဖြင့်တက်ရောက်နိုင်ရန် မူလက သီတင်းကျွတ်လပြည့်နေ့အမီ ပြေးဆွဲမည်ဟု အများပြည်သူအား အသိပေးထားသော် လည်း မိုးများပြီး လုပ်ငန်းအခက်အခဲများ ကြောင့် အချိန်မီပြီးစီးမှုမရှိသဖြင့် မူလသတ် မှတ်ရက်ထက် နောက်ကျခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
တပ်ဆင်ရန်ကျန်ရှိ
အဆိုပါစီမံကိန်းအား ကန်ဒေါ်လာသန်း ၂၀ ရင်းနှီးမြှုပ်နှံဆောင်ရွက်ပြီး အောက်တို ဘာလဆန်းတွင် ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ တွဲဆိုင်းများတပ်ဆင်ရန်သာ ကျန် ရှိတော့ကြောင်း သိရသည်။
သတ်မှတ်ထား
ကေဘယ်လ်ယာဉ်တွဲဆိုင်းတစ်ခုလျှင် ခရီးသည်ရှစ်ဦး လိုက်ပါစီးနင်းနိုင်ပြီး အရန်တစ် ဆိုင်းအပါအဝင် စုစုပေါင်း ၄၄ ဆိုင်းဖြင့်ပြေးဆွဲ မည်ဖြစ်ကာ ကေဘယ်လ်ယာဉ်စီးနင်းခအဖြစ် ပြည်တွင်းဘုရားဖူးဖြစ်ပါက ကျပ် ၃,ဝ၀ဝ နှင့် နိုင်ငံခြားသားဘုရားဖူးဖြစ်ပါက ၅ ဒေါ်လာ ကောက်ခံရန် အကြမ်းဖျင်း သတ်မှတ်ထားသည်။















