တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ တွင် ဒရုန်း(Drone)ကင်မရာ ရိုက်ကူးမည့် သူများအတွက် စည်းကမ်းသတ်မှတ်ချက် များကို တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားကြောင်း တောင်ကြီးမီးပုံးပျံ ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။
စည်းကမ်းသတ်မှတ်ချက်
ရှမ်းပြည်နယ် တောင်ကြီးမြို့ တန်ဆောင် တိုင်ပွဲတော် ကာလအတွင်း ဒရုန်း(Drone) ကင်မရာရိုက်ကူးမှုနှင့်ပတ်သက်၍ ဒရုန်း ကင်မရာများ ပျံသန်းရိုက်ကူးရာတွင် မီးပုံးပျံ များနှင့် နီးကပ်စွာပျံသန်းခြင်းကို လုံးဝမပြု လုပ်ရန်၊ ဒရုန်းကင်မရာလွှတ်တင်ရာတွင် အလိုအလျောက် ထိန်းချုပ်မှုစနစ်ပါသော (Phantom 4) အမျိုးအစားကိုသာ ခွင့်ပြုမည် ဖြစ်ကြောင်းစသည့် စည်းကမ်းသတ်မှတ်ချက် များကို သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်။
"မီးပုံးတွေနားမှာ ဒီဒရုန်းတွေပျံသန်းရင်း မီးပုံးတွေကို အနှောင့်အယှက်ဖြစ်စေပြီး မလို လားအပ်တဲ့အန္တရာယ်တွေ ဖြစ်လာမှာစိုးလို့ ဒီလိုစည်းကမ်းချက်တွေ ထုတ်ပြန်ပေးတာဖြစ် မှာပါ။ ဒီစည်းကမ်းချက်တွေသတ်မှတ်ပေးတာလည်း ကောင်းပါတယ်။ စည်းကမ်းရှိရှိလေး ဖြစ်သွားတာပေါ့"ဟု မီးပုံးပျံပွဲတော်ကျင်းပ ရေးကော်မတီ အကဲဖြတ်အမှတ်ပေးရေးအဖွဲ့ ခေါင်းဆောင် ဦးသန်းဇော်က ပြောဆိုသည်။
မှတ်ပုံတင်ရမည်
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကာလ အတွင်း ဒရုန်းကင်မရာ ရိုက်ကူးမည့်သူများ အနေဖြင့် ပွဲတော်ဖွင့်ပွဲ မကျင်းပမီ ၃ ရက် အလိုတွင် ပွဲတော်လုံခြုံရေး ကွပ်ကဲရေးရုံး တွင် လာရောက်မှတ်ပုံတင်ထားရှိရမည်ဖြစ် ပြီး မှတ်ပုံတင်ထားခြင်းမရှိသော ဒရုန်းကင်မရာ လွှတ်တင်ခြင်းကို စစ်ဆေးတွေ့ရှိပါက ဒရုန်း ကင်မရာကိုဖျက်ဆီး၍ လွှတ်တင်သူအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ယခုနှစ်၏ တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲတော်ကို လာမည့်အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၃ ရက်ထိ အဝေရာ မီးပုံးပျံပြိုင်ပွဲကွင်းအတွင်း စည်ကားသိုက် မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ ၄ ရက် တွင် ဆုပေးပွဲနှင့် ကွင်းပိတ်ပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်သည်။















