မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်နေ ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဘင်္ဂါလီ များကို ပြန်လည်လက်ခံရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးစား နေသူများပါ ပါဝင်လာနိုင်သဖြင့် စနစ်တကျ စိစစ်ရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ် လွှတ် တော်ကိုယ်စားလှယ်များထံမှ သိရသည်။
ထွက်ပြေးတိမ်းရှောင်
ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဗျွှဗ အစွန်းရောက်အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင် နေသူများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ထွက် ပြေးတိမ်းရှောင်သူများလည်း ရှိနေကြောင်း သိရသည်။
ခိုင်းစေခဲ့
"ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ဘင်္ဂါလီတွေ ဟာ ဒီကထွက်သွားတဲ့သူတွေရှိသလို ဘင်္ဂလား ဒေ့ရှ်ကနေ ဒီဘက်ကိုဝင်ဖို့ ကြိုးစားနေတဲ့သူ တွေလည်းရှိပါတယ်။ ဒါကြောင့် ပြန်လက်ခံမယ့် အစီအစဉ်ကို စောင့်ဆိုင်းထားသင့်တယ်။ ဒီနေ့အထိ ထွက်နေတဲ့သူတွေရှိနေတုန်းပဲ။ ထွက်သွားတဲ့ထဲမှာ အကြမ်းဖက်မှုနဲ့ပတ်သက် တဲ့ အမျိုးသမီးတွေ ပါနိုင်တယ်။ အကြမ်းဖက် မှုတွေမှာ ကလေးတွေနဲ့ အမျိုးသမီးတွေကို ရှေ့ကနေထားပြီး ရဲစခန်းတွေကို ဝိုင်းတိုက်ခဲ့တယ်။ နောက် လူငယ်၊ လူရွယ်တွေပါတယ်။ သူတို့ဆရာတွေက အကြမ်းဖက်ဖို့ ခိုင်းစေခဲ့ ကြတယ်။ ဒါကြောင့် သူတို့ကိုစိစစ်ဖို့ အရေးကြီး တယ်"ဟု ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းအောင်သိန်းက ပြောဆိုသည်။
အတူမနေနိုင်
မောင်တောဒေသနေ ရခိုင်တိုင်းရင်းသားများနှင့် ရခိုင်မျိုးနွယ်စုဝင်များသည် ဘင်္ဂလား ဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးသွားသူများကို ပြန်လည်လက်မခံစေလိုဘဲ လက်ခံမည်ဆိုပါကလည်း အတူယှဉ်တွဲမနေနိုင်ကြကြောင်း ဒေသခံတိုင်းရင်းသားတို့က ပြောဆိုသည်။
"ပြည်သူ့သဘောထားအတိုင်း အမှန်ဆိုရင် ကျွန်တော်တို့ကတော့ လက်မခံစေချင်ဘူး။ ထွက်ပြေးသွားတဲ့သူတွေကို နိုင်ငံဖြတ်ကျော်မှု လဝကဥပဒေနဲ့ အရေးယူဖို့မရှိဘူးလား။ နောက်ဆုံး ပြန်လက်မခံလို့မရဘူး၊ လက်ခံရ မယ်ဆိုရင်တောင် ဥပဒေနဲ့အညီ နိုင်ငံသား ဥပဒေအတိုင်း အထောက်အထားတစ်ခုခုကိုင် ဆောင်ထားတဲ့သူတွေကိုမှ လက်ခံသင့်တယ် လို့မြင်တယ်"ဟု မောင်တောမြို့နယ်မဲဆန္ဒ နယ်အမှတ်(၂)မှ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောဆိုသည်။
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ဗျွှဗ အစွန်းရောက်အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ဒုက္ခသည်များ ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရက ငွေကျပ် နှစ်ဘီလီယံခန့် သုံးစွဲမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
စိစစ်လက်ခံ
အဆိုပါဒုက္ခသည်များကို ပြန်လည်လက်ခံရာတွင် ကုန်းလမ်းဘက်မှ ပြန်လည်ဝင်ရောက်လာသူ များကို တောင်ပြို လက်ဝဲကျေးရွာဘက်တွင် စိစစ်လက်ခံမည်ဖြစ်ပြီး ရေလမ်းဘက်က ဝင်ရောက်လာသူများကို ငါးခူရကျေးရွာဘက် တွင် စိစစ်လက်ခံမည်ဖြစ်ကြောင်း သိရသည်။















