တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပရန် လေလံတင်ငွေ ကျပ်သိန်း ၂,၈၀၀ ကျော်ရရှိ၊ ဆုကြေးငွေ ကျပ်သိန်း ၉၀ဝ အသုံးပြုမည်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပရန် လေလံတင်ငွေ ကျပ်သိန်း ၂,၈၀၀ ကျော်ရရှိ၊ ဆုကြေးငွေ ကျပ်သိန်း ၉၀ဝ အသုံးပြုမည်

ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် ကျင်းပမည့်၂၀၁၇ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်အတွက် လေလံတင်ငွေ ကျပ်၂၈၀၂ သိန်း ရရှိထားပြီး မီးပုံးပျံပြိုင်ပွဲအတွက် ဆု ကြေးငွေအဖြစ် ငွေကျပ် သိန်း ၉၀ဝ အသုံးပြုမည် ဖြစ်ကြောင်း တောင်ကြီးမီးပုံးပျံ ပြိုင်ပွဲကျင်းပရေး ကော်မတီမှ သိရသည်။

ယမ်းပိဿာချိန်များလျှော့ချ

"အရင်နှစ်ကထက် မီးပုံးပျံအရေအတွက် ပိုများမှာဆိုတော့ ပရိသတ်တွေ အန္တရာယ်ကင်းဖို့ ယမ်းပိဿာချိန်လည်း လျှော့ခိုင်းထားပြီး ပိဿာချိန် ၄၀ အထိပဲ ခွင့်ပြုထားပါတယ်။ လုံခြုံရေးကိုလည်း အရင်နှစ်ထက် တိုးမြှင့် ဆောင်ရွက်ပေးသွားမှာပါ}}ဟု တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲကျင်းပရေး ကော်မတီ မီးပုံးပျံအကဲဖြတ်အဖွဲ့ခေါင်းဆောင် ဦးသန်းဇော်က ပြောဆိုသည်။

လက်ခံမည်

တောင်ကြီးမီးပုံးပျံပြိုင်ပွဲအတွက် စက် တင်ဘာ ၂၅ ရက်မှစတင်၍ မီးပုံးပျံစာရင်း များလက်ခံခဲ့ရာ အောက်တိုဘာ ၇ ရက်အထိ ညမီးကြီး ၈၂ လုံး၊ စိန်နားပန် ၃၁ လုံး၊ ခြေ နှစ်ချောင်း ၉၁ လုံး၊ ခြေလေးချောင်း ၃၆ လုံး နှင့် အခြားအုပ်စု ၂၅ လုံး စုစုပေါင်း ၂၆၅ လုံး ကောက်ခံရရှိထားပြီး အောက်တိုဘာ ၁၃ ရက်အထိ လက်ခံမည်ဖြစ်သည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် အတွက် လေလံတင်ရရှိငွေ ကျပ် ၂၈၀၂ သိန်းကို ပွဲတော်ကျင်းပရေးကော်မတီ ၁၃ ခု၏ ပြင် ဆင်ရေးနှင့် ဆုချီးမြှင့်ငွေတို့အတွက် အသုံးပြု မည်ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မည်

ပွဲတော်လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အား ၇၀ဝ ကျော်၊ မီးသတ် တပ်ဖွဲ့အင်အား ၁၃၀ နှင့် နယ်မြေခံတပ် ကလည်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

စည်ကားစွာကျင်းပမည်

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ တော်ကို အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ အဝေရာမီးပုံးပျံပြိုင်ပွဲကွင်း အတွင်း စည်ကားသိုက်မြိုက်စွာကျင်းပမည် ဖြစ်သည်။ နိုဝင်ဘာ ၄ ရက်၌ ဆုပေးပွဲနှင့်ကွင်း ပိတ်ပွဲအခမ်းအနား ကျင်းပမည်ဖြစ်ကာ ဆုချီးမြှင့်ရန်အတွက် ကျပ်သိန်း ၉၀ဝ ခန့် အသုံးပြုမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး