သီတင်းကျွတ်ပြီဆိုသည်နှင့် ရန်ကုန်မြို့ကသူတွေရဲ့ စကားဝိုင်းများမှာ အပြောများလာသည်က အိမ်ပြောင်းအိမ်ရွှေ့ကိစ္စဖြစ်သည်။ ရန်ကုန်မှာ အိမ်ငှားပြီးနေသူတွေအတွက် အိမ်ပြောင်းဖို့ရှာရသည်မှာလည်း စွန့်စားခန်းတစ်ရပ်ဖြစ်သည်။ အကြောင်းက မျှော်လင့်ထားသည်ကော၊ မျှော်လင့်မထားနိုင်သည့် အခက်အခဲများက ဒုနဲ့ဒေးရှိနေသဖြင့် ဖြစ်သည်။ ယခုတစ်ပတ်မြန်မာတိုင်း(မ်) အိမ်ခြံမြေကဏ္ဍအတွက် ရန်ကုန်မှာ အိမ်ငှားနေစဉ် ကြုံရသည့် အခက်အခဲတွေနှင့်ပတ်သက်ပြီး လူငယ်အချို့၏ အတွေ့အကြုံများကို မေးမြန်းစုစည်းတင်ပြလိုက်ပါသည်။
ကိုကျော်လင်းအောင် ကုမ္ပဏီဝန်ထမ်း၊ ၂၆ နှစ်
အခုငှားနေတဲ့နေရာက ခြောက်လတစ်ကြိမ် ပြန်ပြီးစာချုပ်ချုပ်တိုင်းပွဲစားခ တစ်လစာပြန်ပေးနေရတယ်။ အိမ်ရှင်နဲ့ပြောတော့လည်း သူက ပွဲစားကိုပဲ အပ်ထားတယ်၊ ပွဲစားနဲ့ပဲရှင်းဖို့ပြောတယ်။ ယောကျာ်းလေးတွေဆိုတော့လည်း သိပ်ချေးမများချင်တော့ဘူး။ အဲဒီနေရာမှာပဲ ဆက်နေလိုက်တော့တယ်။ အွန်လိုင်းကရှာတဲ့ဟာတွေက ဖုန်းဆက်ပြီးချိန်းတုန်းက အဆင်ပြေပေမဲ့ တကယ်သွားကြည့်ရင် အဆင်မပြေတာတွေရှိတယ်။ အရင်ကငှားနေတဲ့ နေရာတွေမှာ အိမ်ရှင်နဲ့အဆင်ပြေတယ်။ ပတ်ဝန်းကျင်နဲ့ သိပ်အဆင်မပြေဘူး။ယောကျာ်းလေးတွေဆိုတော့ ညဘက် နောက်ကျမှအိမ်ပြန်ရောက်ရင် ဂစ်တာတီးကြတာတွေရှိတယ်။ ဒီတော့ ပတ်ဝန်းကျင်နဲ့ အဆင်မပြေဘူး။ နောက်တစ်နေရာပြောင်းငှားရင် လူညီဖို့ကလည်း သိပ်မလွယ်ဘူး။ ဒါကြောင့် အဆင်ပြေတဲ့နေရာမှာ ပွဲစားကိုပဲ အားကိုးပြီး ဆက်နေဖြစ်တယ်။ နယ်ကလာတဲ့သူတွေအတွက် တော်ရုံလစာကောင်းကောင်းမရတဲ့ အလုပ်ဆိုရင် ရန်ကုန်မှာ အိမ်ငှားနေနိုင်ဖို့က မလွယ်ဘူး။
မငြိမ်းစုဝေကျော်စိုး၊ ဓာတ်ပုံသတင်းထောက်၊ ၂၂ နှစ်
ပထမဆုံးရှာတုန်းကတော့ အွန်လိုင်းကနေရှာဖြစ်တယ်။ ဒါပေမဲ့ အကျိုးဆောင်တွေကနေတစ်ဆင့် ဆက်သွယ်ရတာပါပဲ။ တချို့အိမ်ရှင်တွေက လူများရင် မငှားချင်ဘူး။ ကျွန်မတို့နဲ့အတူတူ အိမ်ခန်းတစ်ခန်းကို စုံတွဲတစ်တွဲ လာငှားတယ်။ အိမ်ရှင်က သူတို့ကိုပဲငှားလိုက်တယ်။ ဘာဖြစ်လို့လဲမေးတော့ ကျွန်မတို့က မိန်းကလေး ခြောက်ယောက် စုနေကြတာဆိုတော့ လူများလို့ မငှားချင်တာလို့ပြောတယ်။ တစ်ခါကဆို အိမ်ရှင်နဲ့ တော်တော်ပြဿနာဖြစ်ဖူးတယ်။
အိမ်ငှားကတည်းက စာချုပ်မှာ မီးချောင်းကျွမ်းတာကအစရေမော်တာပျက်တာအဆုံး သူတို့ပြင်ပေးမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ တကယ်ပျက်တဲ့အချိန်မှာ အိမ်ရှင်ဆီကို ဖုန်းဆက်လို့ မရတော့ဘူး။ ဒါပေမဲ့ အိမ်က ဖယ်ပေးမယ့်နေ့ကျတော့ ညနေဖယ်မယ်ပြောတာကိုတောင် မရဘူး၊မနက်ပိုင်း ချက်ချင်းဖယ်ပေးခိုင်းတယ်။ အကျိုးဆောင်တွေကို တစ်လစာသီးသန့်ပေးရတာလည်း အဆင်မပြေဘူး။ ပွဲစားခမပေးချင်လို့ ကိုယ့်ဟာကိုယ်လိုက်ရှာပေမဲ့ မရဘူး။ အိမ်ရှင်တွေကိုယ်တိုင်က ပွဲစားနဲ့ လွှဲထားတာများတယ်။
ကိုခင်မောင်မြင့်၊ သတင်းထောက်၊ ၂၆ နှစ်
အိမ်ခန်းငှားနေတာ လေးနှစ်လောက်ရှိပြီ။ ပထမဆုံး စမ်းချောင်းဘက်မှာ ငှားနေတုန်းက ရေမော်တာကအစကတည်းက ပျက်ချင်နေတာ။ ပျက်သွားတော့ အိမ်ရှင်က လုပ်မပေးဘူး။ နည်းနည်းပါးပါးဆိုရင် လုပ်ပေးလို့ရပေမဲ့ မော်တာတစ်ခုလုံးကို ကျွန်တော်တို့ကိုလုပ်ခိုင်းတော့ အိမ်ရှင်နဲ့ စကားများရတာရှိတယ်။ စမ်းချောင်းမြို့နယ် မင်းလမ်းမှာ ငှားနေတုန်းကဆို ခေါင်မိုးထပ်ဖြစ်တဲ့အတွက် မိုးတွေယိုတယ်။ အိမ်ရှင်ကို ပြင်ပေးဖို့ တော်တော်လေးပြောယူတာတောင် မပြင်ပေးလို့ အခန်းထဲမှာ ရေတွေပြည့်သွားတာတွေ ဖြစ်ခဲ့ဖူးတယ်။
အရပ်ပွဲစားတွေကိုပေးရတဲ့ အကျိုးဆောင်ခက ကုမ္ပဏီနဲ့အပ်တာထက် များတယ်။ တာဝန်ယူမှု တာဝန်ခံမှု ဘာမှမရှိဘူး။ ဒါပေမဲ့သူတို့ဆီမှာ ကျွန်တော်တို့လိုချင်တဲ့စျေးနဲ့ စိတ်ကြိုက်ပုံစံအခန်းကို ရှာခိုင်းလို့ရတယ်။ ကုမ္ပဏီကိုအပ်တာက အကျိုးဆောင်ခသက်သာတယ်၊ တာဝန်ယူမှုရှိတယ်ဆိုပေမဲ့ သူတို့ရှာပေးတဲ့ အိမ်ခန်းတွေက စျေးကြီးတော့ တော်ရုံမတတ်နိုင်ဘူး။ ဒါကြောင့် အရပ်ပွဲစားတွေနဲ့ ရှာကြတာများတယ်။ တစ်ခါတလေ အိမ်ရှင်နဲ့ အဆင်ပြေပြီး ပွဲစားကတာဝန်ယူမှုမရှိတာကြောင့် စကားများရတာတွေရှိတယ်။
မစုမြတ်မွန်၊ ကုမ္ပဏီဝန်ထမ်း၊ အသက် ၃ဝ
အခန်းငှားတဲ့အခါ ကိုယ်လိုချင်တဲ့ပုံစံကို ပွဲစားကို ပြောထားတယ်။ သူက အဆင်ပြေတယ်ပြောပေမဲ့ တကယ်တမ်း သွားကြည့်တဲ့အခါ ကွာခြားတာတွေ၊ အဆင်မပြေတာတွေရှိတယ်။ အစ်မအခုငှားထားတဲ့အိမ် ဆိုရင် ပထမအိမ်ငှားက ဖယ်ပေးရမယ့်နေ့ထက် သုံးလေးရက်လောက် နောက်ကျပြီးမှ ဖယ်ပေးတယ်။ သူက နေထိုင်တာ အရမ်းညစ်ပတ်ရှုပ်ပွနေတော့ အိမ်ခန်းကိုတောင် မနည်းသန့်ရှင်းရေးလုပ်လိုက်ရတယ်။ ပထမအိမ်ငှားတဲ့ ယောကျာ်းလေးက အဲဒီအိမ်က မဖယ်ပေးချင်ဘူး၊ အစ်မကို မငှားဖြစ်အောင် အိမ်က မသန့်ဘူးတွေဘာတွေ လျှောက်ပြောပြီး မငှားဖို့တောင် ပြောသေးတယ်။ အစ်မကလည်း အိမ်ခန်းကိုလည်းကြိုက်တယ်၊ နေရာလည်းအဆင်ပြေတဲ့အတွက် သူဘာပြောပြော ဆက်ငှားဖြစ်သွားတာ။ အခုနောက်ပိုင်း အွန်လိုင်းပေါ်က အခန်းရှာပြီးငှားတဲ့အလုပ်ကလည်း တွင်ကျယ်လာတယ်လေ။ ဒီတိုင်း အရပ်ပွဲစားကိုအပ်ပြီး ရှာခိုင်းတာထက် အွန်လိုင်းကရှာတာက ပိုပြီးအဆင်ပြေလွယ်ကူတယ်။ ကိုယ့်စိတ်ကြိုက်တွေ့မှ သွားကြည့်လို့ရတယ်။



















