နေပြည်တော်ရှိ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းတွင် ဆင်များကို ထပ်မံဖြည့်တင်းသွားမည်ဖြစ်ပြီး ၎င်းဆင်များထားရန် မြေနေရာများ ထပ်မံ တောင်းဆိုထားပြီး အခြားဝန်ဆောင်မှုအသစ်များကိုပါ တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း နေပြည်တော် တောင်ပိုင်း သစ်ထုတ်ရေးမှ ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်မြင့်ဌေးက ပြောဆိုသည်။
လက်ရှိနှင့် ထပ်မံတောင်းခံထားသည့် မြေဧက စုစုပေါင်း ၅၅၃ ဧကဖြင့် တိုးချဲ့မည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုအသစ်ဖြစ်သည့် တောတွင်းစက်ဘီးစီးခြင်းအတွက် မန္တလေး တောင်တက်စက်ဘီးစီးအဖွဲ့နှင့် ချိတ်ဆက်ထားကြောင်း၊ အဆိုပါစခန်းကို မေ ၈ ရက်က ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းခရီးသွား တစ်ဦးလျှင် ငွေကျပ် ၁၀ဝ၀၊ ဆင်စီးခ ကျပ် ၅၀ဝ၀၊ ပြည်ပခရီးသည်တစ်ဦးလျှင် ဝင်ကြေးနှင့်ဆင်စီးခအပါ ငွေကျပ် ၂၀ဝ၀ဝ သတ်မှတ်ထားသည်။
"အထက်ကခွင့်ပြုလိုက်ပြီဆိုတာနဲ့ သစ်တောဦးစီးဌာနနဲ့ညှိနှိုင်းပြီး ဒီနွေရာသီအမီမှာ ဒီလုပ်ငန်းတွေစပြီး ဆောင်ရွက်နိုင်အောင်တော့ စီစဉ်ထားပါတယ်" ဟု ဦးအောင်မြင့်ဌေးက ဆက်လက် ပြောဆိုသည်။
















