တရားမဝင် မြစ်ကျောက်စရစ်ထုတ်ယူသူနှစ်ဦး သရက်၌ အရေးယူ

တရားမဝင် မြစ်ကျောက်စရစ်ထုတ်ယူသူနှစ်ဦး သရက်၌ အရေးယူ

သရက် နိုဝင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်တွင် ဧရာဝတီမြစ်အတွင်းမှ တရားမဝင် မြစ်ကျောက် စရစ်များထုတ်ယူနေသော အမျိုးသားနှစ်ဦးကို နိုဝင်ဘာ ၁၁ ရက်က ဖမ်းဆီးအရေးယူခဲ့ကြောင်း သရက်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ သရက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဌေးနိုင် သည် နိုဝင်ဘာ ၁၀ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က သရက်မြို့နယ် ကမ်းနီကျေးရွာအနီး ပြရေအုပ်စုတွင် မြစ်ကျောက်စရစ်ထုတ်ယူ နေမှုကို ကွင်းဆင်းစစ်ဆေးစဉ် ကျောက်စုပ် မော်တော်ငါးစင်းက ကျော်ကျော်ထွန်း (၄၁) နှစ် ကျောက်လုပ်ငန်း ကမ်းနီကျေးရွာ ပြရေ အုပ်စု သရက်မြို့နယ်နေသူ၏ ကျောက်လုပ် ကွက်အတွင်းမှ မြစ်ကျောက်များထုတ်ယူနေပြီး မြစ်အနောက်ဘက်ကမ်းတွင် ဆိုက်ကပ်ထား သော ဦးအေးကြူ ပိုင်ဆိုင်သည့် မြတ်သုခကျော် (၁) ၁၃,၉၈၉ တွဲ ရေယာဉ်ပေါ်သို့ မြစ်ကျောက် စရစ် ခန့်မှန်းကျင်း ၈၀ ခန့်အား ခွင့်ပြုမိန့် တစ်စုံတစ်ရာမရှိဘဲ တင်ဆောင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အမှုဖွင့်

ယင်းလုပ်ဆောင်မှုနှင့်ပတ်သက်၍ အမိန့် တစ်စုံတစ်ရာမရှိဘဲ မြစ်ကျောက်စရစ်ထုတ် လုပ်ရန်ခွင့်ပြုသည့် ကျော်ကျော်ထွန်းနှင့်  မြစ်ကျောက်စရစ်တင်ဆောင်သည့် မျိုးမင်းဦး (၂၆) နှစ် ဒုရေယာဉ်အုပ် ငါးဘတ်ချောင်း ကျေးရွာ ရွှေကျင်မြို့နယ်နေသူတို့နှစ်ဦးအား  သရက်မြို့မရဲစခန်းက (ပ) ၈၉၉/၂၀၁၇၊ ရေ အရင်းအမြစ်နှင့် မြစ်ချောင်းထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂၆/၂၉ ဖြင့် အမှုဖွင့်ထားသည်။