မကွေးမြို့နေ ငွေစု/ငွေထုတ် အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ စုကြေးငွေ ကျပ် ၆၆ သိန်း ထုတ်မပေးဟုဆိုကာ တိုင်ကြားအမှုဖွင့်ထား

မကွေးမြို့နေ ငွေစု/ငွေထုတ် အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ စုကြေးငွေ ကျပ် ၆၆ သိန်း ထုတ်မပေးဟုဆိုကာ တိုင်ကြားအမှုဖွင့်ထား

မကွေး နိုဝင်ဘာ ၁၃

မကွေးမြို့နေ အမျိုးသမီးတစ်ဦးက ငွေစု/ ငွေထုတ် အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ အား စုကြေးငွေ ထုတ်ပေးခြင်းမရှိဟုဆိုကာ နိုဝင်ဘာ ၁၂ ရက်တွင် တိုင်ကြားအမှုဖွင့်ခဲ့ ကြောင်း မကွေးနယ်မြေရဲစခန်းမှ သိရသည်။ 

ဖြစ်စဉ်မှာ မကွေးမြို့ ရန်ကျော်ရပ်ကွက် ပြည်တော်သာလမ်း တိုင်းအားကစားကွင်း တိုက်တန်း အခန်းအမှတ် ၃၈၊ ၃၉ တွင် စား သောက်ဆိုင်ဖွင့်လှစ်ထားသူ ဒေါ်ဧရာ(၄၁)နှစ်သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် ညနေ ၄ နာရီက စားသောက်ဆိုင်၌ရှိနေစဉ် ယခင်ကတည်းက ခင်မင်ရင်းနှီးသူ ဒေါ်ခင်မျိုး ဝင်း(၄၅)နှစ် မြင်သာရပ်ကွက် (၂၃)လမ်း မကွေးမြို့နေသူရောက်ရှိလာပြီး ဦးဝင်းနိုင်သက်၊ ဒေါ်စောနွယ်ဦး၊ ဒေါ်နှင်းနွယ်ဖြိုး၊ ဒေါ်ခင်ချို သက်နှင့် မမြင့်မြင့်အောင်တို့ရှေ့တွင် ဒေါ်ခင် မျိုးဝင်းက ၎င်းတာဝန်ယူဆောင်ရွက်သည့်    'ပြည့်ရွှေဝင်း' ငွေစု/ငွေထုတ် အကျိုးဆောင် လုပ်ငန်း အုပ်စု(၃)တွင် တစ်ရက်လျှင် ငွေကျပ် ၃၀,ဝ၀ဝထည့်ဝင်ပါက အကျိုးအမြတ်ခံစား ရရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

ယင်းသို့ ပြောဆိုသဖြင့် ဒေါ်ဧရာက ယုံ ကြည်ပြီး 'ပြည့်ရွှေဝင်း'ငွေစု/ငွေထုတ် အကျိုး ဆောင်လုပ်ငန်းတွင် ပါဝင်မည်ဟု ပြောဆိုခဲ့ ကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီတွင် ဒေါ်ခင်မျိုးဝင်း စားသောက် ဆိုင်သို့ရောက်လာပြီး စုကြေးငွေ ၁၀ ရက် အတွက် ငွေကျပ်သုံးသိန်း လာရောက်ယူဆောင် သဖြင့် ဒေါ်ဧရာက ဦးဝင်းနိုင်သက်၊ ဒေါ်စော နွယ်ဦး၊ ဒေါ်နှင်းနွယ်ဖြိုး၊ ဒေါ်ခင်ချိုသက်နှင့် မမြင့်မြင့်အောင်တို့ရှေ့မှောက်တွင်  ငွေကျပ် သုံးသိန်းကို ယုံကြည်စွာ ပေးအပ်ခဲ့သည်။ 

ထို့နောက် ဒေါ်ဧရာက ၁၀ ရက်တစ်ကြိမ် အတွက် ငွေကျပ်သုံးသိန်း စုငွေများကို ၂၂ ကြိမ် စုစုပေါင်း ငွေကျပ် ၆၆ သိန်းကို ပေးသွင်း ခဲ့ပြီးဖြစ်ကြောင်း၊ ဒေါ်ဧရာ စုကြေးငွေထုတ် ယူရမည့် ၂၀၁၇ ခုနှစ် သြဂုတ် ၂၆ ရက်တွင် ပေးသွင်းထားသော ငွေကျပ် ၆၆ သိန်းကို  သွားရောက်ထုတ်ယူခဲ့ရာ ဒေါ်ခင်မျိုးဝင်းက   ထုတ်ပေးခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် သုံးစွဲ ထားကြောင်း တရားလို၏ တိုင်ကြားချက်အရ သိရသည်။ 

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ခင်မျိုးဝင်းအား နိုဝင်ဘာ ၁၂ ရက်တွင် မကွေးနယ်မြေရဲစခန်း က (ပ)၈၉၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၀၆ ဖြင့် အမှုဖွင့်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး