တစ်ပတ်အတွင်း လွှတ်တော်သတင်း

တစ်ပတ်အတွင်း လွှတ်တော်သတင်း

မသန်စွမ်းသူများကို လစဉ်ကျပ် ၁၆,ဝဝဝ မှ ၃ဝ,ဝဝဝ အထိ ထောက်ပံ့ သွားမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယမန်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

မသန်စွမ်းဖြစ်မှုကို လျှော့ချနိုင်ရန် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တိုင်းတာစစ်ဆေးပံ့ပိုးမှု (Early Childhood Intervention) လုပ်ငန်းစဉ်ကို ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်မြို့နယ်နှင့် ကန်ကြီးဒေါင့်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာ၊ အရာတော်နှင့် ချောင်းဦးမြို့နယ်၊ မွန်ပြည်နယ်ရှိ သထုံနှင့် ပေါင်မြို့နယ်များ လာမည့်နှစ်အတွင်း ဆောင်ရွက်သွားမည်ဟုလည်း ၄င်းက ပြောသည်။ မိုင်းအန္တရာယ်ကြောင့် မသန်စွမ်း ဖြစ်ခဲ့ရသူများကို ထောက်ပံံ့ခြင်းနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်မှ ငါးဦး၊ ကယားပြည်နယ်မှခုနစ်ဦး၊ ကရင်ပြည်နယ်မှရှစ်ဦး၊ ရှမ်းပြည်နယ်မှ ၃ဝ ဦး၊ စုစုပေါင်း ၅ဝ ဦးကို တစ်ဦးလျှင် နှစ်သိန်းနှုန်းဖြင့် စုစုပေါင်းသိန်း ၁ဝဝ ထောက်ပံ့ပေးခဲ့သည်ဟု ဆိုသည်။  ပြည့်သက်ဖြိုး

အိမ်ထောင်စုသက်သေခံကတ်ပြား (စမတ်ကတ်) ထုတ်ပေးထားသည့် ကျူးကျော်နေထိုင်သူများ အဆင်ပြေစေရန် ဖြေရှင်းပေးသွားမည်ဟု ယခုလ ၁၄ ရက်က အမျိုးသားလွှတ်တော်တွင် နေပြည်တော်ကောင်စီဝင် ဦးအောင်မြတ်ထွန်းက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရန်ကုန်ပုသိမ် ကားလမ်းမဘေးရှိ ကျူးကျော်တဲများ၊ ကားရေဆေးလုပ်ငန်းနှင့် ပျိုးဥယျာဉ်အရောင်းဆိုင်များ ဖယ်ရှားပေးမည့် အချိန်နှင့်ပတ်သက်ပြီး၊  ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်က မေးမြန်းရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဦးအောင်မြတ်ထွန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန် (၂)၊ (၃)၊ (၄) ရှိ ကျူးကျော်တဲ ၂၅ဝ ကျော်၊ ရွှေသံလွင်စက်မှုဇုန်နှင့် အနော်ရထာစက်မှုဇုန်ရှေ့ရှိ ကျူးကျော်တဲ ၄ဝဝ ကျော်၊ စုစုပေါင်း ၆၅ဝ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစီမံကိန်းအရ အိမ်ထောင်စု သက်သေခံကတ်ပြားများ ထုတ်ပေးထားပြီးဖြစ်သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကားရေဆေးလုပ်ငန်း ၄ဝ ကျော်နှင့် ပန်းပျိုးဥယျာဉ်အရောင်းဆိုင် ခုနစ်ဆိုင်ကို  အရေးယူဆောင်ရွက်ခဲ့ရာ အမှုပေါင်း ၁၁၅ မှုတွင် ငွေဒဏ် ကျပ် ၁၈,၇ဝ၅,ဝဝဝ ရရှိခဲ့သည်ဟု ဆိုသည်။ ပြည့်သက်ဖြိုး

တည်ဆောက်ရေးလုပ်ငန်းများအတွက် Third Party စနစ်ကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က ယခုလ ၁၄ ရက်တွင် အတည်ပြုလိုက်သည်။ နိုင်ငံတစ်ဝန်းရှိ တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးနှင့် စချိန်စံညွှန်းပြည့်မီရေးအတွက် ပိုင်ရှင်နှင့် တည်ဆောက်သူအကြား ကြားခံတာဝန်ယူဆောင်ရွက်ပေးမည့် Third Party စနစ်ကို ကျင့်သုံးရန် ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က လွှတ်တော်၌ တင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးဌာနက ကိုယ်တိုင်ဒီဇိုင်းထုတ်၊ ကိုယ်တိုင်တည်ဆောက်၊ ကိုယ်တိုင်အရည်အသွေးစစ်ဆေးသည့် စနစ်သည် မှားယွင်းနေသည့်အတွက် ပြုပြင်ပြောင်းလဲရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားထားပြီးဖြစ်သည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။ ထူးသန့်

လက်ရှိဘဏ္ဍာနှစ်အတွင်း ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ပြည့်စွက်ခွင့်ပြုငွေအဖြစ် ကျပ် ၂,၅၄၄ ဒသမ ၇၃၆ ဘီလျံ ပြည်ထောင်စုအစိုးရအဖွဲ့က တင်ပြလာခဲ့ရာ ကျပ် ၇ဝ ဒသမ ၆ ဘီလျံ စိစစ်ဖြတ်တောက်ပြီးနောက် ပြည်ထောင်စုလွှတ်တော်က ယခုလ ၁ဝ ရက်တွင် အတည်ပြုခဲ့သည်။ ပြည်ထောင်စုအစိုးရ အဖွဲ့က တင်ပြချက်များကို လေ့လာသုံးသပ်ပြီးနောက်၊ နေပြည်တော်စည်ပင်၊ နေပြည်တော်ကောင်စီနှင့် ဝန်ကြီးဌာန ၁၇ ခု၏ တင်ပြချက်များကို ပြည်ထောင်စုလွှတ်တော်က ခေါင်းစဉ်အလိုက် လျှော့ချခြင်း၊ စိစစ် ဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့သည်။ အစိုးရအဖွဲ့၏ အသုံးစရိတ်တင်ပြမှုတွင် နိုင်ငံတော်သို့ ရငွေအဖြစ် ပေးသွင်းရန်တောင်းခံငွေ (ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ ထည့်ဝင်ငွေ) ခေါင်းစဉ်မှ ကျပ် ၄၄၇ ဘီလျံကျော်၊ ပြည်ပအကူအညီရငွေ၊ ချေးငွေရသောကြောင့် အသုံးဖော်ပြရန် တောင်းခံငွေ ကျပ် ၂၅၂ ဘီလျံကျော်၊ သာမန် အသုံးစရိတ် (လစာ၊ ပင်စင်၊ အတိုးပေးငွေ၊ တိုင်း/ပြည်နယ်များသို့ အခွန်ဝေစုပေးရန်) ကျပ် ၄၇၂ ဘီလျံကျော်နှင့် ဘဏ္ဍာနှစ်အတွင်း မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၁၃၇၂ ဘီလျံကျော်ဖြစ်သည်။ ထူးသန့် 

အိုင်တီနည်းပညာသုံးစွဲမှုကို စောင့်ကြည့်ထိန်းကျောင်းရေး ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်က ယခုလ ၈ ရက်တွင် အတည်ပြုခဲ့သည်။ လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားစေခြင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှုပျက်ပြားစေခြင်းများကြောင့် အိုင်တီနည်းပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းရန် လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြီးနောက် အဆိုကို အိုင်တီနည်းပညာ 'အလွဲ' သုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းရန် တိုက်တွန်းကြောင်းဟု ပြင်ဆင်ကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။ အဆို၏မူလခေါင်းစဉ်၌ အိုင်တီနည်းပညာ သုံးစွဲမှုကို စောင့်ကြည့်ထိန်းကျောင်းရန်ဟု ပါရှိသော်လည်း အဆိုရှင်၏ဆွေးနွေးချက်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်အရ အိုင်တီနည်းပညာ အလွဲသုံးစွဲမှုကို စောင့်ကြည့်ထိန်းကျောင်းရန်ဟု အတည်ပြုခဲ့သည်။    မြန်မာနိုင်ငံတွင် ယခုနှစ်စက်တင်ဘာလအထိ ဆင်းကတ်သုံးစွဲမှု ၅၆ ဒသမ ၁၂၇ သန်း၊ အင်တာနက် အသုံးပြုသူဦးရေမှာ ၄၆ ဒသမ ၃၉၁ သန်း၊ ဖေ့စ်ဘွတ်ခ်အသုံးပြုသည့်ဦးရေမှာ ယခုနှစ်၊ ဇန်နဝါရီလအထိ ၁၄ သန်းခန့်ရှိသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင် ပြောကြားခဲ့သည်။ ထူးသန့်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှနုတ်ထွက်ကာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် လျှောက်ထားခဲ့ရာ လေးလအကြာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုသတ်မှတ်ခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်၏ ဦးစိန်ဝင်းထံပြန်ကြားချက်အရ 

''ဦးစိန်ဝင်းအား ယခုလ ၉ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြောင်းလဲသတ်မှတ်ပြီးဖြစ်ကြောင်း အကြောင်းကြားပါသည်''ဟု ဖော်ပြထားသည်။ တောင်သူလယ်သမားများ လယ်ယာမြေ အသိမ်းခံရသည့် အရေးကိစ္စများကို လွတ်လပ်စွာဆောင်ရွက်ပေးလိုသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အဖြစ်မှ နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးစိန်ဝင်းက ထုတ်ဖော်ပြောကြားထားသည်။ ထူးသန့်



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး