ဆက်သွယ်ရေး အော်ပရေတာများ၏ ဖုန်းဘေလ်ဖြတ်တောက်မှုကို စိစစ်နေ

ဆက်သွယ်ရေး အော်ပရေတာများ၏ ဖုန်းဘေလ်ဖြတ်တောက်မှုကို စိစစ်နေ

မိုဘိုင်းဖုန်း အသုံးပြုရာတွင် အမှန်တကယ်သုံးစွဲခ ကျသင့်မည့် ငွေပမာဏထက် ပိုမိုဖြတ်တောက်နေခြင်းများနှင့်ပတ်သက်ပြီး စိစစ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က  ယခုလ ၂ဝ ရက်တွင် ပြောသည်။ 

မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်း ဆက်သွယ်ရေးကဏ္ဍ၌ တရားဝင် လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်နေသည့် ကုမ္ပဏီအချို့တို့သည် အမှန်တကယ်သုံးစွဲခ ကျသင့်သည်ထက် ပိုမိုဖြတ်တောက်နေခြင်းများကို သုံးစွဲသူများမကြာခဏကြုံတွေ့နေရသည့်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စိစစ်အရေးယူဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊ မရှိကို နိုဝင်ဘာ ၂ဝ ရက်က ကျင်းပသော တိုင်းဒေသကြီးလွှတ်တော်တွင် မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက မေးမြန်းခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင် အမ်ပီတီ၊ တယ်လီနော၊ အူရီဒူးစသည့် ဆက်သွယ်ရေးအော်ပရေတာသုံးခုမှ ဝန်ဆောင်မှုပေးလျက်ရှိသည်။

''လက်ရှိဆက်သွယ်ရေးကုမ္ပဏီသုံးခုနဲ့ ဆောင်ရွက်နေတဲ့အချိန်မှာ အမ်ပီတီသုံးစွဲသူများက ဖုန်းအသုံးပြုခတွေဟာ အမှန်တကယ် ကျသင့်ငွေထက် ပိုမိုဖြတ်တောက်နေခြင်းတွေကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို တင်ပြလာတာရှိတဲ့အတွက် စိစစ်ဆောင်ရွက်နေပါတယ်'' ဟုဒေါ်နီလာကျော်က မေးမြန်းချက်ကိုပြန်လည်ဖြေကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်းသုံးစွဲသူများသည် မိမိတို့၏ဖုန်းအတွင်း Background data များ၊ Software update များ၊ Auto update နှင့် Download များကိုပိတ်ထားခြင်း မရှိသည့်အတွက် ဖုန်းဘေလ်ဖြတ်တောက်သွားခြင်းများ ရှိနိုင်သည့်အတွက် သုံးစွဲသူများကိုအသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ၄င်းက ပြောသည်။

အခြားဆက်သွယ်ရေး အော်ပရေတာများဖြစ်သော တယ်လီနောနှင့် အူရီဒူးတို့ကိုလည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်ချုပ်ဆိုထားသော စာချုပ်ပါ စည်းမျဉ်းများနှင့်အညီ  ကျသင့်ငွေထက်ပိုမို ဖြတ်တောက်နေခြင်းများ ရှိ၊ မရှိကို စိစစ်ဆောင်ရွက်နေကြောင်း ဒေါ်နီလာကျော်က ပြောသည်။

ယခုကဲ့သို့ ဖုန်းဘေလ်ဖြတ်တောက်ခြင်း နှင့်ပတ်သက်ပြီး အငြင်းပွားမှုများမှာ ယခင်ကလည်းဖြစ်ပွားခဲ့ပြီး ယခုအခါ တိုင်းဒေသကြီးလွှတ်တော်တွင်ဆွေးနွေးသည့် အဆင့်အထိ  ရောက်ရှိလာခဲ့သည်။ 

ဖုန်းဘေလ်ဖြတ်တောက်မှုနှင့်ပတ်သက်ပြီး အော်ပရေတာဘက်မှ ဖြေရှင်းပေးမှုမရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း ဆက်သွယ်ရေး ညွန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးဆွေက မြန်မာတိုင်း(မ်)ကို ယခုလ ၂၁ ရက်တွင် ပြောသည်။

''တစ်ခါတလေနားလည်မှုတွေ လွဲတာလည်းဖြစ်နိုင်ပါတယ်။သုံးစွဲသူဘက်က မသိလိုက်တဲ့ VAS (Value Added Service) တွေကို ဝယ်လိုက်တာမျိုးတွေရှိတယ်။ ဥပမာ Ring tune တွေ ဝယ်ထားတာတွေရှိတယ်။ အဲ့ဒါတွေကို ပြန်ပြီး Unsubsuribe မလုပ်ဘူးဆိုရင် ဖုန်းဘေလ်ထဲက ဖြတ်တာတွေရှိနိုင်သလို အော်ပရေတာတွေဘက်ကလည်း စက်တစ်စုံတစ်ရာချို့ယွင်းလို့ ဖုန်းဘေလ် ဖြတ်တောက်မှုလွဲသွားတာတွေ ရှိနိုင်တယ်။ ဒီအပေါ်မှာလည်း အော်ပ ရေတာတွေဘက်က တစ်စုံတစ်ရာ ပြဿနာတက်လာရင် စုံစမ်းမေးမြန်း နိုင်အောင်လည်း Call Center တွေ ထားပြီးသား။ ဒီ Call Center တွေကိုဖုန်းဆက် ပြီးလို့ အော်ပရေတာတွေဘက်က မဖြေရှင်းပေးဘူးဆိုရင်တော့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနကို တိုက်ရိုက်စာပို့ပြီး တိုင်ကြားနိုင်ပါတယ်''ဟု ဦးမျိုးဆွေက ပြောသည်။

''တယ်လီနောကတော့သုံးစွဲသူတွေကို ဖုန်း ဘေလ်ဖြတ်တောက်မှုနဲ့ပတ်သက်ပြီးအွန်လိုင်းကနေ video clip တွေနဲ့အသိပညာပေးတာတွေရှိသလို တယ်လီနောအရောင်းဆိုင်က ဝန်ထမ်းတွေအပြင် တယ်လီနောရဲ့ Blue Wave အစီအစဉ်နဲ့  သုံးစွဲသူတွေဆီကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်အသိပညာပေး လုပ်ငန်းတွေ လုပ်နေတာရှိပါတယ်''ဟု တယ်လီနောမြန်မာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး မန်နေဂျာ ဦးအဲလက်စ်ညီညီအောင်က  ပြောသည်။

ဒေတာအသုံးပြုမှုအတွက် အဆမတန် ဖုန်းဘေလ်ဖြတ်တောက်မှုကိုကာကွယ်နိုင်ရန် brackground ဒေတာများကို ပိတ်ထားခြင်း၊ ဖုန်း setting များကို သေချာစွာချိန်ထားခြင်း၊ မိမိကြည့်ရှုနားစဉ်မည့် video streamingနှင့် သီချင်းများ၏ ဖိုင်အရွယ်အစားကို သိရှိရန်လိုအပ်ခြင်းအပြင် အသုံးပြုမှုမရှိသည့် ဝန်ဆောင်မှုများကိုUnsubscribe များပြုလုပ်ထားသင့်ကြောင်း  အူရီဒူးမြန်မာ၏ Customer Experience အရာရှိချုပ် မစ္စတာဖိလစ်ဂျိုးဇက်က ပြောကြားထားသည်။ 

''အမ်ပီတီအနေနဲ့တော့ ပုံမှန်ထက် ကျသင့်ငွေ ပိုပြီးဖြတ်တောက်တာတွေရှိရင် အဲဒီ ဖြတ်တောက်ထားတဲ့အသုံးပြုခတွေကို သုံးစွဲသူများထံ ပြန်လည်ထည့်ပေးဖို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စိစစ်ဆောင်ရွက်လျက်ရှိပါတယ်''ဟ ုဒေါ်နီလာကျော်က ပြောသည်။

နိုင်ငံပိုင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)သည် ၂ဝ၁၆ ခုနှစ်၊  သြဂုတ်လက သုံးစွဲသူများ ရယူထားခြင်းမရှိသည့် ထပ်ဆောင်းဝန်ဆောင်မှုများအတွက် ဝန် ဆောင်ခပေးနေရခြင်းကို သုံးစွဲသူ တစ်ဦးချင်းအတွက် ဖုန်းငွေများပြန်လည် ဖြည့်သွင်းပေးခဲ့ဖူးသည်။

လက်ရှိတွင် ဆက်သွယ်ရေးအော်ပရေ တာများက သုံးစွဲသူဘက်က ဖုန်းဘေလ် ဖြတ်တောက်မှုနှင့်ပတ်သက်ပြီး သိရှိနိုင်ရုံသာမက အခြားဝန်ဆောင်မှုများနှင့်ပတ်သက်သည့် အချက်အလက်များကို မေးမြန်းစုံစမ်းနိုင်ရန် Call Center  (သို့မဟုတ်) Hotline ဖုန်းနံပါတ်များလည်း ဝန်ဆောင်မှုပေးထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်