မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်ငါးခုတို့တွင် အလိုအလျောက် မြေပြင်မိုးလေဝသ တိုင်းကိရိယာများကို စခန်း ၉၀ အထိ ကမ္ဘာ့ဘဏ်၏အကူအညီဖြင့် တပ်ဆင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်)မှ နိုဝင်ဘာ ၂၆ ရက်၌ သိရသည်။
အပြီးတပ်ဆင်
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ငါးခုမှာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ဖြစ်ပြီး မြန်မာနိုင်ငံမိုးလေ ဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန လက်အောက်ရှိ မိုးလေဝသစခန်း ၉၀ တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ စတင်တပ်ဆင်မည်ဖြစ်ကာ ၂၀၁၈ ခုနှစ် မတ်လတွင် အပြီးတပ်ဆင် မည်ဖြစ်ကြောင်း သိရသည်။
"ကမ္ဘာ့ဘဏ်က သူတို့အဖွဲ့ရဲ့ သဘာဝဘေးဖြစ်တဲ့ နေရာတွေကိုအကူအညီပေးတဲ့ ရန်ပုံငွေထဲကနေ ကူညီထောက်ပံ့တာပါ။ ဘယ်တိုင်း၊ ဘယ်ပြည်နယ်မှာ အရင်တပ်ဆင်မလဲ ဆိုတာတော့ အခုထိမသိရသေးဘူး။ ကူညီတဲ့အဖွဲ့တွေက လမ်းကြောင်းရေးဆွဲရဦးမှာပါ"ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက နိုဝင်ဘာ ၂၄ ရက်၌ ပြောဆိုသည်။
တိုင်းတာနိုင်မည်
အလိုအလျောက် မြေပြင်မိုးလေဝသတိုင်းတာရေး စက်ကိရိယာများမှာ နေပူချိန်၊ မိုးရေချိန်၊ လေထုဖိအား၊ စိုထိုင်းဆ၊ လေတိုက်နှုန်းနှင့် လေတိုက်ခတ်ခဲ့သည့် မိုင်နှုန်း၊ လေတိုက် ခတ်ခဲ့သည့် အရပ်ဒေသများကို တိုင်းတာနိုင်မည်ဖြစ်ကြောင်း သိရသည်။
















