အမှန်တရားကို အသက်နှင့်ရင်း၍မြတ်နိုးသူ

အမှန်တရားကို အသက်နှင့်ရင်း၍မြတ်နိုးသူ

ခရစ်နှစ် ၂၀၁၇ ခုနှစ်သည် တစ်စတစ်စဖြင့် ကုန်ဆုံးရန် နီးကပ်လာခဲ့ပေပြီ။ နံရံပေါ်မှာ ချိတ်ဆွဲထားသည့် ရွက်ဆုတ် ပြက္ခဒိန်လေးက ခပ်ပါးပါးသာရှိတော့သည်။ ရွက်ဆုတ် ပြက္ခဒိန် တစ်ခုလိုပင် ကျွန်တော်တို့ လူသားတွေလည်း အသက်ရှင်နေထိုင်ခွင့်ကာလက တစ်ရက်ပြီး တစ်ရက် လျော့လျော့လာနေသည်။ ဘဝဆို သည်က ရွက်ဆုတ်ပြက္ခဒိန်တစ်ခုလို တစ်နှစ်စာ ထုပ်ပိုးထားသည်တော့ မဟုတ်။ အကန့်အသတ် မသိ၊ အကန့်အသတ် မရှိချေ။

မိမိတို့သည်  ၃၆၅  ရွက်သာ  ပါရှိသော ရွက်ဆုတ်ပြက္ခဒိန်ပေါ်မှ နေ့ရက်များကို တစ်ရွက် ပြီးတစ်ရွက် ဆုတ်ဖြဲပစ်နေသလို ဘဝဆိုသော ရှင်သန်နေထိုင်ခြင်းကလည်း ကျွန်တော်တို့ကို တစ်ရက်ပြီးတစ်ရက် ဆုတ်ဖြဲပစ်ချနေသည်။ ဘဝမကူးမီ ကျန်ရှိနေသော ရက်ပိုင်းတွေမှာ မိမိအတွက်၊ မိမိ၏ မိသားစုအတွက်၊ မိမိပတ်ဝန်း ကျင်အတွက်၊ မိမိတိုင်းပြည်အတွက် ကိုယ်စွမ်း သမျှ ဝန်ကိုထမ်းရင်း ခရီးဆုံးကို လျှောက်လှမ်း နေကြသည်။ အချို့ကအတ္တနည်းသည်။ အချို့က များသည်။ အချို့က ကိုယ်ကျိုးကိုသာ ကြည့်သည်။ အချို့က ကိုယ်ကျိုးမငဲ့၊ အများအတွက်သာ ရှေးရှုသည်။ အချို့ဆိုလျှင် လောကအတွက်၊ နိုင်ငံအတွက် မိမိအသက်ကိုပင်စတေး၍ အမှန် တရားကို ရှာဖွေခဲ့သည်။

အသက်ကိုပင် စတေး၍ အမှန်တရားကို ရှာဖွေခဲ့သောလူပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံမှာ အထင်အရှားရှိခဲ့၊ ရှိဆဲ၊ ရှိနေဦးမည်လည်း ဖြစ်သည်။ ကုန်ဆုံးတော့မည့် ၂၀၁၇ နှစ်ဦးအစကို သမင်လည်ပြန်ကြည့်လိုက်လျှင် အမှန်တရား အတွက် အသက်ကိုပင် စတေးခဲ့သော စံထား လောက်သည့် ပုဂ္ဂိုလ်တစ်ဦးရှိခဲ့သည်။  ထိုသူကား ....

"လူဆိုတာ တစ်သက်မှာ တစ်ခါပဲသေ တယ်။ အဲဒီတော့ မှန်တာကိုလုပ်ရင်း သေသွား ချင်တယ်"ဟု ဆိုခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ဥပဒေအကြံပေး နိုတြီပဗ္ဗလစ်ရတရား လွှတ်တော်ရှေ့နေကြီး ဦးကိုနီပင်ဖြစ်သည်။

တရားလွှတ်တော်ရှေ့နေကြီးဦးကိုနီ

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဦးစူလ် တန်နှင့် ဒေါ်ခင်လှ (ခ) ဒေါ်ဟလီမာတို့က စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာ မြို့နယ် အင်းရွာကျေးရွာလေးတွင် ၁၉၅၃ ခုနှစ်၌ မွေးဖွားခဲ့သည်။ ၁၉၇၁ ခုနှစ် အသက် (၁၈) နှစ်အရွယ်တွင် ကသာမြို့ အထက (၁)မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့၍ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ကာ ၁၉၇၅ ခုနှစ်တွင် B.A(Law) ဘွဲ့ရရှိခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် LL.B (ဥပဒေဘွဲ့)ကို ရရှိ ခဲ့သည်။

၁၉၇၅- ၁၉၇၆ ပညာသင်နှစ်တွင် ရန်ကုန် တက္ကသိုလ် ဥပဒေအသင်းကြီး၏ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၇၇ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် နည်းပြဆရာအဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိပြီးနောက် အဝေးသင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း ဆရာကြီးဦးကိုယုထံ တွင် အလုပ်သင်ရှေ့နေ၊ အမှုလိုက်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့သည်။ ကျောင်းဆရာအလုပ်ကို ဝါသနာပါသူဖြစ်သည့်အလျောက် မေတ္တာဖြင့် ဟောပြောပို့ချမှုများလည်း ပြုလုပ်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် Laurel Law Firm ကို တရားဝင်မှတ်ပုံတင်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ခဲ့သည်။

ရှေ့နေကြီးဦးကိုနီကို မိမိတို့သတင်းမီဒီယာ များကလည်း အားကိုးအားထားပြုကြရသည်။ "ဆရာရေ၊ ဟိုပုဒ်မလေး သိချင်လို့၊ ဟိုဥပဒေ လေး  ပြောပြပေးပါဆရာ" စသည်ဖြင့် အပူကပ် တိုင်းလည်း အငြင်းအပယ်မရှိ ရင်းရင်းနှီးနှီး ဖြေဆိုပေးတတ်သူဖြစ်သည်။ မီဒီယာသမား အတော်များများအတွက်တော့ ဦးကိုနီက သက်ရှိ ဥပဒေအဘိဓာန်ကြီး ဖြစ်သည်။ သတင်းစာ၊ ဂျာနယ်အတော်များများက သတင်းထောက် တွေ၊ အယ်ဒီတာတွေနှင့် မစိမ်း၊ ဤအမှုနှင့်ပတ် သက်၍ ဆရာ့အမြင်လေးပြောပေးပါဆိုလျှင်လည်း မငြင်း၊ ဒီမတရားမှုကြီးအပေါ် ဆရာ ဘယ်လိုမြင်ပါသလဲဆိုလျှင်လည်း  ခေါင်း မရှောင် ရဲရဲဝံ့ဝံ့ဖြေဆိုပေးခဲ့သူဖြစ်သည်။ ယုတ်စွ အဆုံး ကျွန်တော်တို့ သတင်းမီဒီယာလောကကြီး လွတ်လပ်မှု အတော်အတန်ရလာသောအချိန်၊ သတင်းစာဆရာအသင်း၊ စာရေး ဆရာအသင်း စသည်ဖြင့် အသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရလာသောအချိန်တွင် ဥပဒေနှင့် အညီ အသင်းအဖွဲ့တွေ ဖွဲ့စည်းရာမှာလည်း ဆရာဦးကိုနီက ဖြစ်မြောက်ရေးကော်မရှင်တွေ၊ အမှုဆောင်ကော်မတီတွေမှာ ပါလာမြဲ ဖြစ်သည်။ ဆိုရပါလျှင်  ဦးကိုနီသည်  မီဒီယာများနှင့် ရင်းရင်းနှီးနှီးရှိခဲ့သူ၊ လူချစ်လူခင်များသူလည်း ဖြစ်သည်။

ဦးကိုနီနှင့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

အဘက်ဘက်က ယိုယွင်းပျက်စီးနေသော နိုင်ငံကို ပြန်လည်ထူထောင်စေရန်အလို့ငှာ ၁၉၈၈ ခုနှစ်  စက်တင်ဘာ ၁၈ ရက်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်း ရယူလိုက်သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအမည်များဖြင့် တပ်မတော်အစိုးရက နိုင်ငံကို ၂၀၁၀ ပြည့်နှစ် မတ်လကုန်အထိ ၂၂ နှစ်နီးပါး အုပ်ချုပ်သွား ခဲ့သည်။ တပ်မတော်အုပ်ချုပ်ရေး ကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ပေါ်ထွန်း လာရေးအတွက် ၁၉၉၃ ခုနှစ်တွင် အမျိုးသား ညီလာခံကိုကျင်းပကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး လုပ်ဆောင်ခဲ့သည်။ အခန်း ၁၅ ခန်း၊ ပုဒ်မပေါင်း ၄၅၇ ခု၊ ဇယားငါးခုပါဝင် သော ဖွဲ့စည်းပုံအခြေခံဥပဒေကို  ၂၀ဝ၈ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ဆန္ဒခံယူပွဲဖြင့် အတည် ပြုခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် ပြုခြင်းမခံခဲ့ရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည်  ၂၀၁၁ ခုနှစ်တွင် တရားဥပဒေ စိုးမိုးရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြွေးကြော်သံသုံးရပ်ဖြင့် ပြန်လည်မှတ်ပုံတင်ခဲ့ကာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် အင်န်အယ်လ်ဒီ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်သည်။ စင်စစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး ပို၍ပင် ရေပန်းစားလာခဲ့သည်။ နိုင်ငံတစ်ဝန်းမှ ဖွဲ့စည်းပုံ ပြင်ဆင်လိုသူတို့၏  ဆန္ဒပြုလက်မှတ်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စုစည်းတင်ပြ ခဲ့သည်။ အရာမထင်ခဲ့ချေ။

ဦးကိုနီ၏သတင်းဆိုး

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက် တနင်္ဂနွေနေ့ ညနေ ၅ နာရီဝန်းကျင် ...

ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဖေဖြင့်ဦးဆောင်သော ၂၁ ဦးပါ မြန်မာကိုယ်စား လှယ်အဖွဲ့သည် စင်ကာပူ Silk Air လေကြောင်း လိုင်းဖြင့်  အင်ဒိုနီးရှားနိုင်ငံမှ မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ညနေ ပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့သည်။ အင်ဒို နီးရှားနိုင်ငံ ဂျကာတာမြို့တွင် တစ်ပတ်ကြာပြုလုပ် သည့် Senior Leadership Program ကို တက်ရောက်ခဲ့သည့်  ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အတူ ပြန်လည်ရောက်ရှိ လာသည့် ကိုယ်စားလှယ်အဖွဲ့တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ ဗဟိုဥပဒေအထောက် အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီလည်း ပါဝင်ခဲ့သည်။

ဦးကိုနီသည် လေဆိပ်တွင် လာရောက် ကြိုဆိုနေသော သမီးနှင့်မြေးလေးတို့ကို တွေ့ဆုံ ပြီးနောက် နှစ်နှစ်နှင့် နှစ်လအရွယ် မြေးငယ်ကို ပွေ့ချီလျက် အိမ်အပြန်ခရီးအတွက် ကားငှားရန် လေဆိပ် Terminal-1, Gate 6 တွင် အငှား ယာဉ်အလာကို စောင့်နေခဲ့စဉ် နောက်ဘက်မှ နေ၍ အကြမ်းဖက်သမားက ဦးခေါင်းကို ပစ္စတို သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခြင်း ခံလိုက်ရသည်။ ခရီးသည်များ၊ လာရောက်ကြိုဆို သူများ၊ အငှားယာဉ်မောင်းများနှင့် စည်ကားလှ သော ရန်ကုန်မြို့တော်၏ နိုင်ငံတကာလေဆိပ် ကြီးတွင် သေနတ်သံကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရပြီး ဦးကိုနီလဲကျသွားစဉ် အနီး၌ ရှိနေသည့် အငှားယာဉ်မောင်းများနှင့် ပြည်သူ များက သေနတ်သမားကို ဝိုင်းဝန်းဖမ်းဆီးခဲ့ ကြသည်။ သေနတ်သမားက အေးအေးဆေးဆေး အဖမ်းခံခြင်းတော့မဟုတ်၊ သေနတ်ဖြင့်ချိန် လျက် အငှားယာဉ်များကို တားသည်။ အငှားယာဉ် တစ်စီးပေါ်သို့ အတက်တွင် နောက်မှ လိုက်ဖမ်း သူတို့က သူ့ကိုဆွဲချစဉ် သေနတ်သမားက ပြန် လည်ခုခံပစ်ခတ်သဖြင့် အငှားယာဉ်မောင်း ကိုနေဝင်းတစ်ယောက် လဲကျသေဆုံးရပြန် သည်။ ထိုနေ့က လူစည်ကားလှသော နိုင်ငံ တကာလေဆိပ်ရှေ့တွင် အပြစ်မဲ့လူသားနှစ်ဦး၊ သို့မဟုတ် အမှန်တရားကို မြတ်နိုးသူနှစ်ဦး အသက်စတေးခံလိုက်ကြရသည်။

သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက် ရသော တရားလွှတ်တော်ရှေ့နေကြီးဦးကိုနီ သေဆုံးသည့် ဇန်နဝါရီ ၂၉ ရက် ညပိုင်း၌ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အတွင်းရေးမှူး အဖွဲ့က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် -

"ယနေ့ညနေ ၅ နာရီခန့်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဥပဒေအထောက် အကူပြုအဖွဲ့ဝင် ဦးကိုနီသည် မင်္ဂလာဒုံလေဆိပ်၌ အနီးကပ်လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ကြောင်း သိရှိရသဖြင့် အဖွဲ့ချုပ်အနေဖြင့် များစွာယူကျုံး မရဖြစ်ရပါသည်။

ဦးကိုနီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံ ရေးလုပ်ငန်းစဉ်များကို ခြွင်းချက်မရှိထောက်ခံသူ ဖြစ်ပါသည်။ ထို့ပြင် လိုအပ်သော ဥပဒေရေးရာ ကိစ္စများ၊ အကြံဥဏ်များကိုလည်း အစဉ်အမြဲ ပံ့ပိုးပေးခဲ့သူဖြစ်သဖြင့် ဒေါ်အောင်ဆန်းစု ကြည်နှင့်တကွ အဖွဲ့ချုပ်အတွက်အစားထိုးမရ နိုင်သော ဆုံးရှုံးမှုကြီး တစ်ရပ်ဖြစ်ပါသည်။

ဦးကိုနီအား အနီးကပ်လုပ်ကြံသောသူကို ဖမ်းဆီးရုံမျှမကကြံရာပါများကိုလည်း အဆော တလျင်ဖော်ထုတ်နိုင်ရန် သက်ဆိုင်ရာအာဏာ ပိုင်များက ကြိုးပမ်းနေကြသည်ဟုသိရပါသည်။ ဦးကိုနီသည် အဖွဲ့ချုပ်၏ တာဝန်များကို ထမ်းဆောင်ရင်း ရုတ်တရက်ကွယ်လွန်သွား ခြင်းအတွက် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်း နည်းကြေကွဲရပါသည်။ ထို့ပြင် ဦးကိုနီအား လုပ်ကြံသတ်ဖြတ်သူကိုတားဆီးရင်း အသက် ပေးခဲ့သူ မင်္ဂလာဒုံမြို့နယ်မှ အဖွဲ့ချုပ်အဖွဲ့ဝင် ဦးနေဝင်းအတွက်လည်း ချီးကျူး ဂုဏ်ယူမိပါ သည်။ ၎င်းဖြစ်ရပ်တွင် ဝိုင်းဝန်းပံ့ပိုးသူများ ကိုလည်း လေးစားစွာဂုဏ်ပြုအပ်ပါသည်။

ယခုကဲ့သို့ ဦးကိုနီအား အနီးကပ်လုပ်ကြံမှု ဖြစ်စဉ်မှာ အဖွဲ့ချုပ်၏လမ်းစဉ်ကို ဆန့်ကျင် သော သေးသိမ်သည့် အကြမ်းဖက်လုပ်ရပ် ဖြစ်သည့်အတွက် ပြင်းထန်စွာရှုတ်ချကြောင်း ကြေညာအပ်ပါသည်။ အဖွဲ့ချုပ်အဖွဲ့ဝင်များသည်လည်း ၎င်းလုပ် ကြံမှုနှင့်ပတ်သက်၍ အလွန်အကျွံတုံ့ပြန်မှု မပြုဘဲ တည်ငြိမ်စွာရင်ဆိုင်လျက် မိမိတို့၏ နိုင်ငံရေးလုပ်ငန်းစဉ်များကိုသာ မျက်ခြည် မပြတ်ဆက်လက်ဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်"ဟူ၍ ဖော်ပြပါရှိသည်။

စစ်မှန်သည့်အမှန်တရားကိုပဲပေးပါ

ဦးကိုနီနှင့်ကိုနေဝင်းတို့ကို ပစ်ခတ်သတ် ဖြတ်သွားသူ သေနတ်သမားမှာ အသက် (၅၃) နှစ်အရွယ် ကြည်လင်းဆိုသူဖြစ်သည်။ ၎င်းအား ချက်ချင်းဖမ်းဆီးမိလိုက်သည်။  ကွင်းဆက် တရားခံများကို စစ်ဆေးဖော်ထုတ်စဉ် ဆက်စပ် တရားခံတစ်ဦးဖြစ်သော အောင်ဝင်းဇော်ကိုပါ ၁၂ နာရီ အတွင်း ရန်ကုန်-ှူဘားအံလမ်း ဘားအံ တံတားတွင် ဖမ်းဆီးရမိလိုက်သည်။ ဖခင်ဖြစ်သူ တရားလွှတ်တော်ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံလိုက်ရခြင်းနှင့်ပတ်သက်၍ သမီး ဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်က ဖေဖော်ဝါရီ ၁ ရက် အေပီသတင်းဌာနနှင့်တွေ့ဆုံစဉ် ယခု ကဲ့သို့ ပြောကြားခဲ့သည်။

"ကျွန်မ အမြဲတမ်း ဒီတစ်ခုပဲ တောင်းဆိုနေ တာပါ။ အဖေကလည်း ဒီတစ်ခုတည်းကိုပဲ တောက်လျှောက် တောင်းဆိုနေတာပါပဲ။ အမှန်တရားကိုတောင်းဆိုရင်းနဲ့ သူလည်း အသက်ပေးသွားတယ်။ ကျွန်မလည်း အခုဖြစ် ရပ်ကြီးအတွက် အမှန်တရားတစ်ခု၊ စစ်မှန်တဲ့ အမှန်တရားတစ်ခု ကျွန်မတို့ လိုချင်ပါတယ်။ အဲဒီဟာကိုတော့ ရေဆုံးမြေဆုံးအထိ လိုက်ပေး ကြပါလို့" ဟု အစိုးရကို တောင်းဆိုခဲ့သည်။

ဦးကိုနီ၏ ဈာပနမှတ်တမ်းအဖြစ် ကိုယ်ရေး အကျဉ်း၊ ကဗျာအမှတ်တရပုံရိပ်များနှင့်၊ ဈာပန မှတ်တမ်းစာစောင်တွင် ၈၈ ကျောင်းသားခေါင်း ဆောင် ဦးမင်းကိုနိုင်က  - -

"သေနတ်က အသက်ကို
သတ်နိုင်တယ်လူ့တန်ဖိုးကိုတော့
ကျည်မတိုးဘူး"  ဟု

ကဗျာရေးဖွဲ့ မှတ်တမ်းတင်ခဲ့သည်။

ရှေ့နေကြီးဦးကိုနီ လုပ်ကြံခံရပြီး နှစ်ရက် အတွင်း၌ပင် လုပ်ကြံမှုနှင့် ဖမ်းဆီးခံထားရသည့် ကြည်လင်း၏ထွက်ဆိုချက်မှာ ပေါက်ကြားခဲ့ သည်။ ထွက်ဆိုချက်အရ ရာဇဝတ်မှုနှင့် ထောင် ကျဖူးသည့်ဦးမြင့်ဆွေဆိုသူက ဦးကိုနီကိုသတ် ပေးလျှင် ကားပေးမည်ဟု ကမ်းလှမ်းခဲ့သည့် အပြင် သေနတ်နှစ်လက်ကိုပါ ပေးခဲ့ကြောင်း သေနတ်သမား ကြည်လင်းက ထွက်ဆိုခဲ့သည်။ နောက်ပိုင်းတွင် ဦးမြင့်ဆွေဆိုသည်မှာ ဦးအောင် ဝင်းဇော်သာဖြစ်သည်ဟု ဆိုသည်။ တစ်ဖန် ဦးအောင်ဝင်းဇော်သည် ဦးအောင်ဝင်းဇော်သာ ဖြစ်ကြောင်း၊ ဦးမြင့်ဆွေမဟုတ်ကြောင်း တာဝန် ရှိသူက ထုတ်ပြန်ပြောကြားခဲ့ပြန်သည်။

မည်သို့ပင်ဖြစ်စေ တရားလွှတ်တော်ရှေ့နေ ကြီး ဦးကိုနီအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ် လုပ်ကြံခံလိုက်ရခြင်းသည် မြန်မာနိုင်ငံ၏ အားနည်းလှသော လုံခြုံရေးအစီအမံနှင့် တရား ဥပဒေကို  စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။ ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာနက ရန်ကုန်မြို့ မူးယစ်ဆေးဝါး ပပျောက်ရေးပြတိုက်တွင် ဖေဖော်ဝါရီ ၂၅ ရက်ကပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ သေနတ်သမား ကြည်လင်း၊ နောက်ကွယ်မှ ခိုင်းစေသူ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကို ဖမ်းဆီးထားသည့်အပြင် အခြားအမျိုးသား ၇၁ ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ၇၃ ဦးကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း အမှုတွင် သေနတ် သမားကြည်လင်း၊ အနီးကပ်စေခိုင်းသူ အောင် ဝင်းဇော်နှင့် အောင်ဝင်းဇော်၏ နောက်ကွယ်မှ ညီဖြစ်သူ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့လည်း ပါဝင်သည်ဟု ပြောကြားခဲ့သည်။  

တရားလွှတ်တော်ရှေ့နေကြီးဦးကိုနီ လုပ်ကြံ ခံရခြင်းသည် အမှန်တရားကို လုပ်ကြံခံရခြင်း ဟုလည်း ဆိုရမည်ဖြစ်သည်။ သူသည် အမှန် တရားကို အသက်နှင့်ရင်း၍ မြတ်နိုးသူဖြစ်ကြောင်း ၎င်း၏ပြောကြားချက်များက သက်သေခံခဲ့ပြီး ဖြစ်သည်။ နိုဝင်ဘာ ၁၈ ရက်တွင် ဗွီအိုအေ မြန်မာပိုင်းနှင့် တွေ့ဆုံမှုတွင် တရားလွှတ်တော် ရှေ့နေကြီးဦးရောဘတ်စန်းအောင်က "အစိုးရ ဘက်က သက်သေ ၈၀ တင်ထားတာ ၅၈ ယောက်ပြီးသွားပြီဆိုတော့ ၂၂ ယောက်ပဲ ကျန်တော့တယ်။ အဲဒီတော့ အခု ရက်ချိန်း တစ်ချိန်းတစ်ချိန်းကိုလည်းပဲ စစ်လာလိုက်တာ အရင်တုန်းကလိုပဲ အိပဲ့အိပဲ့နဲ့ အညာလှည်း လိုတော့ မနှေးကွေးတော့ဘူး။ ယန္တရားတော့ မြန်လာတယ်။ သောကြာနေ့တိုင်း စစ်နေပါ တယ်။ အဲဒီတော့ သက်သေစုံရင် စွဲချက်တင် သင့် မတင်သင့်အပိုင်းကိုသွားရမယ်" ဟု ဖြေကြားခဲ့သည်။

ဆိုရလျှင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်တို့ဦးဆောင်သည့် အရပ်သား အစိုးရသည် ဒီဇင်ဘာလကုန်တွင် သက်တမ်း တစ်နှစ်နှင့်ကိုးလ ပြည့်မြောက်တော့မည်ဖြစ် သည်။ နှစ်နှစ်နီးပါးကာလအတွင်း နိုင်ငံရေး၊ စီးပွားရေးအပါအဝင် အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာတွေအကြားမှာ ကြီးမားသည့် စိန်ခေါ်မှု များနှင့်ရင်ဆိုင်ခဲ့ရသည်။ ယင်းတို့အနက် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဥပဒေအထောက် အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လူမြင်ကွင်း၌ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက သေနတ်နှင့်ပစ်ခတ်လုပ်ကြံခံလိုက် ရခြင်းမှာလည်း ကြီးမား လှသောစိန်ခေါ်မှုတစ် ရပ်ကို ရင်ဆိုင်လိုက်ရခြင်းသည်လည်း အပါအဝင် ဖြစ်သည်။

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့်ပတ် သက်၍ ၂၀၁၇ ခုနှစ်အတွင်း မေးခွန်းပေါင်း များစွာ၊ သံသယပေါင်းများစွာ၊ ကြေကွဲမှုပေါင်း များစွာနှင့် ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်မှာလည်း အမှန်ပင် ဖြစ်သည်။ ဦးကိုနီနှင့်တကွ သမီးဖြစ်သူဒေါက်တာ ယဉ်နွယ်ခိုင်တို့ အလိုချင်ဆုံးဖြစ်ခဲ့သည့် စစ်မှန် သော အမှန်တရားတစ်ခု ပေါ်ထွန်းလာရေး ကိုမူ လာမည့် ၂၀၁၈ တိုင်အောင် ဆက်လက် စောင့်ကြည့်ရဦးမည်ကမူ အသေအချာပင် ဖြစ်ပါကြောင်း။     

ရည်ညွှန်း -

(၁) ၂၀၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သတင်းစာ၊ ဂျာနယ်များမှသတင်းများ၊ အသံ လွှင့်အစီအစဉ်များနှင့် အွန်လိုင်း၊ လူမှုကွန်ရက် စာမျက်နှာများတွင်ဖော်ပြခဲ့သည့် သတင်းများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်သော ကြေညာချက်များ၊ သတင်းများမှ ကောက်နုတ် ရေးသားပါသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး