ဗိုလ်ချုပ်ပုံပါသော ငွေစက္ကူဂယက်ထက် အရေးကြီးသော ငွေစက္ကူအတုပြဿနာ

ဗိုလ်ချုပ်ပုံပါသော ငွေစက္ကူဂယက်ထက် အရေးကြီးသော ငွေစက္ကူအတုပြဿနာ

၂၀၁၇ခုနှစ်အတွင်း  ထူးခြားထင် ရှားသည့် အဖြစ်အပျက် များစွာရှိသည့်အနက် အများနှင့်သက်ဆိုင်သော၊ မည်သူမဆို ကိုင်တွယ်သုံးစွဲနေရသော ငွေစက္ကူ အတုကိစ္စသည်လည်း  မှတ်တမ်းဝင်အဖြစ် အပျက်များ ထင်ကျန်နေရစ်သည့် နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ မြန်မာငွေကြေးစနစ်တွင် တန်ဖိုးအမြင့်ဆုံး ငွေစက္ကူအမျိုးအစားဖြစ်သည့် ကျပ်တစ်သောင်း တန်ငွေစက္ကူနှင့် ဒုတိယတန်ဖိုးအများဆုံးဖြစ် သည့် ကျပ်ငါးထောင်တန် ငွေစက္ကူ အတုများသည် ပြည်သူလူထုအတွင်း လှည့်ပတ်သုံးစွဲငွေအဖြစ် ခေါင်းမြီးခြုံဝင်ရောက်နေသည်မှာ ကြာပြီဖြစ် သော်လည်း ၂၀၁၇ ခုနှစ်မှာမူ အတင့်ရဲစွာ ကိုင်တွယ်သုံးစွဲလာမှုများ၊ ငွေအတုကို အတုမှန်း သိပါလျက် အစစ်နှင့်လဲလှယ်ပြီး ကိုင်တွယ်သုံးစွဲ လာကြသည်အထိ အတင့်ရဲလာသည်ကို တွေ့ရှိ နေရသည့်အတွက် ငွေစက္ကူအတုအန္တရာယ်မှာ လွှတ်တော်ထဲအထိ ရောက်ရှိလာသည့်နှစ် လည်းဖြစ်သည်။

သာမန်ပြည်သူများအဖို့ အတုနှင့်အစစ် ခွဲခြားရန် မလွယ်ကူသော ငွေစက္ကူအတုများကို အတုမှန်းမသိ၍ ကိုင်တွယ်သုံးစွဲမိရာမှ ရဲစခန်း အထိ လိုက်လံဖြေရှင်းရသူများပြားလာသည်။ ဘဏ်များနှင့် မဖြစ်မနေ ထိတွေ့ဆက်ဆံနေ ကြရသည့် ပြည်သူတို့မှာ ဘဏ်သို့ ငွေအပ်သည့် အခါ အတုဖြစ်နေသဖြင့် ငွေစက္ကူကို အပေါက် ဖောက် ဖျက်ဆီးခံရသည့်အတွက် ဆုံးရှုံးမှုများ နှင့် ရင်ဆိုင်ခဲ့ကြရသည်။ ငွေတုကိစ္စများနှင့် ပတ်သက်၍ တာဝန်ရှိသူတို့၏ ဖြေရှင်းပေးမှုများ အပေါ် ပြည်သူတို့က အားမလို အားမရဖြစ်ခဲ့ရ သည့် နှစ်လည်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ လူထု၏ ဆုံးရှုံးမှုကိုမည်သို့ ကုစားပေးရမည် ကိုလည်း နည်းလမ်းရှာဖွေမရ ဖြစ်နေဆဲဖြစ် သည်။

ငွေစက္ကူတွေကို ဖျက်ဆီးခွင့်ရှိသလား

ကျပ် ၁၀ဝ၀ဝ တန် နှင့် ကျပ် ၅၀ဝ၀ တန် ငွေစက္ကူအတုများမှာဈေးကွက်အတွင်း၌ အလွန် နည်းပါးသည့် ပမာဏဖြစ်သည့် ရာခိုင်နှုန်း သုည ဒသမ ဝ၀ဝ၅၄ သာရှိသည့်အတွက် စိုးရိမ်မှုမရှိကြရန်နှင့် မေ ၃၁ ရက်မှ စတင်၍ ငွေစက္ကူအတုများတွေ့ရှိပါက ဘဏ်များက ဖျက်ဆီးခြင်းမပြုဘဲ ရဲစခန်းသို့သာ အပ်နှံရန် ဗဟိုဘဏ်က ဘဏ်များအားလုံးသို့ ညွှန်ကြား ချက်ထုတ်ပြန်ထားကြောင်း ဗဟိုဘဏ်ညွှန်ကြား ရေးမှူးချုပ် ဦးအောင်ကျော်သန်းက  မြန်မာ တိုင်းမ်နေ့စဉ်သို့ မေ ၃၁ ရက် နေ့လယ်ပိုင်းက ပြောကြားခဲ့ကြောင်း ဇွန်လ ၁ ရက်ထုတ် မြန်မာတိုင်းမ်သတင်းစာတွင် ဖော်ပြခဲ့သည်။

သတင်းဖော်ပြချက်အရ ယခင်က ငွေစက္ကူ အတုကိုင်ထားသူ  Customerနှင့်အတူ ငွေစက္ကူ အတုကို ရဲစခန်းသို့ပို့အပ်ရန် ညွှန်ကြားချက်များ ရှိခဲ့သော်လည်း ယခုအခါ ဘဏ်များအနေဖြင့် မိမိဘဏ်သို့ လာရောက်အပ်နှံစဉ် ငွေစက္ကူအစစ် များနှင့်ရော၍ ငွေစက္ကူအတုများပါလာပါက ဖျက်ဆီးခွင့်မရှိကြောင်း၊ ငွေစက္ကူအတုနှင့်အတူ ငွေစက္ကူလာရောက်အပ်နှံသူ၏အမည်၊ နိုင်ငံသား အမှတ်စသဖြင့် အချက်အလက်များကို မှတ်သား ကာ ရဲစခန်းသို့ ပို့အပ်ရန် ဖြစ်ကြောင်း၊ ရဲစခန်းသို့ လာရောက်အပ်နှံသူကို ခေါ်ဆောင်သွားရန် မလိုအပ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရ သည်။

ကျပ် ၁၀ဝ၀ဝတန်နှင့် ကျပ် ၅၀ဝ၀ တန်ငွေ စက္ကူအတုများ ပေါ်ပေါက်နေသည်မှာ ယခုမှ မဟုတ်ပါ။ ကျပ် ၅၀ဝ၀ တန်ငွေစက္ကူကို ၂၀ဝ၉ ခုနှစ် အောက်တိုဘာလတွင် စတင်ထုတ်ဝေခဲ့ပြီး ကျပ် ၁၀ဝ၀ဝ တန်ငွေစက္ကူကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက် သောကြာနေ့တွင် စတင်ထုတ်ဝေ ခဲ့သည်။ အဆိုပါ ငွေစက္ကူများ ထုတ်ဝေပြီး နောက်ပိုင်း ငွေစက္ကူအတုများ ဖမ်းဆီးရမိသည့် သတင်းများလည်း မကြာခဏဆိုသလို ထွက်ပေါ် လာခဲ့ပါသည်။ ကျပ် ၅၀ဝ၀ တန် ငွေစက္ကူကို ထုတ်ဝေပြီးငါးနှစ်အကြာ ၂၀၁၄ ခုနှစ် အောက် တိုဘာ ၁ ရက်တွင် ဒီဇိုင်းသစ်ဖြင့် အဆင့်မြှင့် ပြန်လည်ထုတ်ဝေခဲ့သလို ကျပ် ၁၀ဝ၀ဝ တန်ငွေ စက္ကူကိုလည်း စတင်ထုတ်ဝေပြီး သုံးနှစ်အကြာ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် လုံခြုံရေးစနစ် များတိုးမြှင့်ကာ ပြန်လည်ထုတ်ဝေခဲ့သည်။

ငွေစက္ကူအတု တွေ့ရှိခြင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ကျပ် ၁၀ဝ၀ဝ တန်ငွေစက္ကူ ၉၅၇ ရွက်နှင့် ကျပ် ၅၀ဝ၀ တန် ငွေစက္ကူ ၁၃၄၃ ရွက်သာ သိမ်းဆည်းရမိသဖြင့် လှည့်ပတ်နေသည့် ငွေကြေးပမာဏနှင့် ယှဉ်လျှင် သုည ဒသမ ဝ၀ဝ၅၄ ရာခိုင်နှုန်းသာရှိသဖြင့် စိုးရိမ်မှုရှိရန် မလိုကြောင်း၊ ငွေစက္ကူအတုကို သိမ်းဆည်းခြင်းခံရပါကလည်း မည်သည့် နိုင်ငံ တွင်မျှ ပြန်ပေးရိုးထုံးစံမရှိကြောင်းလည်း ဖတ်ရှု လိုက်ရသည်။

ဆိုရလျှင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း သိမ်းဆည်းရမိသည့် ကျပ်တစ်သောင်းတန်နှင့် ကျပ် ၅၀ဝ၀ တန် ငွေစက္ကူရွက်ရေမှာ ၂၃၀ဝ ရှိခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ် ၁၆၂၈၅၀ဝ၀သာ ရှိသည်ဟု ဆိုနိုင်ပါသည်။ ငွေစက္ကူအတုများကို ပြုလုပ်သည်ဆိုရာတွင်လည်း ကာလာပရင်တာ၊ ကာလာကော်ပီယာ တို့နှင့် ပရင့်ထုတ်၊ မိတ္တူပွား သည့်အဆင့်လောက်သာတွေ့ရပြီး စီးပွားဖြစ် ထုတ်လုပ်ခြင်း မဟုတ်ကြောင်း၊ ငွေစက္ကူများကို အများအားဖြင့် အေဖိုးစက္ကူ ပြောင်ချောနှင့် အတုထုတ်သည့်အဆင့်သာဖြစ်ကြောင်း ရေးသား ထားသည်ကိုလည်း တွေ့ရပါသည်။

ဖော်ပြပါ သတင်းနှင့်ပတ်သက်၍ ကောက် ချက်ချကြည့်ရမည်ဆိုပါက မြန်မာနိုင်ငံတွင် လက်ရှိလည်ပတ်သုံးစွဲလျက်ရှိသော ငွေစက္ကူ အမျိုးအစားများအနက် တန်ဖိုးအမြင့်ဆုံးဖြစ် သည့် ကျပ် ၁၀ဝ၀ဝ တန် ငွေစက္ကူနှင့် ဒုတိယ တန်ဖိုးအမြင့်ဆုံး ငွေစက္ကူဖြစ်သည့် ကျပ် ၅၀ဝ၀ တန်ငွေစက္ကူများ၏   လုံခြုံစိတ်ချရမှုသည် ကိုင်ဆောင်သုံးစွဲနေသော ပြည်သူများ အတွက် မေးခွန်းထုတ်ရမည့် အခြေအနေ၊ သံသယဖြင့် ကိုင်ဆောင်နေရသည့် အခြေအနေတစ်ခုသို့ဆိုက် ရောက်နေခဲ့ပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်ထက် ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများမှာ ပိုမိုများပြားလာနေပြီဖြစ် သည်။  ဖမ်းဆီးရမိနေဆဲ ငွေစက္ကူအတုများ ကိုကြည့်လျှင် ယခင်ဖမ်းဆီးရမိမှုများမှာကဲ့သို့ ကာလာပရင်တာဖြင့်  ထုတ်ထားသည့်ငွေ စက္ကူအတုအဆင့်ထက် ကျော်လွန်နေပြီး သာမန်မျက်စိဖြင့် ကြည့်ရုံမျှနှင့် ခွဲခြားမရနိုင်သော အဆင့်မြင့်ငွေစက္ကူအတုများမှာ အိမ်နီးချင်းနိုင်ငံ အချို့မှတစ်ဆင့် ဝင်ရောက်လာသည့်အတွက် ဖမ်းဆီးရမိခဲ့သည့် သတင်းများလည်း ပေါ်ထွက် လာနေပြီဖြစ်သည်။

လွန်ခဲ့သည့် ဇူလိုင်လ ၂၅ ရက်က  ကြည့်မြင် တိုင်မြို့နယ်၊ သာဓုအနောက်ရပ်ကွက် ဧရာဝတီ ဘဏ်ခွဲသို့ ဦးကျော်လွင်(စိစစ်ဆဲ) ကြည့်မြင်တိုင် မြို့နယ်နေသူအပါအဝင် လေးဦး လာရောက်အပ်နှံ ခဲ့သည့် ငွေများအနက်မှ ကျပ်တစ်သောင်းတန် အတု ၄ ရွက် ၊ လမ်းမတော်မြို့နယ် (၈)ရပ်ကွက် ဧရာဝတီဘဏ်ခွဲသို့ ဒေါ်နှင်းမိုးမိုးအေး(စိစစ်ဆဲ)(၄)ရပ်ကွက် ပန်းဘဲတန်းမြို့နယ်နေသူ လာရောက် အပ်နှံသည့် ငွေများအနက် ကျပ်တစ်သောင်းတန် အတု တစ်ရွက် ၊ ကမာရွတ်မြို့နယ် (၇)ရပ်ကွက် ဧရာဝတီဘဏ်ခွဲသို့ ဦးအောင်ကျော်မြင့်(စိစစ်ဆဲ)ပါ(၉)ဦးလာရောက်အပ်နှံသည့် ငွေများအနက် ကျပ်တစ်သောင်းတန် အတု ၁၄ ရွက်၊ စုစုပေါင်း ၁၉ ရွက်တွေ့ရှိရကြောင်း၊  အဆိုပါ ငွေစက္ကူ အတုများကို မှုခင်းရဲတပ်ဖွဲ့က ပဏာမစိစစ်ခဲ့ရာ နိုင်ငံခြားစက္ကူအမျိုးအစားဖြစ်ပြီး စက္ကူသား ချောခြင်း၊ အတုသည်အစစ်ထက် အလျား၊အနံ ၁ မီလီမီတာစီတိုခြင်း၊ အရောင်တောက်ပမှု မရှိခြင်း၊ ရုပ်ပုံ/တန်ဖိုးရေစာမပါရှိခြင်း၊ လုံခြုံရေး ကြိုးမှာ ခရမ်းရောင်သာပါရှိခြင်း၊ ကာလာပရင်တာ နည်းဖြင့်တုပထားခြင်း၊ လျှို့ဝှက်ချက်များ မပါ ရှိခြင်းများစစ်ဆေးတွေ့ရှိရကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ အမှုဖွင့်အရေးယူဆောင်ရွက် ခြင်းမရှိကြောင်းနှင့် အဆိုပါငွေအတုများသည် ထိုင်းနိုင်ငံဘက်မှတစ်ဆင့်  ဝင်ရောက်လာ ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဆိုရပါလျှင် တာဝန်ရှိသူအချို့က ငွေတု ကိစ္စနှင့်ပတ်သက်၍ ပေါ့ပေါ့ပါးပါး လွယ်လွယ် ကူကူ ပြောဆိုနေကြသော်လည်း လှည့်ပတ်သုံးစွဲ ငွေအတွင်း ရောက်ရှိလာနေသည့် ငွေစက္ကူအတု များအနက် အချို့သည် တရုတ်ဘက်မှ ဝင်လာ ခြင်းဖြစ်ကြောင်း သတင်းတစ်ပုဒ်ကိုလည်း တွေ့ရှိရပါသေးသည်။

အဆိုပါသတင်းမှာ 'တရုတ်တွင် အခြေစိုက်၍ ကျပ်တစ်သောင်းတန်အတုထုတ်လုပ်မှု မြန်မာ သုံးဦးကိုစစ်ဆေးနေ' ဆိုသော အောက်တိုဘာ ၂၅ ရက်စွဲပါ သတင်းထောက်အောင်သစ်လွင်၏ 7Day Daily သတင်းစာပါ သတင်းတစ်ပုဒ်ဖြစ်သည်။ အဆိုပါသတင်း၌ "တရုတ်နိုင်ငံတွင် အခြေစိုက်၍ မြန်မာငွေ ကျပ် ၁၀ဝ၀ဝ တန်အတု များ ထုတ်နေသူအချို့ကို မြန်မာနှင့် တရုတ် ရဲတပ်ဖွဲ့ ပူးပေါင်းဖမ်းဆီးကာ  ယင်းအမှုနှင့် ပတ်သက်နေသော မြန်မာနိုင်ငံသားသုံးဦးကို စစ်ဆေးနေကြောင်း နေပြည်တော် ငွေကြေးစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ သတင်းရရှိသည် "ဆိုသည့် သတင်းဖြစ်သည်။အဆိုပါသတင်းတွင် - မူဆယ်မြို့တွင် ငွေတုများ သုံးစွဲနေသည့်အပြင် ကျပ်တစ်သောင်းတန်တစ်ရွက်ကို မြန်မာငွေ ရှစ်ထောင်ကျပ်ဖြင့် ရောင်းနေသည့် အမျိုးသား သုံးဦးကို မူဆယ်ခရိုင်ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၁ ရက်၌ ဖမ်းဆီးခဲ့သည်။ ၎င်းတို့က တရုတ်နိုင်ငံ ဝမ်တိန်မြို့တွင် နေထိုင်သည့် ငွေတုထုတ်လုပ်သူ အမျိုးသားတစ်ဦးထံမှ တစ်သောင်းတန် ငွေစက္ကူ အတုများယူ၍  သုံးစွဲနေသည်ဟု  ဝန်ခံသော ကြောင့်  တရုတ်နိုင်ငံ  မှုခင်းရဲတပ်ဖွဲ့နှင့်ချိတ် ဆက်ကာ ဝမ်တိန်မြို့တွင်နေသည့် ဝမ်ချန်းဆိုသူ အား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့မှ ဒုတိယရဲမှူးက ပြောဆိုသည်။

တရုတ်နိုင်ငံရဲတပ်ဖွဲ့က  ဝမ်တိန်မြို့မှ ဝမ်ချန်းဆိုသူအပြင် ချန်ရွှီးပြည်နယ်မှ တရုတ်နိုင်ငံ သားအချို့အားလည်း ယင်းအမှုနှင့်ပတ်သက်၍ ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပြီး အရေ အတွက်အတိအကျမသိရသေးကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

"တရုတ်ပြည်မကြီးထဲအထိတော့ ကျွန်တော် တို့လိုက်မဖမ်းဘူး။ ကြယ်ဂေါင်တို့၊ ရွှေလီတို့ အထိတော့ တရုတ်ရဲနဲ့အတူ ကျွန်တော်တို့ လိုက်ဖမ်းတယ်။ ဒီဘက်မှာတော့ သုံးဦးဖမ်းထား တယ်။ ဒီအမှုနဲ့ဆိုင်တဲ့ ဟိုဘက်က တရုတ်နိုင်ငံ သားတွေကိုတော့ သူတို့ဘက်ကပဲ ဆက်စစ်လိမ့် မယ်" ဟု မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့က ဖမ်းထားသည့် မူဆယ်ဒေသခံ သုံးဦးထံမှ ကျပ်တစ်သောင်းတန်ငွေအတု အရွက်ပေါင်း  ၈၂၀ကို သိမ်းဆည်းနိုင်ခဲ့ပြီး အဆိုပါငွေများအားလုံး တရုတ်လူမျိုး ငွေတု လုပ်သူများထံမှ ရရှိခဲ့သည်ဟု ဝန်ခံထားကြောင်း သတင်းရရှိသည်။ မြန်မာနှင့်တရုတ်နယ်စပ်မြို့ များတွင် ငါးထောင်တန်ငွေ စက္ကူအတု ရွက်ရေ တစ်ရာပါသော ကျပ်ငါးသိန်းကို မြန်မာငွေ ကျပ်သုံးသောင်းဖြင့် ရောင်းချသည့် ဈေးကွက် ဖြစ်ပေါ်နေပြီး တရုတ်ပြည်သို့ မှောင်ခိုပစ္စည်း ပို့သူများကိုလည်း တရုတ်ကုန်သည်များက မြန်မာငွေစက္ကူအတုများ ပေးချေလေ့ရှိကြောင်း နယ်စပ်ကုန်သည်အသိုင်းအဝိုင်းမှ သိရသည်။

မြန်မာနိုင်ငံတွင် ငွေစက္ကူအတုဖမ်းဆီးမှု များမှာ နယ်စပ်မြို့များအပြင် မြို့ကြီးများတွင်ပါ မကြာခဏဖြစ်နေပြီး ငွေစက္ကူအတုများ ပြည်တွင်း၌ ပျံ့နှံ့လာမှုကိုတားဆီးရန် နိုင်ငံတော်အစိုးရ အနေဖြင့် စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်သင့် ကြောင်း စီးပွားရေးပညာရှင်များက အကြံပြုထား သည်။

"ငွေစက္ကူအတုများ ပြည်တွင်း၌ ပျံ့နှံ့မှုများ လာပါက ကျပ်ငွေအပေါ် လူထု၏ ယုံကြည်မှု လျော့နည်းသွားပြီး စီးပွားရေးလုပ်ငန်းများတွင် အခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း နိုင်ငံတော် သမ္မတ၏ လူမှုစီးပွားအကြံပေးကောင်စီဝင် စီမံခန့်ခွဲရေးပညာရှင် ဒေါက်တာအောင်ထွန်း သက်က သုံးသပ်သည်"ဟု သတင်းတွင်ဖော်ပြခဲ့ သည်။ အဆိုပါသတင်းနှင့်  ဆက်စပ်မှုရှိသော နောက်သတင်းတစ်ပုဒ်မှာ၂၀၁၄ ခုနှစ် အောက် တိုဘာ ၂၆ ရက်စွဲဖြင့် Than Min Account  ဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသည့် Eleven Daily News ၏ သတင်းတစ်ပုဒ်ဖြစ် သည်။

"မူဆယ်မြို့နယ်အတွင်း တစ်သောင်းတန် ငွေစက္ကူအတုများ သုံးစွဲဖြန့်ဝေခဲ့သည့် တရုတ် လူမျိုးတစ်ဦးကို ယင်းနိုင်ငံအတွင်းသို့ ဝင်ရောက် ဖမ်းဆီးခဲ့ရပြီး ပြည်မကြီးမှရရှိခဲ့သည်ဟု ထွက်ဆို ထားမှုကြောင့် နှစ်နိုင်ငံပူးပေါင်းပြီး ဆက်လက် ဖမ်းဆီးသွားရန်စီစဉ်"ဟု ဖော်ပြခဲ့သည့် သတင်း ဖြစ်သည်။

'ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်း ပြီးခဲ့ သည့်ရက်ပိုင်းက တစ်သောင်းတန်ငွေစက္ကူအတု ကျပ်သိန်းရှစ်ဆယ်ဖိုး ဖမ်းဆီးရမိမှုအား စစ်ဆေး ရာတွင် ယင်းငွေအတုများကို တရုတ်နိုင်ငံဘက်မှ ရရှိလာသည်ဟု ထွက်ဆိုထားသဖြင့် ကွင်းဆက် ကျူးလွန်သူအား ယင်းနိုင်ငံအတွင်းသို့ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း'ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိသူများက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားချက်အရ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၁ ရက် ညနေ ပိုင်းတွင် မူဆယ်မြို့နယ်အတွင်း လူငယ်သုံးဦးထံမှ ကျပ်တစ်သောင်းတန်ငွေအတု ခုနစ်ရွက်အား စစ်ဆေးတွေ့ရှိမှုကြောင့် စစ်ဆေးခဲ့ရာ ဆင်ဖြူ ဈေးဝင်းအတွင်းရှိ ထွန်းထွန်း(ခ)အိုက်ထွန်းထံတွင် ဆိုင်ကယ်ရောင်းချခဲ့ရာမှ ရရှိခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်းသိရသည်။ ထို့နောက် ယင်း ထွက်ဆိုချက်အတိုင်း ထွန်းထွန်း(ခ) အိုက်ထွန်း အား ဆက်လက်စစ်ဆေးရာ ၁၀၅ မိုင်မှ ဝင်းနိုင် ဆိုသူထံမှ ရရှိခဲ့သည်ဟု သိရှိရပြီး ဝင်းနိုင်အား စစ်ဆေးရာတွင် ကျပ်တစ်သောင်းတန်ငွေအတု အရွက်ရေ ၈၀၃ ရွက်  သိမ်းဆည်းရမိခဲ့ပြီး ယင်းငွေများမှာ တရုတ်နိုင်ငံ ဝမ်တိန်ဂဏန်းပွဲရုံရှိ တရုတ်လူမျိုး ဝမ်ချန်းထံမှ ရရှိခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အဆင့်ဆင့်ထွက်ဆိုချက်အရ ဝမ်ချန်းအား တရုတ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဖမ်းဆီး ခဲ့ရာ ၎င်းထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူ အတုအရွက် ၂၀ဝ ထပ်မံသိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။ 'တရုတ်လူမျိုး ဝမ်ချန်းကို တရုတ်ဥပဒေနဲ့ အရေးယူသွားမယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြော တယ်။ အခုအဲဒီကျူးလွန်သူကို တရုတ်ပြည်တွင်း မှာပဲ ဖမ်းဆီးထားတယ်။ သူ့ကို စစ်ဆေးတဲ့အခါမှာ အဲဒီငွေအတုတွေကို ပြည်မကြီးက ရရှိလာတယ်လို့ ပြောတယ်' ဟု မူဆယ်မြို့မရဲစခန်းမှ စခန်းမှူး ဖြစ်သူက ပြောကြားသည်။

'ငွေအတုဖမ်းမိတဲ့ ဖြစ်စဉ်ကို နောက်ဆုံးအထိ ဖော်ထုတ်အရေးယူနိုင်ဖို့ တရုတ်ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်] ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက အောက် တိုဘာ ၂၅ ရက်တွင် ပြောကြားသည်။ ယင်းဖြစ် စဉ်ကို မူဆယ်မြို့မရဲစခန်းက (ပ) ၂၈၅/၂၀၁၄၊ ၂၀၁၃ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အက်ဥပဒေ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်' ဟု ဖော်ပြထားသည်။ ယခုနှစ် မတ်လ ၁၀ ရက်ကလည်း ဒဂုံ မြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၇) ရပ်ကွက်၊ ရသာရုံလမ်းတွင် အိမ်ငှားရန် သန့်ရှင်းရေး လုပ်ရာက ကျပ် တစ်သောင်းတန် ငွေစက္ကူအတု သိန်း ၁၃၀ဝ တွေ့ရှိခဲ့ရကြောင်း၊ အိမ်ငှားတစ်ဦး ပြောင်းသွားသဖြင့် နောက်အိမ်ငှားတင်ရန် အိမ်နီးချင်းတစ်ဦးက အိမ်သန့်ရှင်းရေးဝင်လုပ်စဉ် နေအိမ်အိပ်ခန်းအတွင်း   ခုတင်အောက်၌ အမည်းရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မိုးပြာရောင်အိတ်အတွင်းမှ ကျပ် တစ်သောင်း တန်၊ ၁၀သိန်းအုပ်၊ ၁၀အုပ်ပါ သိန်းတစ်ထောင် အစီး ၁၃ စီး စုစုပေါင်းငွေကျပ်သိန်းတစ်ထောင့် သုံးရာကို တွေ့ရှိရခြင်းဖြစ်ကြောင်း သတင်း တစ်ပုဒ်၌ ဖတ်ရှုလိုက်ရပါသေးသည်။

ယခုဖော်ပြပါ ငွေစက္ကူအတု ဖမ်းဆီးရမိသည့် သတင်းများကို စုစည်းကောက်ချက်ချမည်ဆိုပါက ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများကို ပြည်တွင်းမှ ကွန်ပျူတာဖြင့် ပရင့်ထုတ်၊ ကော်ပီ ယာဖြင့် မိတ္တူကူးသုံးစွဲစဉ် ဖမ်းဆီးရမိသည့်အမှုမှာ ဖြစ်ပွားသော်လည်း နည်းပါးကြောင်း၊ ငွေစက္ကူ အတု အမြောက်အမြား ဖမ်းဆီးရမိမှုများတွင် နိုင်ငံခြားသားများနှင့် ဆက်စပ်မှုရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

ငွေစက္ကူအတုအစစ် ဘယ်လိုခွဲခြားမလဲ ကျပ် ငါးထောင်တန်နှင့် ကျပ်တစ်သောင်းတန် ငွေစက္ကူများကို ၂၀ဝ၉ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့ တွင် စတင်ထုတ်ဝေခဲ့ပြီး ရှစ်နှစ်အတွင်းမှာပင် ငွေအတုများဖမ်းဆီးရမိမှုအကြိမ်ရေမှာလည်း ၂၀၁၇ ခုနှစ်တွင် ပိုမိုများပြားလာသည်ကို တွေ့ရှိနေရပြီဖြစ်သည်။ ငွေအတုအစစ် ခွဲခြားပုံ ကို  ဘဏ်ဝန်ထမ်းတစ်ဦးက အောက်တိုဘာ ၂၉ရက်တွင် လူမှုကွန်ရက်စာမျက်နှာ၌ ယခုကဲ့သို့ ဖော်ပြထားသည်ကို တွေ့ရသည်။  

ပိုက်ဆံအတု၊ အစစ်အကြောင်းသိကောင်းစရာ

ကျွန်တော်တို့ပိုက်ဆံအတုအစစ်ဘယ်လိုခွဲကြမလဲ။ Bank Staff တော်တော်များများ သိကြမယ်ထင်ပါတယ်။ မသိသေးတဲ့ Bank Staff တွေလည်း အများကြီးပါ။(အတု၊ အစစ်ခွဲတဲ့ စက်တွေကြောင့် နောက်ပိုင်းBank Staff တွေမသိကြတာလို့ထင်ပါတယ်။) လုပ်သက်အတွေ့အကြုံအပေါ်မှာ မူတည်ပြီး ပညာတစ်ခုအနေနဲ့ သိလာကြတာပါ။ ကျွန်တော်Bank Staff လို့ သုံးပါတယ်။ Banker လို့ မသုံးပါ။ (စကားကြိုတင်ပလ္လင်ခံထားပါတယ်)

အတုကို မပြောခင် အစစ်မှာ ဘာလက္ခဏာတွေရှိသလဲ

၁။    Water marks (ရေစာ)

၂။    Emboss (ဖောင်းကြွပုံနှိပ်ထားသည်)

၃။    Geometric lathe work (Geometric  ပညာနဲ့ ပြုလုပ်ထား)

၄။    Micro printing (သေးငယ်တဲ့ပုံရိပ်တွေပုံနှိပ်ထား)

၅။    Optically variable colour changing inks  (မျက်စိဖြင့်မမြင်နိုင်တဲ့ အရောင်ပြောင်းတဲ့မင်ပါတယ်)

၆။    Holograms (သုံးဖက်မြင်ပုံရိပ်ရှိ)

၇။    Security threads (လုံခြုံရေးကြိုး ပါဝင်)

၈။    Magnetic ink (သံလိုက်ဓာတ်ပါတဲ့မင် သုံးထား)

၉။    Serial Number (serial နံပါတ်တွေပါတယ်)

၁၀။    Anti copying mark(ကူးယူလို့မရတဲ့အမှတ်အသား များပါဝင်)

၁၁။    Copy evident paper (ထင်ရှားမြင်သာတဲ့ copy paper ဖြစ်)

၁၂။    Fluorescent dyes(အလင်းရောင်ထွက်နေတဲ့ ဆေးတွေပါဝင်)

၁၃။    Registration of feature on both side (မျက်နှာပြင်နှစ်ခုလုံးမှာ Registerလုပ်ထား)

၁၄။    Electronic devices

၁၅။    Thermochromatic ink (အရောင်ပြောင်းနိုင်တဲ့မင် ပါတယ်)

၁၆။    Latent Image (သေချာကြည့်မှမြင်ရတဲ့ပုံတွေပါ တယ်)

ဒီလက္ခဏာတွေနဲ့ပြည့်စုံရင် အစစ်လို့ ပြောပါတယ်။ ဒါဆိုအတုကရော (ပြောင်းပြန်ပေါ့)။ ဒါပေမဲ့ တချို့အချက် တွေကLED မီးတို့။ Microscope တို့နဲ့ ကြည့်မှမြင်နိုင် တာပါ။ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ အရာတွေပါ။ ဒီတော့ ဘယ်ဟာအတု၊ ဘယ်ဟာအစစ် လွယ်လွယ်ကူကူ မှတ်လို့ မရနိုင်ပါဘူး။

ဒီတော့ အကြမ်းဖျင်းကျွန်တော်တို့ ဘယ်လိုမှတ်ကြ မလဲ။ ကျပ်တစ်သောင်းတန်အတုမှာ ဘာလက္ခဏာတွေရှိလဲ

တစ်သောင်းတန်အတုတွေဟာ နည်းပညာအရမ်းမြင့် လွန်းပါတယ်။ စက္ကူကအစ ချွတ်စွပ်ခွဲမရအောင် တူပါ တယ်။ ဒီတော့ အောက်က အခြေခံအချက်တွေနဲ့ပဲ အကြမ်း ဖျင်းခွဲကြည့်ပါ။

၁။    ငွေစက္ကူရဲ့ဘယ်ဘက်ထောင့်အလယ်မှာCBM စာလုံးမပါပါဘူး။ (အစစ်မှာပါပါတယ်)

၂။    CBM ပါသည့်နေရာမှာ ချောနေပါတယ်။ (အစစ် တွင်  ၎င်းနေရာမှာ ကြမ်းနေပါတယ်။ လက်နဲ့ကိုင် ကြည့်ပါ။)

၃။    အတုတွင်လည်း ရေစာပါပါတယ်။ထင်ရှားလွန်းပါ တယ်။ (အစစ်က အဲ့ဒီလောက် မထင်ရှားပါ)

၄။    လုံခြုံရေးကြိုးပါတယ်။ ကြိုးပေါ်တွင်လည်း စာပါပါ တယ်။ အလင်းရောင်မှာ လှုပ်ရမ်းကြည့်ရင် ခရမ်း ရောင်တစ်ရောင်တည်းပါ။ (အစစ်တွင် ၎င်းလုံခြုံရေး ကြိုးကိုလှုပ်ကြည့်ရင် အဝါနဲ့ ခရမ်းရောင်ပြေးနေပါ တယ်)

၅။    ၁၀ဝ၀ဝ စာလုံးထဲနှင့် ဘေးအပြာနေရာရှိ အကွက် လေးများ ဆေးသားမပြတ်သားပါ။ (အစစ်တွင် ဆေးသားပြတ်သားပါတယ်)

၆။    မြို့ရိုးဆေးသားကဆေးပြန့်နေပါတယ်။(အစစ်မှာ မပြန့်ပါဘူး)

ငါးထောင်တန်အတုမှာ ဘာလက္ခဏာတွေရှိလဲ

ငါးထောင်တန်မှာတော့ ကြည့်တာနဲ့ကို ကွဲကွဲပြားပြား သိနိုင်ပါတယ်။ အရောင်ကအစ ကွဲပြားပါတယ်။ အတုက ပန်းရောင်ဘက်သန်းပါတယ်။အကြမ်းဖျင်း ခွဲကြည့်ဖို့ဆိုရင် တော့

၁။    အတုမှာစက္ကူထောင့်ဖြတ်ရာတွေပါ ပါတယ်။(အစစ်မှာမပါပါဘူး)

၂။    ငွေစက္ကူရဲ့ ဘယ်ဘက်ထောင့် အလယ်မှာ CBM ရေစာ မပါပါဘူး။(အစစ်မှာ ပါပါတယ်)

၃။    လုံခြုံရေးကြိုးပေါ်မှာ ငွေစက္ကူတန်ဖိုးမရိုက်ထားပါဘူး။

၄။    ငွေစက္ကူရဲ့ ညာဘက်ထောင့် အလယ်မှာ ဆင်ပုံရေစာ မပါပါဘူး (အစစ်မှာ ပါပါတယ်) (ဆင်ပုံရေစာသည် နောက်ပိုင်းထွက်သော ငွေစက္ကူ အသစ်တွင် မျက်နှာချင်းဆိုင်လှည့်သည်) တစ်ထောင်တန်အတုကတော့ စက္ကူသားကအစကွဲပြား ပါတယ်။(မရေးပြတော့ပါဘူး)

အတုကိုင်ထားရင်ဘာတွေဖြစ်နိုင်လဲ

မည်သူမဆို ငွေစက္ကူကို ဖြစ်စေ၊ ဘဏ်ငွေ လက်မှတ် ကိုဖြစ်စေ၊လိမ်လည်အတုပြုလျှင်ဖြစ်စေ သို့မဟုတ် အတုပြု မှန်း မိမိသိလျက်နှင့် ထိုသို့ လိမ်လည်အတုပြုလုပ်သည့် လုပ်ငန်းအဆင့်ဆင့်တွင် အဆင့်တစ်ခုခုကို ပါဝင်ပြုလုပ်ပါက ထိုသူအား ရာဇသတ်ကြီးပုဒ်မ ၄၈၉(က)အရ ထောင် ဒဏ်တစ်သက်တစ်ကျွန်းကိုဖြစ်စေ၊  ၁၀ နှစ်အထိ ထောင် ဒဏ်ကိုဖြစ်စေ၊ တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်အရေးယူ နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။

ထို့ပြင်ငွေစက္ကူကို ဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကိုဖြစ်စေ အတုမှန်းသိလျက်  အစစ်အမှန်အဖြစ်  အသုံးပြုပါက ရာဇသတ်ကြီးပုဒ်မ ၄၈၉ (ခ) အရ ထောင်ဒဏ်တစ်သက် တစ်ကျွန်းကိုဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကို ဖြစ်စေ ချမှတ်အရေးယူနိုင်ပါတယ်။ ငွေဒဏ်လည်း ချမှတ် နိုင်ပါတယ်။ ငွေစက္ကူများကို အတုပြုလုပ်ထားမှန်းသိလျက် သုံးစွဲရန်ကြံရွယ်ကာ   လက်ဝယ်ထားပါက  ထောင်ဒဏ် ခုနစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်အရေးယူနိုင်သည်ဟု ပြဋ္ဌာန်းထားပါတယ်}}ဟုဖော်ပြ ထားသည်။

ဆိုရလျှင် ယခုနှစ်အတွင်း  ငွေစက္ကူအတုများကို ကွန်ပျူတာပရင်တာဖြင့် အလွယ်တကူ ထုတ်ယူသုံးစွဲမှုများ၊ ပြည်ပနိုင်ငံအချို့မှတစ်ဆင့် ဝင်ရောက်လာနေသည့် အစစ် နီးပါးတုပထားသော ငွေစက္ကူများ ဝင်ရောက်နေမှုများ၊ အချို့ဆိုလျှင် ကျေးလက်ဒေသအထိသွား၍ တန်ဖိုးကြီးနွား များကို ဈေးကောင်းကောင်းပေး ဝယ်ယူနေကြပြီး ထိုသို့ ဝယ်ယူရာတွင် ကျေးလက်ပြည်သူတို့၏ ရိုးသားနွမ်းပါးမှုကို အခွင့်ကောင်းယူလျက် ငွေတုများနှင့် ငွေအစစ်တို့ ရော၍ ငွေပေးချေမှုများ၊ ထိုငွေများဖြင့် မြို့တက်ဈေးဝယ်သည့်အခါ ငွေတုများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် ငွေလည်းဆုံး၊   နွားလည်းဆုံးဖြစ်ရသည့်ဖြစ်ရပ်များမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ပင် ပေါ်ပေါက်နေပြီဖြစ် ပါသည်။

သို့ဖြစ်လေရာ သန်း ၅၀ ကျော်မျှသော မြန်မာပြည်သူ များအတွင်း  လှည့်ပတ်သုံးစွဲငွေနှင့်နှိုင်းယှဉ်လျှင် သုည ဒသမ ဝ၀ဝ၅၄ ရာခိုင်နှုန်းသာ ရှိသဖြင့် စိုးရိမ်မှုရှိရန်မလို၊ ငွေစက္ကူအတုကို သိမ်းဆည်းခြင်းခံရပါကလည်း မည်သည့် နိုင်ငံတွင်မျှ   ပြန်ပေးရိုးထုံးစံမရှိဟု တာဝန်ရှိသူတစ်ဦးက ဆိုသော်လည်း ဖမ်းဆီးရမိမှု ပိုမိုများပြားလာသော ငွေစက္ကူ အတုပြဿနာသည် ၂၀၁၇ခုနှစ်ကို ခြိမ်းခြောက်ခဲ့သော ပြဿနာတစ်ခုအဖြစ်သာ ရှုမြင်မနေသင့်ဘဲ လာမည့်နှစ်များ တွင်လည်း အလေးထားကိုင်တွယ်ရမည့် ပြဿနာတစ်ရပ် ဖြစ်လာသည်မှာ သေချာလှပါသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အနာဂတ်ကာလတွင် ရိုက်နှိပ် ထုတ်ဝေရန်ရှိလာမည့် ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင် ဆန်း ရုပ်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေရန် ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်းအဆိုတစ်ခုကို အတည်ပြုခဲ့ပြီးဖြစ်ရာ အနာဂတ်ကာလတွင်  ဗိုလ်ချုပ်ပုံပါသော  ငွေစက္ကူများ ကိုင်တွယ်သုံးစွဲရဖွယ်ရှိနေပြီဖြစ်သည်။

ငွေစက္ကူအမျိုးအစားသစ်များ  ရိုက်နှိပ်သုံးစွဲမည်ဆိုပါ ကလည်း အမျိုးအစားသစ် တစ်မျိုး (ဥပမာ-ကျပ်တစ်သောင်း တန် ငွေစက္ကူဒီဇိုင်းသစ်တစ်မျိုး) ရိုက်နှိပ်မည်ဆိုပါက ကုန်ကျငွေ အမေရိကန် ဒေါ်လာသန်း ၆၀ဝ နီးပါး ကုန်ကျ မှုရှိမည်ဟု တွက်ချက်ထားသည်ကိုလည်း တွေ့လိုက်ရ သည်။

သို့ဖြစ်ရာ  ဖမ်းဆီးရမိမှု  ခပ်စိပ်စိပ်ဖြစ်လာသော ကျပ်တစ်သောင်းတန်ငွေစက္ကူအတုများ အန္တရာယ်မှလည်း အရံအတားဖြစ်စေ၊ ပြည်သူတို့ လိုလားနေသော ဗိုလ်ချုပ် ပုံပါသည့် ငွေစက္ကူအသစ်တစ်မျိုး ထုတ်ဝေသည့်အနေဖြင့် ဖြစ်စေ  ဗဟိုဘဏ်အနေဖြင့်  ကျွဲကူးရေပါဆိုကဲ့သို့ ဆောင်ရွက်သင့်နေပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။

ရည်ညွှန်း -

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားသည့် ငွေစက္ကူအတု ဖမ်းဆီးရမိသည့် သတင်းများ

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး