အနည်းဆုံးအခကြေးငွေ ပြည်တော်ပြန်ရွှေ့ပြောင်းလုပ်သားနှင့် အလုပ်အကိုင်အခွင့်အလမ်း

အနည်းဆုံးအခကြေးငွေ ပြည်တော်ပြန်ရွှေ့ပြောင်းလုပ်သားနှင့် အလုပ်အကိုင်အခွင့်အလမ်း

'အနိစ္စအမြဲမရှိ ဆန္ဒပြပွဲ အမြဲရှိ' ဟု ဆိုရမလောက်ပင် လိုအပ်ချက်အကြောင်းအရာ ပေါင်းမြောက်မြားစွာကို အကြောင်းပြုလျက် ဖြစ်ပေါ်နေသော ဆန္ဒပြပွဲများသည် မြန်မာပြည် အနှံ့အပြားတွင် ဖြစ်ပေါ်လျက်ရှိသည်မှာတော့ ငြင်းမရသော အမှန်တရားပင် ဖြစ်သည်။

ဘာကြောင့် ဆန္ဒပြကြသနည်း

ဆန္ဒပြပွဲများကို အကြမ်းဖျင်းအားဖြင့် စိစစ် ကြည့်မည်ဆိုပါက စားဝတ်နေရေး အဆင်မပြေမှု၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာရသည့် မြေသိမ်းယာသိမ်း အနိုင် ကျင့်မှု၊ နိုင်ငံရေးလိုအပ်ချက်များ တောင်းဆိုမှု စသည်တို့ဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲ ခြင်းခံခဲ့ရသော ၂၀ဝ၇ ရွှေဝါရောင်တော်လှန် ရေးနောက်ပိုင်း ဆန္ဒပြမှုများကို အကြမ်းဖက် နှိမ်နင်းမှုများ တဖြည်းဖြည်း လျော့ပါးလာခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီး တက်လာသော အစိုးရလက်ထက်တွင်မူ ပညာရေးဥပဒေကို အကြောင်းပြုဖြစ်ပေါ်လာသော ကျောင်းသား များ၏ ဒီမိုကရေစီ ပညာရေးသပိတ်အား လက်ပံတန်းမြို့တွင် ၂၀၁၅ ခုနှစ် မတ် ၁၀ ရက်က အင်အားအလွန်အကျွံသုံး၍ ဖြိုခွဲမှု တို့မှာ အကျည်းတန်စွာဖြင့် ပြီးဆုံးခဲ့ရသည်။

ဆိုရလျှင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် အစပြုခဲ့သော အင်န်အယ်လ်ဒီအစိုးရ သက်တမ်း အစမှာပင် ဖမ်းဆီးခံကျောင်းသားများအား လွှတ်ပေးခဲ့ပြီး သပိတ်မှောက် ဆန္ဒပြပွဲများ အနည်းငယ်ကျဲပါးသွားခဲ့သော်လည်း ယခုအခါ အနယ်နယ်အရပ်ရပ်ဟု ဆိုရမလောက်ပင် ဒေသအသီးသီး၌ အကြောင်းအမျိုးမျိုးဖြင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်နေဆဲပင်ဖြစ်သည်။ ရဲမှတ် တမ်းများ၊ ထုတ်ပြန်ချက်များအရဆိုလျှင် မြန်မာ နိုင်ငံတွင် တစ်နေ့လျှင် နှစ်ကြိမ်နှုန်းခန့်ဖြင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်နေဆဲဟု သိရသည်။

အနည်းဆုံးအခကြေးငွေနှင့် ဆန္ဒပြမှုများ

၂၀၁၃ ခုနှစ် သြဂုတ်လက ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ချင်း ပြည်နယ် ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇာတလဲမ်းက 'အခြေခံ လုပ်သားများအတွက် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပေးရန် အစီအစဉ် ရှိမရှိ' မေးမြန်းမှုမှ အစပြုခဲ့သော အနည်းဆုံးအခကြေးငွေ သတ် မှတ်ရေးကိစ္စသည် ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် အနည်းဆုံး အခကြေးငွေဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများကို ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဥပဒေပြဋ္ဌာန်း စဉ်က အနည်းဆုံး အခကြေးငွေ မည်ရွေ့ မည်မျှဟု သတ်မှတ်ပေးနိုင်ခြင်း မရှိခဲ့ဘဲ ၂၀၁၅ ခုနှစ် သြဂုတ် ၂၈ ရက်တွင်မှသာ အနည်း ဆုံးလုပ်ခကို တစ်နာရီလျှင် ကျပ် ၄၅၀၊ တစ်ရက် အလုပ်ချိန် ရှစ်နာရီလျှင် ကျပ် ၃၆၀ဝ ဟုသတ် မှတ် ပေးနိုင်ခဲ့သည်ကိုလည်း တွေ့ရသည်။ ထိုသို့ သတ်မှတ်နိုင်ရေးအတွက်လည်း အခြေခံ အလုပ်သမားများမှာ လမ်းပေါ်ထွက်၍ ဆန္ဒ ထုတ်ဖော်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရသလို ယခင်အစိုးရလက်ထက်တွင် ဆန္ဒထုတ်ဖော်ရာ၌ ဦးဆောင်ခဲ့သည့် အလုပ်သမား ခေါင်းဆောင် များကို ဖမ်းဆီးပြီး တရားစွဲဆို ထောင်ချမှုများ ပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရမည် ဖြစ်သည်။ အနည်းဆုံးအခကြေးငွေ တစ်နေ့လျှင် ရှစ်နာရီ အတွက် လုပ်အားခ ကျပ် ၅၆၀ဝ နှင့် အထက် ရရှိရေးအတွက် တိုင်းနှင့်ပြည်နယ် လေးခုတွင် နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း ဆန္ဒပြပွဲများ၊ စက်မှုဇုန်များတွင် Campaign များ ဖြစ်ပေါ် လျက်ရှိသည်။

တစ်နေ့အနည်းဆုံးလုပ်ခ သတ်မှတ်ခြင်းမှာ အလုပ်သမား၊ အလုပ်ရှင်နှင့် အစိုးရတို့အကြား ညှိနှိုင်းသတ်မှတ်ရသော အခြေအနေတစ်ခု ဖြစ်ရာ အလုပ်သမားများ၊ အလုပ်ရှင်နှင့်အစိုးရ တို့အကြား ဖြစ်နိုင်ခြေတစ်ခုတွင် ဘုံသဘောတူ ညီမှုရရှိရန်လည်း လိုအပ်မည်ဖြစ်သည်။ လော လောဆယ် အခြေအနေအရ တစ်နေ့ အနည်းဆုံး လုပ်ခ ကျပ် ၅၆၀ဝ သတ်မှတ်ပေးရန်မှာ မဖြစ် နိုင်သေးကြောင်း၊ ကျပ် ၃၆၀ဝ နှင့် ကျပ် ၅၆၀ဝ နှုန်းထားနှစ်ခုကြားတွင်သာ ပေးနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက သမ္မတထံစာတင် ထားကြောင်းလည်း သိရသည်။ အလုပ်ရှင် ဘက်က ပေးလိုသော်လည်း မတတ်နိုင်ကြောင်း၊ လုပ်ငန်းရှင် ဘက်တွင်လည်း အခက်အခဲများ ရှိကြောင်း၊ စီးပွားရေးအရ အရှုံးခံရပ်တည်ရန် မဖြစ်နိုင်ကြောင်း အလုပ်ရှင်အဖွဲ့အစည်းကိုယ် စားလှယ်များက ပြောကြားထားသည်။

အစိုးရဘက်မှကြည့်မည်ဆိုပါက မြန်မာ နိုင်ငံ၏ ပြည်သူ့ဝန်ထမ်းများ လုပ်ခလစာနှုန်းထား Pay Skill များနှင့် ကိုက်ညှိထိန်းကျောင်းရန် လိုအပ်မည် ဖြစ်သည်။ အစိုးရခန့် နေ့စား ဝန်ထမ်းတစ်ဦး၏ နေ့စားခမှာ ကျပ် ၃၆၀ဝ၊ အမြဲတမ်းဝန်ထမ်းတစ်ဦး၏ အနိမ့်ဆုံးလစာမှာ ကျပ် ၁၂၂၀ဝ၀ ဖြစ်ရာ အမြဲတမ်းဝန်ထမ်း တစ်ဦး၏ တစ်နေ့ ပျမ်းမျှလုပ်ခမှာ ကျပ် ၄၀ဝ၀ သာသာမျှသာ ဖြစ်သည်။ နေ့စားဝန်ထမ်း ဆိုသည်က အမြဲတမ်းခန့် အနိမ့်ဆုံးဝန်ထမ်း၏ ခံစားခွင့်ထက် ကျော်လွန်ပေးရန် မဖြစ်နိုင်။ တစ်နေ့ ကျပ် ၄၀ဝ၀ သတ်မှတ်မည်ဆိုလျှင်ပင် ပြည်သူ့ဝန်ထမ်းနေ့စား၏ နေ့စားလုပ်အားခ ကိုပါ တိုးမြှင့်ပေးရမည့်အပြင် အမြဲတမ်း ဝန်ထမ်းတစ်ဦး၏ အနိမ့်ဆုံးလစာကိုလည်း တိုးမြှင့် ပြင်ဆင်ပေးရမည်ဖြစ်သည်။ ထိုအခါ တစ်နိုင်ငံလုံးရှိ အမြဲတမ်းဝန်ထမ်းများ၏ လစာ များကိုလည်း အဆင့်အလိုက် တိုးမြှင့်ပြင်ဆင်မှု များ ပြုလုပ်ရတော့မည်ဖြစ်ရာ ပြည်သူ့ဝန်ထမ်း များအတွက် ရန်ပုံငွေတိုးမြှင့်သတ်မှတ်ရတော့ မည်ဖြစ်သည်။ ဤသည်မှာ လက်တွေ့ရင်ဆိုင် နေရသည့်  အမှန်တရားလည်း ဖြစ်သည်။ အစိုးရအနေဖြင့် တစ်နိုင်ငံလုံးရှိ  အခြေခံ လူတန်းစားများ၏ အနိမ့်ဆုံးလုပ်ခ သတ်မှတ် ရေးသည် ဘေးကျပ်နံကျပ်အနေအထားဖြစ်သလို လုပ်ငန်းရှင်များဘက်တွင်လည်း ရပ်တည်ရန် ခက်ခဲနေသည့် အခြေအနေဖြစ်သည်။ အလုပ် သမားများဘက် ကြည့်ပါကလည်း အနိမ့်ဆုံး လုပ်ခ ကျပ် ၃၆၀ဝ သည် အလုပ်သမားတစ်ဦး အတွက် ရပ်တည်ရန်ပင် ခက်ခဲလာသော လုပ်အားခဖြစ်သည်။ နှစ်နှစ်အတွင်း တိုးမြင့် လာသည့် ကုန်ဈေးနှုန်းက လုပ်အားခကို ခြိမ်း ခြောက်နေသည့် အခြေအနေဖြစ်သည်။ ဤ အကျပ်အတည်းမှာ တစ်ဖက်တည်း မြင်၍မရ။ သုံးဖက်သုံးဖလှယ်ကြည့်ပြီး ညှိနှိုင်းလုပ်ဆောင် ရမည့်အခက်အခဲဖြစ်သည်။

အနည်းဆုံး လုပ်ခသတ်မှတ်ရေးနှင့် ပတ် သက်၍ မြန်မာနိုင်ငံရင်ဆိုင်နေရသော အခြေ အနေသည် ခေါင်းခဲနေရသည့် အခြေအနေ ဖြစ်သည်။  ယင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ် ဇူလိုင် ၁၀ ရက်ထုတ် ကြေးမုံသတင်းစာ တွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ဦးအေးချမ်း၏ 'အနိမ့်ဆုံးအခကြေးငွေ သတ်မှတ်ဖို့ အချိန် သင့်ပြီလား' ဆောင်းပါးပါ အချက်အချို့ကို ကောက်နုတ်ဖော်ပြလိုပါသည်။ ဆောင်းပါး ရှင်က အနိမ့်ဆုံးလုပ်ခ သတ်မှတ်ထားသော ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂရိ၊ ပေါ်တူဂီ၊ အင်္ဂလန် စသည့် နိုင်ငံများ၏ ပျမ်းမျှအလုပ်လက်မဲ့နှုန်းမှာ ၁၃ ဒသမ ၈ ရာခိုင်နှုန်းရှိနေပြီး အနိမ့်ဆုံး လုပ်ခ မသတ်မှတ်ရသေးသော သြစတြီးယား၊ ဒိန်းမတ်၊ ဂျာမနီ၊ နော်ဝေ၊ ဆွီဒင်၊ အီတလီ၊ ဆွစ်ဇာလန် စသည့်နိုင်ငံများ၏ အလုပ်လက်မဲ့ နှုန်းမှာ ၆ ဒသမ ၃ ရာခိုင်နှုန်းရှိနေခြင်းကို လည်း အနည်းဆုံးလုပ်ခဆိုင်ရာ တာဝန်ရှိသူ Stakeholder အားလုံး ထည့်သွင်းစဉ်းစားသင့် သည်ဟု တင်ပြလိုပါသည်။ မိမိနိုင်ငံ၏ အခြေ အနေအရ မသတ်မှတ်လျှင် မဖြစ်သည့်အတွက် သတ်မှတ်ပြီးပြီထားစေဦး ပြန်ဖျက်၍လည်း မသင့်တော့ဘူး ရှိစေတော့၊ ဝန်ဆောင်မှုလုပ်ငန်း(Service Industry)၊ ရုံးလုပ်ငန်း (Office Industry)၊ စက်နှင့်နည်းပညာ အသုံးပြုကုန် ထုတ်လုပ်ငန်း (Machine and Technology Industry) ၊ လူအင်အား အသုံးပြုကုန်ထုတ် လုပ်ငန်း (Labour intensive Industry) အားလုံးကို အနည်းဆုံးလုပ်ခ တစ်ပြေးညီ သတ်မှတ်သင့်မသင့် ဆိုသည်ကိုတော့ အလေး အနက် ထည့်သွင်းစဉ်းစားသင့်သည်ဟု အကြံပြု လိုပါသည်။

မသတ်မှတ်သင့်သည့်အချိန်တွင် သတ်မှတ် လိုက်ခြင်းကြောင့် သို့မဟုတ် အားလုံးကို တစ်ပြေးညီ သတ်မှတ်လိုက်ခြင်းကြောင့် အလုပ် သမားများက နည်းသည်ဟုဆိုကာ ဆန္ဒပြ၊ အလုပ်ရှင်ဘက်က များသည်ဟုဆိုကာအလုပ် ပိတ်၊ ဤသို့ဖြေရှင်းကြလျှင် 'ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်ကြောင့်လေး' ဆိုသည့်စကားပုံအတိုင်း ပြဿနာပိုများပြီး တိုင်းပြည်၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ် ကသိကအောက် ဖြစ်ကြရမည်ဆိုပါက ဝမ်းနည်းစရာပင်။

ဖွံ့ဖြိုးဆဲနိုင်ငံများသည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တွင် အဓိကအခြေခံကျသည့် 3M (Man, Money and Material) များအနက် ငွေကြေးနှင့်ပစ္စည်းပစ္စယများထက် လူအရင်းအမြစ်ကိုသာ တတ်နိုင်ကြသဖြင့် Labour Intensive စက်မှုလုပ်ငန်းများဖြစ် သော CMP လက်ခစား စက်မှုလုပ်ငန်းများမှာ အဓိကအားထားရသည့် လုပ်ငန်းဖြစ်လာသည်ကို တွေ့မြင်ရပါသည်။ ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးမှုကို အခြားအထောက်အကူပြုသည့် အချက်တစ်ချက်မှာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု (FDI) ပင်ဖြစ်ပါသည်။ ယင်း FDI များ ပြည်တွင်းသို့ အမြောက်အမြားစီးဆင်း ဝင်ရောက်မှု များပြားလာသည်နှင့်အမျှ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာလည်း သိသာစွာ တိုးတက်လာခဲ့ကြသည့် သာဓကများရှိကြပါ သည်။ ထိုကဲ့သို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ် နှံမှုများမှာလည်း CMP လက်ခစား စက်မှု လုပ်ငန်းစနစ်ဖြင့်ပင် အများစုဝင်ရောက်လာ ကြသည်ကို တွေ့ရပါသည်။ တရုတ်နိုင်ငံတွင် CMP လက်ခစား စက်မှုလုပ်ငန်းများ စတင် ခဲ့စဉ်က FDI ၆၅ ရာခိုင်နှုန်းရှိခဲ့သည်ဟု လေ့လာတွေ့ရှိရပါသည်။

CMP လက်ခစား စက်မှုလုပ်ငန်းများ 'အထူးသဖြင့် အထည်ချုပ်လုပ်ငန်းများ'၏ သဘောသဘာဝကို ဦးစွာတင်ပြပါမည်။ CMP လက်ခစား စက်မှုလုပ်ငန်းများသို့ ကုန်ပစ္စည်း အမှာစာ အပ်နှံသူများသည် စတင်မှာယူစဉ် အချိန်မှ ၎င်းတို့ထံရက်ပေါင်း (၉၀)အတွင်း ကုန်ချောများရောက်ရှိမှသာ ယင်းနိုင်ငံသို့ ဆက်လက်မှာယူလေ့ရှိပါသည်။ ကုန်ပစ္စည်း မှာယူထုတ်လုပ်ချိန်၊ မိမိနိုင်ငံသို့တင်ပို့ရန် ခရီး အကွာအဝေးအလိုက်ကြာချိန်၊ ဈေးကွက်နိုင်ငံသို့ ပြန်လည်တင်ပို့ရန် ခရီးအကွာအဝေးအလိုက် ကြာချိန်များမှာ မိမိတို့ကဲ့သို့ လက်ခံချုပ်လုပ် သည့်နိုင်ငံများ ဖန်တီးနိုင်သော ကိစ္စရပ်များ မဟုတ်ကြပေ။  ကုန်ပစ္စည်းထုတ်ရန် ကြာမြင့်ချိန်၊ ဆိပ်ကမ်း၌ မလိုအပ်သည့် စစ်ဆေးမှုများ 'လိုအပ်သည့် စစ်ဆေးမှုများကို မဆိုလိုပါ' ကြောင့် ကြာမြင့်သည်နှင့်အမျှ ကုန်ချောအဖြစ် ထုတ်လုပ်ရမည့် အချိန်လျော့နည်းသွားမည် ဖြစ်ရာ အချိန်ပိုလုပ်ကိုင်ရခြင်း၊ စနေ၊ တနင်္ဂနွေ မရပ်မနား လုပ်ကိုင်ရခြင်း၊ သင်္ဘောတင်ချိန် အလွန်နီးကပ်နေချိန်မျိုးတွင် ညလုံးပေါက် အလုပ်ဆင်းရခြင်း စသည့်လုပ်ငန်းခွင်ဆက်ဆံရေး ပြဿနာများ ကြုံတွေ့ရပါတော့သည်။ ထို့ပြင် အလျင်အမြန် မနေမနားလုပ်ကြရသဖြင့် ထုတ် လုပ်မှုအရည်အသွေး ကျဆင်းခြင်းကြောင့် ကုန်ပစ္စည်းမှာယူသူများ၏ အထင်အမြင်သေး ခြင်း၊ နောက်ထပ်မှာယူလိုစိတ်မရှိတော့ခြင်း များအပြင် ကျေနပ်မှုမရှိသည့် ပစ္စည်းများကို လက်ခံခြင်းမရှိဘဲ ပြန်ပို့ခြင်း (Reject) များ ပြုလုပ်လေ့ရှိကြပါသည်။ သို့ဖြစ်၍ ပြည်တွင်း CMP လုပ်ငန်းရှင်အချို့ အရှုံးပေါ်ပြီး လုပ်ငန်း ပိတ်သိမ်းခဲ့ရသည့် သာဓကများလည်း ကြုံတွေ့ ခဲ့ကြရပါသည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ သယ်ယူ/တင်ပို့ရာ၌ အခြားလုပ်ငန်းတူ လုပ် ကိုင်ဖက် နိုင်ငံများဖြစ်ကြသည့် ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့ထက် ကြာမြင့်နေခြင်းမှာ မည်သို့မျှမတတ်နိုင်သည့် သဘာဝအခက်အခဲ တစ်ခုပင် ဖြစ်သည်။ ယင်းကို တုံ့ပြန်ကယ်တင် နိုင်ရေးမှာ နိုင်ငံတွင်း ကိစ္စရပ်များကို တတ်နိုင် သရွေ့ ဖြေလျှော့ပေးရန်သာ ဖြစ်ပါသည်။ သို့ရာတွင် လက်ရှိကျင့်သုံးနေသည့် ကုန်သွယ်မှု စနစ် စသည့်လုပ်ထုံးလုပ်နည်းများကြောင့် ဆိပ်ကမ်း၌ ကြန့်ကြာမှုများ မကြာခဏကြုံ တွေ့နေကြရဆဲဖြစ်ပါသည်။ သို့ဖြစ်၍ အခြား နိုင်ငံများထက် ပိုမိုကြာမြင့်မှုကို လက်မခံနိုင် ကြသော နိုင်ငံတကာ ကုန်ပစ္စည်းမှာယူသူ (buyer) အများစုသည် အခြားယှဉ်ပြိုင်ဘက် နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတို့သို့မှာယူ၍ ပိုလျှံမှသာ မိမိနိုင်ငံသို့ မှာယူလေ့ရှိကြပါသည်။ ထိုကဲ့သို့ မှာပါကလည်း အခြားနိုင်ငံများသို့ပေးသည့် ချုပ်ခထက် ပိုမို လျော့နည်းပြီး ပေးလေ့ရှိပါသည်။ အချို့အမှာစာ များသည် စတင်ကမ်းလှမ်းစဉ်က အဆင်ပြေခဲ့ သော်လည်း လုပ်ထုံးလုပ်နည်းများ၊ အခြား ကန့်သတ်ချက်များ မမျှော်လင့်ဘဲကြုံတွေ့ရပြီး ကြာမြင့်တော့မည်ဟုယူဆပါက ဆက်သွယ်မှု ပိုမိုလွယ်ကူပြီး လုပ်ထုံးလုပ်နည်းရှုပ်ထွေးမှု နည်းပါးသော ဗီယက်နမ်နှင့် ကမ္ဘောဒီးယား အပါအဝင် အခြားနိုင်ငံများသို့ ရွှေ့ပြောင်းအပ်နှံ ကြသဖြင့် လုပ်ငန်းဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ကြ သည်ဟု လေ့လာသိရှိရသည်။

မြန်မာနိုင်ငံသည် အခြားလုပ်ငန်းတူလုပ် ကိုင်သော နိုင်ငံများထက် CMP လုပ်ငန်းများသို့ ပေးချေရသော လုပ်ခနည်းပါးသက်သာသည် ဆိုသော်လည်း ပိတ်စနှင့်ပစ္စည်းများ သယ်ယူ/ တင်ပို့မှု ကုန်ကျစရိတ်၊ နိုင်ငံအတွင်း ထုတ်လုပ်မှု လုပ်ငန်းစဉ် အထောက်အကူပြု ရုံးလုပ်ငန်း စရိတ်၊ နိုင်ငံအတွင်းသယ်ပို့စရိတ်၊ တင်ချစရိတ်၊ လျှပ်စစ်စွမ်းအားစရိတ်၊ လောင်စာဆီစရိတ် အပါအဝင် အခြားအထွေထွေ ကုန်ကျစရိတ် များမှာ ထိုင်းနိုင်ငံအပါအဝင် အခြားအိမ်နီးချင်း လုပ်ငန်းတူ လုပ်ကိုင်ဖက်နိုင်ငံများနှင့် နှိုင်းယှဉ် ပါက ပိုမိုများပြားနေခြင်းသည် နိုင်ငံခြားတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များ လာရောက်ရန် အဓိက အတားအဆီးဖြစ်နေသည်ဟု ဂျပန် နိုင်ငံ Institute of Developing Economics (IDE) ဌာန သုတေသနပညာရှင် Mr. Toshihiro  KUDO ရေးသားသည့်Location Advantages and Disadvantages in Myanmar: The Case of Garment Industry, May 2009 စာတမ်းတွင် တွေ့ရှိရပါသည်။  သို့ဖြစ်၍  အနည်းဆုံးလုပ်ခ  သတ်မှတ်ပေးလိုပါက နိုင်ငံတွင်း လျှော့ချ၍ ရနိုင် သောလုပ်ငန်းစဉ်များ၊ စရိတ်များကို မည်ကဲ့သို့ လျော့ကျအောင် ပြုလုပ်မည်ကို ဦးစွာစဉ်းစား သင့်ပါသည်။ယင်းသည် FDI များကို ဖိတ် ခေါ်ဆွဲဆောင်နိုင်သကဲ့သို့ အလုပ်သမားတို့ အတွက် လုပ်ခကိုတိုးပေးနိုင်မည့် အခွင့်အလမ်း များလည်း ရရှိနိုင်သည်ဟု သုံးသပ်ရရှိသည်" ဟူ၍ ရေးသားထားသည်ကို ကြည့်ခြင်းအားဖြင့် အနည်းဆုံးလုပ်ခ၊ အလုပ်ရှင်နှင့် အစိုးရတို့ သုံးဦးသုံးဖလှယ် စဉ်းစားချင့်ချိန်ရမည့် အချက် များကို မြင်သာပြီဟု ယူဆပါသည်။

ပြည်တော်ပြန်ရွှေ့ပြောင်းလုပ်သားတို့ဘဝ

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၆၄ နှစ် ကြား အလုပ်လုပ်ကိုင်နေသူ ၂၁ သန်းကျော် ရှိရာ ၂၀၁၇ ခုနှစ်တွင် အနည်းဆုံး ၂၃ သန်း နီးပါးအထိ ရှိနေမည်ဟု ခန့်မှန်းနိုင်မည်ဖြစ် သည်။ နိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာ နည်းပါးမှုများကြောင့် ပြည်ပ နိုင်ငံများသို့ တရားဝင်ရော၊ တရားမဝင်ပါ သွားရောက်လုပ်ကိုင် စားသောက်နေကြရသည့် လူငယ်လူရွယ် အလုပ်သမားများ၊ မှီခိုသူ မိသားစုများမှာလည်း အများအပြား ရှိနေပြီ ဖြစ်သည်။ လောလောဆယ် အခြေအနေအရ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက်လုပ် ကိုင်နေသူမှာ နှစ်သန်းကျော်ရှိနေပြီး MoU စနစ်ဖြင့် တရားဝင်သွားရောက် အလုပ်လုပ် နေသူမှာ လေးသိန်းကျော်သာရှိသည်ဟုဆို သည်။

ပြီးခဲ့သည့် ဇွန် ၂၀ ရက်က ထိုင်းအစိုးရသည် နိုင်ငံခြားသားအလုပ်သမားများ၏ အလုပ်တာဝန် စီမံခန့်ခွဲရေး အက်ဥပဒေ စီမံချက်အရ တရား မဝင် အလုပ်လုပ်ကိုင်နေထိုင်နေသော နိုင်ငံ ခြားသားအလုပ်သမားများကို ဒဏ်ငွေဘတ် နှစ်ထောင်မှ လေးသိန်းအထိနှင့် ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ထိုကြေညာချက် ထုတ်ပြန် အပြီးတွင် ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော  မြန်မာလုပ်သား ရာနှင့်ချီ ဖမ်းဆီးခံရပြီးနောက် လုံခြုံမှုမရှိ တော့ဟုဆိုကာ မြန်မာလုပ်သားများအလုံး အရင်းဖြင့် နေရပ်သို့ ပြန်လာခဲ့ကြရသည်။

ထိုင်းအစိုးရက ဥပဒေထုတ်ပြန်ပြီး နောက် ပိုင်း တရားမဝင် ရွှေ့ပြောင်းလုပ်သားအများ အပြားကို ပိုက်စိပ်တိုက်ဖမ်းဆီးခဲ့ရာ မြန်မာ ရွှေ့ပြောင်းလုပ်သားများလည်း အများအပြား ဖမ်းဆီးခံခဲ့ရသည်။ ထိုင်းနိုင်ငံတွင်း စက်ရုံ၊ အလုပ်ရုံများသို့ တရားမဝင်သွားရောက်အလုပ် လုပ်ကိုင်နေကြသော မြန်မာလုပ်သားများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ဒဏ်ရိုက်ခြင်း၊ အနှောင့် အယှက်ပေးခြင်းများ မပြုလုပ်ရန် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် တရားဝင် စာပို့ထားပြီး ဖုန်းဖြင့်လည်း ညှိနှိုင်းထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာတိုင်းမ်နေ့စဉ်သို့ ပြော ကြားခဲ့သည်။

ထိုင်းနိုင်ငံက ထုတ်ပြန်ခဲ့သော နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်တာဝန် စီမံခန့်ခွဲရေးအက်ဥပဒေစီမံချက်အသစ် ထွက် ပေါ်လာပြီးနောက် ထိုင်းအစိုးရက ဆက်တိုက် ဖမ်းဆီးလာသည့်အတွက် နေရပ်ပြန်မြန်မာ များသောင်းချီရှိခဲ့ပြီးနောက် ထိုင်းအစိုးရက ၎င်းတို့၏ ဥပဒေစီမံချက်ကို ရက်ပေါင်း ၁၂၀ မှ ၁၈၀ အထိ ဆိုင်းငံ့ထားလိုက်ပြီး ပြန်လည် သုံးသပ်မှုများပြုလုပ်ကာ ရွှေ့ပြောင်းအလုပ် သမားများအတွက် အဆင်ပြေနိုင်မည့် အစီ အမံများဖြင့် ပြင်ဆင်ခဲ့သည်ဆိုသော်လည်း နေရပ်ပြန် မြန်မာတို့မှာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ကြရသည်မှာ ၂၀၁၇ ခုနှစ်အတွက် ကံကြမ္မာဆိုးတစ်ခုပင် ဖြစ်ခဲ့သည်။ အဆိုပါ ဆိုင်းငံ့မှုသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက် အထိသာ အကျုံးဝင်မည်ဖြစ်ရာ လာမည့်နှစ် တွင်လည်း ထိုင်းနိုင်ငံရောက် တရားမဝင် မြန်မာရွှေ့ပြောင်းတို့အရေးမှာ ရင်လေးဖွယ်ပင် ဖြစ်နေပါသေးသည်။

မလေးရှားမှာလည်း မြန်မာရွှေ့ပြောင်းလုပ် သားတို့၏ဒုက္ခ

၂၀၁၇ ခုနှစ်သည် မြန်မာရွှေ့ပြောင်းလုပ် သားတို့အဖို့ ကပ်ဆိုက်သော နှစ်တစ်နှစ်အဖြစ် သတ်မှတ်ရမည့်နှစ်လည်း ဖြစ်သည်။ ထိုင်း နိုင်ငံက ထုတ်ပြန်ခဲ့သော နိုင်ငံခြားသားရွှေ့ ပြောင်း အလုပ်သမားများ၏ အလုပ်တာဝန်စီမံ ခန့်ခွဲရေး အက်ဥပဒေစီမံချက်သစ်အရ ထိုင်း နိုင်ငံတွင် ဆက်လက်နေထိုင်လုပ်ကိုင်ရန်မဖြစ် နိုင်တော့သည့်အတွက် နေရပ်ပြန်ခဲ့ကြရသူ မြောက်မြားစွာရှိခဲ့သလို စီးပွားရေးကျဆင်း နေသော  မလေးရှားနိုင်ငံရောက်  မြန်မာ ရွှေ့ပြောင်းလုပ်သားတို့မှာလည်း အခြေမလှ ဖြစ်ခဲ့ကြရသည့် နှစ်တစ်နှစ် ဖြစ်ခဲ့သည်။

တရားမဝင် အလုပ်သမားများကို တရားဝင် ငှားရမ်းနိုင်ရန် မလေးရှားအစိုးရက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထဲတွင် နိုင်ငံခြားအလုပ် သမားများအတွက် အလုပ်သမားမှတ်ပုံတင် E-card  များ ထုတ်ပေးခဲ့သည်။ အဆိုပါကတ် လျှောက်ထားခွင့်သည် ဇွန် ၃၀ ရက်က ကုန် ဆုံးခဲ့ပြီးနောက် မလေး(လဝက)က စစ်ဆင် ရေးတစ်ခုသဖွယ် ဖမ်းဆီးခဲ့သည်။ ယခုလို ဖမ်းဆီးရခြင်းမှာလည်း မလေးရှားပြည်တွင်း တရားမဝင် အလုပ်သမားများ လျှော့ချရေး အတွက် ဖမ်းဆီးခြင်းဖြစ်သည်ဟုလည်း သုံးသပ် ခဲ့ကြသည်။ အလုပ်သမားမှတ်ပုံတင် E-card  ကိုင် ဆောင်ထားသူများသည် လာမည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ မလေးရှားနိုင်ငံတွင် တရားဝင်နေထိုင် သွားလာခွင့်ရရှိမည်ဖြစ်ပြီး အဆိုပါကာလအတွင်း နိုင်ငံခြားအလုပ်သမား အနေနှင့် မလေးအလုပ်ရှင်၏ အကူအညီဖြင့် တရားဝင်အလုပ်သမားဖြစ်အောင် ဆောင်ရွက် ရမည်ဖြစ်သည်။ သို့သော်လည်း ရှုပ်ထွေးလှ သည့် လုပ်ငန်းအဆင့်များကြောင့်  E-card မလျှောက်သူများလည်း ရှိသည်ဟုဆိုသည်။

၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ မလေးရှား တစ်နိုင်ငံလုံး အတိုင်းအတာနှင့် စီမံချက်ချကာ တရားမဝင်နိုင်ငံခြားသားအလုပ်သမားများအား ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးခဲ့ရာ မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၀ဝ နီးပါး အဖမ်းခံခဲ့ ရပြီး နောက်ထပ်သွားရောက်ရန် ပြင်ဆင်နေ သူများမှာလည်း တုံ့ဆိုင်းသွားခဲ့ပေရာ မြန်မာ လူငယ်တို့အတွက် အလုပ်အကိုင် အခွင့် အလမ်းမှာ အတော်လေးနည်းပါးသွားခဲ့သည့် နှစ်တစ်နှစ်ဟု ဆိုရမည်ဖြစ်သည်။

လူငယ်တို့အတွက် အလုပ်အကိုင်အခွင့်အလမ်း

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ် သြဂုတ် ၂၉ ရက်က ထုတ်ပြန်ခဲ့သည့် 'လုပ် သားအင်အား၊ ကလေးလုပ်သားနှင့် ကျောင်း အပြီး လုပ်ငန်းခွင်ဝင်ရောက်မှု အကူးအပြောင်း ဆန်းစစ်ခြင်းစစ်တမ်း အစီရင်ခံစာ-၂၀၁၅' အရ  မြန်မာနိုင်ငံ၌   အလုပ်လက်မဲ့ဦးရေ ၁၆၈,၄၆၂ ဦး ရှိနေပြီး ယောကျာ်းလေး ၈၃၁၀ဝ နှင့် မိန်းကလေး ၈၅၃၆၂ ဦး ရှိသည်။ ယင်းစစ်တမ်းကို အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့  (ILO) တို့ ပူးပေါင်းပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ  သုံးလကြာ ကောက်ယူခဲ့ခြင်း ဖြစ်သည်။ စစ်တမ်းအရ မြန်မာတစ်နိုင်ငံလုံး၏ လူဦးရေ ၆ ဒသမ ၉ ရာခိုင်နှုန်းမှာ အလုပ် ရှာနေဆဲ လူဦးရေဖြစ်နေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်ပေးရန် လိုအပ် နေဆဲဖြစ်သည်ဟုလည်း စစ်တမ်းက ဖော်ပြ ထားသည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် လုပ်ငန်းခွင် ဝင်နိုင်သော အရွယ်ရောက်လူငယ်တွေ လုပ်ငန်း ခွင်ဝင်ရောက်ရန် အခက်အခဲတစ်ခုမှာ လုပ်ငန်း တတ်ကျွမ်းမှု အားနည်းခြင်းလည်း အပါအဝင် ဖြစ်သည်။  ပြီးခဲ့သည့် ပညာရေးကာလ တစ်လျှောက် သင်ယူခဲ့ရသော ပညာရေးအခြေ အနေအရ ဘွဲ့တစ်ခုပင်ရသော်လည်း လုပ်ငန်း ခွင်ဝင်ရောက်ရာ၌ အသုံးချနိုင်သော အတတ် ပညာမရှိသည့်အတွက် အခက်အခဲများ ကြုံကြ ရသည်။

ဦးစားပေးခန့်ထား

အလုပ်အကိုင်အခွင့်အလမ်း များပြားသော ရန်ကုန်လိုမြို့ကြီးမှာပင် ယခုအခါ ကျောင်း ပညာအပြင် လုပ်ငန်းခွင် အသုံးချအတတ် ပညာတစ်ခုခု ပါမလာပါက အလုပ်ရရှိရန် ခက်ခဲလှသည်။ အလုပ်ထဲရောက်မှ သင်မှာ ပေါ့ဆိုလျှင် ပြန်ပေတော့ မစဉ်းစားနဲ့ ဆိုသော ကာလပင် ဖြစ်သည်။ အလုပ်ရှင်တို့က အလုပ် လုပ်ရင်း ပညာသင်ရမည့် အလုပ်သမားကို စိတ်မဝင်စားတော့။  လုပ်ငန်းခွင်တွင်းသို့ အသင့်ဝင်ရောက်နိုင်သူတို့ကိုသာလျှင် ဦးစား ပေးခန့်ထားလေ့ရှိသည်။ နိဂုံးချုပ်ရလျှင် မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်ဆိုသော လောကဓံခပ်ကြမ်းကြမ်းကြီးကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရသည်မှာ အသေ အချာဖြစ်သည်။ နိုင်ငံရေးဘက်တွင်ဖြစ်စေ၊ အလုပ်အကိုင်အခွင့်အလမ်းဘက်တွင်ဖြစ်စေ၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်စပ်ဒေသတည် ငြိမ်အေးချမ်းရေးတွင်ဖြစ်စေ၊ ဘာသာရေး အကြောင်းပြု ပဋိပက္ခဖြစ်စဉ်များနှင့် အစိုးရ ဖြုတ်ချရေး ဆန္ဒပြတောင်းဆိုမှုများအထိ ရင်ဆိုင်ခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ  'အနင်းခံရသော စပါး သန်သည်' ဆိုသော တိုင်းရင်းသား ဆိုရိုးစကားတစ်ခုနှင့်အညီ မြန်မာနိုင်ငံနှင့် မြန်မာလူငယ်များသည် မည်သို့သော ကြမ်း တမ်းခက်ထန်လှသည့် အခက်အခဲများပင် ရှိနေပါစေ ၂၀၁၈ ခုနှစ်အတွက် အားသစ် အင်သစ်များနှင့် ဆက်လက်လျှောက်လှမ်း နေဦးမည်မှာမလွဲပါချေ။

ရည်ညွှန်း-

(၁) ၂၀၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သတင်းစာ၊ ဂျာနယ်များမှသတင်းများ၊ အသံလွှင့်အစီအစဉ်များနှင့် အွန်လိုင်း၊ လူမှု ကွန်ရက်စာမျက်နှာများတွင် ဖော်ပြခဲ့သည့် သတင်းများ၊ အဖွဲ့အစည်းအသီးသီးမှထုတ် ပြန်သောကြေညာချက်များ၊ သတင်းများမှ ကောက်နုတ်ရေးသားပါသည်။   

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်