၂၀၁၇ ခုနှစ်အတွင်း နိုင်ငံတကာသဘာဝပတ်ဝန်းကျင်အရေး

၂၀၁၇ ခုနှစ်အတွင်း နိုင်ငံတကာသဘာဝပတ်ဝန်းကျင်အရေး

၂၀၁၇ ခုနှစ်သည် ကမ္ဘာ့သမိုင်း တလျှောက် အပူဆုံးသုံးနှစ် တွင် ပါဝင်ကြောင်း ကမ္ဘာ့ မိုးလေဝသအဖွဲ့ကြီး (WMO) ၏ ကမ္ဘာ့ရာသီ ဥတု အခြေအနေအစီရင်ခံစာ၌ ဖော်ပြထား သည်။ အယ်လ်နီညို ထူးခြားဖြစ်စဉ် မပေါ် ပေါက်ပါဘဲ ကမ္ဘာ့အပူဆုံး စံချိန်တင်သည့်နှစ် အဖြစ်လည်း မှတ်တမ်းဝင်လိမ့်မည်ဟု အစီ ရင်ခံစာက ဆိုသည်။ လူသားတို့ ပယောဂကြောင့် ကမ္ဘာကြီးပူနွေးလာမှုသည် ရှေ့လျှောက်လည်း ကျဆင်းဖွယ်လမ်းမမြင်ဘဲ  တိုးပွားလာမည့် လမ်းသာမြင်နေရကြောင်လည်း  ထုတ်ပြန် ခဲ့သည်။ ယင်းအစီရင်ခံစာသည် ၂၀၁၇ ဇန်နဝါရီမှ စက်တင်ဘာအထိ အချက်အလက်များအား အခြေခံထားပြီး ကိုးလအတွင်း ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် စက်မှုတော်လှန်ရေးကာလက ထက် ၁ ဒသမ ၁ ဒီဂရီစင်တီဂရိတ် ပိုများလာ သည်ဟု အဖြေထုတ်ထားသည်။ အန္တရာယ်မှတ် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နား ကပ်လာနေပြီ ဖြစ်သည်။ ကမ္ဘာကြီးပူနွေးမှုကြောင့် ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာနေသည့်အတွက် ၁ ဒသမ ၅ ဒီဂရီကျော်လျှင် ကျွန်းနိုင်ငံများ ရေမြုပ်မည့်အန္တရာယ်လည်း မြင့်မားလာသည် ဖြစ်ရာ ကျွန်းနိုင်ငံများက အပူချိန် ထပ်မတက် စေရန် တစ်ကမ္ဘာလုံး ဝိုင်းဝန်းကြိုးပမ်းကြရေး အပူတပြင်း တိုက်တွန်းနေပေပြီ။

ဒုတိယအပူဆုံးနှစ်ဖြစ်နိုင်

၂၀၁၇ ခုနှစ်သည် ၁၉၈၁-၂၀၁၀ ခုနှစ်များ၏ ပျမ်းမျှအပူချိန်အထက် ဝ ဒသမ ၄၇ ဒီဂရီ စင်တီဂရိတ် ပိုပူခဲ့သည်။ တစ်နှစ်ချင်းအရ နှိုင်း ယှဉ်ပါက ယမန်နှစ်ကထက် အနည်းငယ် လျော့ ပါးသည်ကို တွေ့ရသည်။ ၂၀၁၆ ခုနှစ်၌ အယ်လ်နီညို ဖြစ်ခဲ့ခြင်းကြောင့် ပျမ်းမျှအထက် ဝ ဒသမ ၅၆ ဒီဂရီ ပိုပူခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့သမိုင်းတစ်လျှောက် ၂၀၁၆ ခုနှစ်သည် အပူဆုံးဖြစ်ခဲ့သည်။ မကြာမီ ရလဒ်ထွက်လာ လျှင် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့သည် ဒုတိယအပူဆုံးနှစ်ကို ရွေးချယ်ကြမည်ဖြစ် သည်။ သို့ဖြစ်ရာ ပြီးခဲ့တဲ့သုံးနှစ်လုံးသည် စံချိန် တင် ကမ္ဘာ့အပူဆုံးနှစ်များအဖြစ် ဆက်တိုက် ရပ်တည်ခဲ့သည်မှာသေချာပြီး အဆိုးလွန်ရာသီ ဥတုများ ပိုမိုဖြစ်ပေါ်လာခြင်းနှင့်လည်း တိုက် ဆိုင်နေသည်။

၂၀၁၇ ခုနှစ်ကို ပြန်လည်သုံးသပ်ပါက ဟာရီကိန်းအီမာသည် မုန်တိုင်းသမိုင်းတစ် လျှောက်၌ အဆင့် ၅ ပြင်းအားနှင့် အချိန် အကြာဆုံး တိုက်ခတ်ခဲ့သည့် မုန်တိုင်းအဖြစ် စံချိန်တင်ခဲ့သည်။ အမေရိကန်နိုင်ငံ၊ တက္ကဆက် ပြည်နယ် နီဒါလန်း၌ မိုးရေချိန် ၁၅၃၉ မီလီ မီတာထိ ရွာသွန်းခဲ့မှုကလည်း အမေရိကသမိုင်း တစ်လျှောက် တစ်ကြိမ်တည်းနှင့် မိုးရေချိန် အများဆုံးအဖြစ် စံချိန်တင်ခဲ့ပြန်သည်။  ၂၀၁၇ ခုနှစ်အတွင်း အမေရိကနှင့်ဥရောပတွင် လောင် ကျွမ်းခဲ့သည့် တောမီးများသည်လည်း အဆိုးလွန် ရာသီဥတုများနှင့် ဆက်စပ်နေကြောင်း သိပ္ပံပညာ ရှင်များကထောက်ပြကြသည်။

ဆီရာရာလီယွန်၊ နီပေါ၊ အိန္ဒိယ၊ ဘင်္ဂလား ဒေ့ရှ်၊ ပီရူးတို့တွင် ယခုနှစ်အတွင်း ရေကြီးမှု များကြောင့် အသက်အိုးအိမ် အများအပြား ဆုံးရှုံးခဲ့ရသည်။ တစ်ဖက်၌လည်း မိုးခေါင် ရေရှားမှုများကြောင့် အာဖရိကနှင့်တောင် အမေရိကတွင် အများအပြား ထိခိုက်ခဲ့ပြန်သည်။ ဆိုမာလီယာ၌ မိုးခေါင်ရေရှားခြင်းကြောင့် လယ်ယာသုံးတိရစ္ဆာန်ရာခိုင်နှုန်း ၄၀ မှ ၆၀ ခန့် သေဆုံးခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်း သိသိသာသာ ထိခိုက်ခဲ့ရသည်။ အကျိုးဆက်အဖြစ် အီသီယိုး ပီးယား၊ ကင်ညာ၊ ဆိုမာလီယာတို့မှ လူဦးရေ ၁၁သန်းကျော်ခန့်သည် စားနပ်ရိက္ခာမလုံ လောက်မှုဒဏ် ခံရနိုင်ခြေရှိနေသည်။

"အခုနှစ်အတွင်း ကမ္ဘာပေါ်မှာ အဆိုးလွန် ရာသီဥတုတွေ ဖြစ်ခဲ့တာကိုကြည့်ရင် အရင်နှစ် တွေက ပမာဏလောက်ပဲ မှန်ပေမယ့် တစ်ခု ချင်းရဲ့ ပြင်းထန်မှုကတော့ အရင်ထက်ကို ပိုလာပါတယ်။ ဒါဟာ လူသားတွေရဲ့  ပယောဂ ကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ဖန်လုံအိမ် ဓာတ်ငွေ့တွေ ပိုထွက်လာပြီး ကမ္ဘာကြီး ပိုပူ နွေးလာတဲ့ အကျိုးဆက်ဆိုတာ မငြင်းနိုင်ပါ ဘူး" ဟု ဗြိတိန်နိုင်ငံရီးဒင်းတက္ကသိုလ်မှ ရာသီ ဥတုသိပ္ပံပါမောက္ခ ရစ်ချတ်အလန်က ဖွင့်ဟခဲ့ သည်။

ပါရီသဘောတူညီချက်

လာမည့် ဆယ်စုနှစ်များ၌လည်း အပူပိုကဲ လာလေ ရာသီဆိုးများ ပိုကျရောက်လာလေ ဖြစ်ဦးမည်ဖြစ်သည်။ ကမ္ဘာကြီးအား ပူနွေး သထက် ပူနွေးလာစေသည့် ဖန်လုံအိမ်ဓာတ် ငွေ့ထွက်ရှိမှုများ လျှော့ချကြရန် အလွန်အရေး ကြီးနေပြီဖြစ်သည်။ ယင်းအတွက် အားတက် စရာကား ကုလသမဂ္ဂဦးဆောင်သည် ကမ္ဘာလုံး ဆိုင်ရာ ရာသီဥတုထိန်းချုပ်ရေး သဘောတူညီ ချက်ဖြစ်သော ပါရီရာသီဥတုသဘောတူညီ ချက်ကို ကမ္ဘာ့နိုင်ငံ ၁၉၅ နိုင်ငံက လက်မှတ် ရေးထိုး အတည်ပြုနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

၂၁၀ဝ ပြည့်နှစ်ရောက်ပါက ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် စက်မှုတော်လှန်ရေးကာလ (၁၈၅၀- ၁၉၀ဝ) ခုနှစ်များဆီက ပျမ်းမျှအပူချိန် ထက် ၂ ဒီဂရီစင်တီဂရိတ်အထက် ပိုမများ စေရန် ထိန်းချုပ်ရေးသဘောတူခဲ့ကြသည်။ ဖြစ်နိုင်ပါက ၁ ဒသမ ၅ ဒီဂရီထက် မပိုရန် ထိန်းသိမ်းကြမည်ဟုလည်း ညှိနှိုင်းခဲ့ကြသည်။ အပူချိန်ထိန်းချုပ်နိုင်ရန် အရေးကြီးဆုံးမှာ ကာဗွန်ဒိုင်အောက်ဆိုက်ထွက်နေသည့် ရင်းမြစ် များအား ကမ္ဘာ့နိုင်ငံအသီးသီးမှ ကိုယ်စီအချိုးကျ တာဝန်ယူလျှော့ချရန် လိုအပ်သည်။

လက်ရှိသွားနေသည့် နှုန်းထားအတိုင်း ဆိုပါလျှင် ၂၁၀ဝ ပြည့်နှစ်ရောက်လျှင် ၃ ဒီဂရီခန့်ထိ ပို၍ပူလာနိုင်ခြေရှိကြောင်း ပညာ ရှင်များက တွက်ချက်ပြကြသည်။  ထို့ကြောင့် ကမ္ဘာ့နိုင်ငံများက ၂၀၂၀ ပြည့်နှစ်မှစပြီး ကာဗွန် ထုတ်လွှတ်မှုများ တဖြည်းဖြည်း လျှော့ချကာ နောက်ဆုံး၌ သုညမှတ်အထိ လျှော့ချနိုင်ရန် ကြိုးပမ်းမည်ဟု ကြုံးဝါးထားကြသည်။ သို့မှသာ ၂၁၀ဝ ပြည့်နှစ်ရောက်လျှင် အပူချိန်သည် ၁ ဒသမ ၅ ဒီဂရီအောက်၌ ရှိနေမည်ဖြစ်သည်။

ရာသီဥတုပြောင်းလဲခြင်းကို ဆန့်ကျင်သူ

မည်သည့်ဇာတ်လမ်း ဇာတ်ကွက်တွင်မဆို ဗီလိန်မပါရင် မပြီးဆိုသကဲ့သို့ ကမ္ဘာ့ရာသီဥတု ဇာတ်လမ်း၌လည်း  ဗီလိန်နေရာယူလိုက် သူကား အမေရိကန်သမ္မတသစ် ဒေါ်နယ် ထရမ့်ပင်ဖြစ်သည်။ ၂၀၁၅ ပါရီရာသီဥတု သဘောတူချက်လက်မှတ်ထိုးဖြစ်အောင် အဓိက ဦးဆောင်ခဲ့သူများမှာ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်ရှိမှုအများဆုံးဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့ဖြစ်သည်။ ထိုစဉ်က အမေရိကန် သမ္မတ ဘားရက်အိုဘားမားနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံညှိနှိုင်း သဘောတူခဲ့ကြ ခြင်းက ပါရီရာသီဥတုသဘောတူစာချုပ် အသက် ဝင်လာစေသည့်  အဓိကလှေကားထစ်ကြီး ဖြစ်သည်။

သို့သော် ယမန်နှစ်က ရွေးကောက်ခံခဲ့ရ သည့် သမ္မတဒေါ်နယ်ထရမ့်သည်ကား အိုဘား မားကို ဆန့်ကျင်သူပီပီ အိုဘားမားလုပ်ခဲ့သမျှ အကုန်ဖျက်ပစ်မည်ဟုပင် ကြွေးကြော်ခဲ့သည့် အတိုင်း အိုဘားမား အကောင်အထည်ဖော်ခဲ့ သည့် ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊ အခွန် ဥပဒေ၊ ခိုလှုံသူများခွင့်ပြုရေးဥပဒေ စသည် များအား ပြောင်းပြန်လှန်ပစ်ခဲ့သည့်အပြင် တစ်ကမ္ဘာလုံးနှင့် သဘောတူလက်မှတ်ထိုးထား သော ပါရီရာသီဥတုစာချုပ်မှပါ နုတ်ထွက်မည်ဟု ကြေညာခဲ့သည်။ ပါရီစာချုပ်ကြောင့် အမေရိကန် သည် စီးပွားရေးအရ နစ်နာရသည်ဟု ထရမ့်က အကြောင်းပြသည်။ အမေရိကန်မနစ်နာစေရန်  အစမှပြန်ဆွေးနွေးပြီးမှ လက်မှတ်ထိုးနိုင်မည်ဟု ထရမ့်က ပြောခဲ့သည်။ ထရမ့်၏ အပြောကို အမေရိကန်မဟာမိတ်များဖြစ်သည့် နေတိုး အဖွဲ့ဝင် နိုင်ငံများ၊ ဥရောပသမဂ္ဂ စသူတို့ကပါ ခါးခါးသီးသီး ကန့်ကွက်ခဲ့ကြသည်။

ပါရီသဘောတူညီချက်ရရှိရန် ကြိုးပမ်း ပေးခဲ့သည့် အိမ်ရှင်ပြင်သစ်အစိုးရကလည်း ယင်းသဘောတူညီချက်သည်  နောက်ပြန် မလှည့်စတမ်း သဘောတူညီချက်သာဖြစ် ကြောင်း၊ ပြန်လှန်ဆွေးနွေးစရာ အကြောင်း မရှိကြောင်း ပြတ်ပြတ်သားသား ပြောဆိုခဲ့ သည်အတွက် ရာသီဥတုအရေး၌ ထရမ့်သည် တစ်ကမ္ဘာလုံးနှင့်တစ်ယောက် ဖြစ်ခဲ့သည်။
မည်သို့ဖြစ်စေ ထရမ့်ကလည်း ရာသီဥတု အရေးတွင် ပုပ်ရဟန်းမင်းပင် ဖျောင်းဖျမရ ကြောင်း ပြောဆိုခဲ့သည်။ ရွေးကောက်ပွဲ မဲဆွယ် စဉ်က ပေးထားခဲ့သည့် ကတိအတိုင်း အကောင် အထည်ဖော်ခြင်းဖြစ်သည်ဟု ထရမ့်က ဆိုသည်။  ၄င်းအား ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ပစ္စဘာ့ မြို့သားများက ရွေးကောက်တင်မြှောက်ခဲ့ခြင်း ဖြစ်ပြီး ပါရီက တင်မြှောက်ခြင်း မဟုတ်သည့် အတွက် ပါရီအကြိုက်ကို မလိုက်နိုင်ဟုပင် ရင့်ရင့်သီးသီးပြောဆိုခဲ့သည်။ ပါရီသဘောတူ စာချုပ်မှ အမေရိကန်ထွက်သွားပါက သဘော တူညီချက် ပြိုကွဲသွားလေမလားဟုပင် စိုးရိမ် ခဲ့ကြရသည်။

မင်းသားဖြစ်လာသူများ

ရာသီဥတုဆိုင်ရာ ပါရီသဘောတူညီချက် အရေး၌ ထရမ့်က ဗီလိန်လုပ်ခဲ့သည့်အတွက် ယင်းအရေး၌ မင်းသားဖြစ်သွားသူများမှာ တရုတ်နှင့် ဥရောပသမဂ္ဂတို့ ဖြစ်ကြသည်။ ယခုနှစ် တရုတ်-ဥရောပသမဂ္ဂ ထိပ်သီးအစည်း အဝေးတွင် ဥရောပကောင်စီဥက္ကဋ္ဌ ဒေါ်နယ် တက်စ်က တရုတ်နှင့် ဥရောပသမဂ္ဂ ပူးပေါင်းပြီး ပါရီရာသီဥတုသဘောတူညီချက် အသက် ဝင်ရေး ဦးဆောင်ကြိုးပမ်းသွားမည်၊ အနာဂတ် မျိုးဆက်များနှင့် အနာဂတ်ကမ္ဘာကြီးအတွက် တရုတ်နှင့် ဥရောပသမဂ္ဂက တာဝန်ယူသွား မည်ဟုပင် ပြောကြားခဲ့သည်။      ဒေါ်နယ်ထရမ့်၏ အမေရိကပဓာန မူဝါဒ ကြောင့် အမေရိကန်သည် နိုင်ငံတကာစင်မြင့် ထက်၌ သြဇာကျဆင်းလာသည်နှင့်ပင် မရပ် သေးဘဲ ပါရီသဘောတူစာချုပ်မှ နုတ်ထွက် လိုက်ပြန်သည့်အတွက် အနာဂတ် မျိုးဆက်များ အပေါ်ပါ တာဝန်မကျေသည့်အမေရိကဟူ၍ နာမည်ဆိုးထွက်ပေါ်ခဲ့သည်။ အကျိုးဆက် သည်ကား အမေရိကန်သည် နိုင်ငံရေးသြဇာ သိသိသာသာ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

စစ်တုရင်များတွင် တရုတ်စစ်တုရင် (တရုတ် ကျား) နာမည်ကျော်ခြင်းမှာ ကျော်ကြားသင့်၍ ကျော်ကြားခြင်း ဖြစ်သည်။ တရုတ်သည် ကမ္ဘာ့ နိုင်ငံရေးကျားကွက်ရွှေ့ရာတွင် အလွန်တော် သည်ဟု လေ့လာသူများက သုံးသပ်ခဲ့ကြသည်။ ထရမ့်၏ အမေရိကပဓာနမူဝါဒကြောင့် အမေ ရိကန်သည် မိမိနိုင်ငံကောင်းစားရန်သာ အာရုံ စိုက်သည့် အမြင်ကျဉ်းကျဉ်း လမ်းကြောင်းထဲ ဝင်သွားပြီး သြဇာဖြန့်ကြက်ထားသည့် ဧရိယာများ လည်း ကျုံ့သွားချိန်တွင် အမေရိကန် ထွက်ခွာ သွားသည့် ကွက်လပ်များအား တရုတ်က ချက် ချင်းဝင် နေရာယူလိုက်သည်။

တရုတ်ဝန်းကျင် တစ်ခွင်လုံးကိုလည်း အကြားအလပ်မကျန် သြဇာဖြန့်ကျက်ရန် အတွက် 'ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်' စီမံကိန်းကို စတင်ခဲ့သည်။ တရုတ်မှသည် ဥရောပအထိ ယခင်ပိုးလမ်းမကြီးအတိုင်း ကုန်း တွင်းပိုင်း ကုန်သွယ်လမ်းကြောင်းကြီး ပြန်လည် ဖော်ဆောင်လိုက်သကဲ့သို့ ရေလမ်းဖြင့်လည်း တောင်အမေရိကမှ တရုတ်အထိ ကုန်သွယ် လမ်းကြောင်း ဖော်ဆောင်လိုက်သည်။  လမ်း ကြောင်းနှစ်ခုကို ဆက်လိုက်ပါက စက်ပိုင်းပုံ ရပ်ဝန်း လမ်းကြောင်းကြီးဖြစ်သွားပြီး ကုန်စည် စီးဆင်းမှုသည် တရုတ်ကိုဗဟိုပြု၍ တစ်ကမ္ဘာ လုံးကို လွှမ်းခြုံသွားနိုင်မည်ဖြစ်သည်။

ရာသီဥတုအရေးနှင့် စူပါပါဝါအသစ်

ထရမ့်၏မူဝါဒကြောင့် အမေရိကန်သည် အိမ်တွင်းအောင်းနေချိန်၌ တရုတ်သည်ကား အချိန်အခါကိုက်လှုပ်ရှားပြီး အားလုံးကိုဖြန့်ကျက် လွှမ်းမိုးလိုက်သည်။ ထို့ကြောင့် တရုတ်သည် ထရမ့်၏ကျေးဇူးကြောင့် နေ့ချင်းညချင်း စူပါပါဝါနိုင်ငံကြီး ဖြစ်လာသည်ဟုပင် ဆိုရ မည်ကဲ့သို့ဖြစ်ကြောင်း ထောက်ပြရေးပြလာ ကြသည်။

ယင်းကဲ့သို့ တရုတ်သည် စူပါပါဝါ ဖြစ်လာ ခြင်းအတွက်ပင် ဥရောပသမဂ္ဂသည် တရုတ် နှင့် လက်တွဲပြီး ရာသီဥတုအရေး၌ ၄င်းတို့ စူပါပါဝါနှစ်ခုဦးဆောင်ကာ  ကမ္ဘာကြီးကို ကယ်တင်မည်ဟု ကြေညာရဲခဲ့ခြင်းဖြစ်သည်။ အနာဂတ်၌ ကမ္ဘာလုံးဆိုင်ရာ အရေးကြီး ကိစ္စများတွင် တရုတ်ကိုခေါင်းဆောင်တင်ပြီး အားကိုးရမည်ဟု ပြောဆိုသူများပင်ရှိလာ ခဲ့သည်။ အားကိုးချင်စရာကောင်းအောင် လည်း တရုတ်က အလုပ်နှင့် သက်သေပြထား သည်များ ရှိနေသည်။

ရာသီဥတုအရေးကိုပင် ပြန်ကြည့်နိုင် သည်။ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှု လျှော့ ချရန်အတွက် ရေနံ၊ ကျောက်မီးသွေးများ အစား နေစွမ်းအင်နှင့် ဓာတ်အားထုတ်ယူ အသုံးပြုသည့်နေရာတွင် တရုတ်ကို မည်သူမျှ မမီချေ။ အခြားသော  အစိမ်းရောင်စွမ်းအင် လုပ်ငန်းများတွင်လည်း တရုတ်သည် ကမ္ဘာ့ တိုးတက်မှုအမြန်ဆုံးနိုင်ငံ ဖြစ်နေသည်။ ပြော စရာတစ်ချက်က ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ကာဗွန်ထုတ်လွှတ်မှု  ကိန်းဂဏန်းများကို တရုတ်က  ပွင့်ပွင့်လင်းလင်းချမပြနိုင်ခြင်း ဖြစ် သည်။ ရာသီဥတုအရေး၌ ကမ္ဘာ့ခေါင်းဆောင် ဖြစ်လိုသည်ဆိုပါက တရုတ်သည် ကမ္ဘာ့စံချိန် ဖြစ်သည့် ပွင့်လင်းမြင်သာမှုစံချိန်နှင့် ကိုက်ညီ ရန်မူ ကြိုးပမ်းဖို့ လိုအပ်နေပေသည်။

အနာဂတ်မျှော်မှန်းချက်

တရုတ်နှင့် ဥရောပသမဂ္ဂကြား၌ ရာသီ ဥတုကိစ္စ ခံယူချက်ပိုင်းဆိုင်ရာ အဓိကကွဲလွဲ ချက်တစ်ချို့လည်းတွေ့ရသည်ဟု ဖိုင်နန်ရှယ် တိုင်းမ်မှ ဂျိမ်းစ်ရင်ဂီက ပြောသည်။ ဥရောပ သည်ကား ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချလိုခြင်းသည် ကမ္ဘာကြီးကို ကယ်တင် ချင်သောကြောင့်ဟုဆိုသည်။ တရုတ်မူကား နိုင်ငံတွင်းမှ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာများ လျှော့ချလိုခြင်းကြောင့်ဖြစ်သကဲ့ သို့ ကမ္ဘာ့အစိမ်းရောင် စွမ်းအင်ဈေးကွက်အား ချုပ်ကိုင်လိုသည့် ရည်ရွယ်ချက်လည်း ပါဝင် မည်မလွဲဟု ဂျိမ်းစ်ရင်ဂီက ဆိုသည်။

လက်ရှိနိုင်ငံတကာ ရာသီဥတုအရေး ဆွေးနွေးပွဲများ၌ အမေရိကန်သည် ဦးဆောင်သူ မဟုတ်တော့ဘဲ စောင့်ကြည့်သူဖြစ်နေသည် ကို တွေ့ရသည်။ မည်သို့ဖြစ်စေ နိုင်ငံသား တစ်ဦးချင်း ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှု အမြင့်ဆုံးနိုင်ငံများထဲ ပါဝင်သကဲ့သို့ စီးပွား အင်အားကြီးနိုင်ငံလည်းဖြစ်သည့် အမေရိကန် မပါဘဲ ပါရီရာသီဥတု သဘောတူညီချက်အား အသက်သွင်းရန်မူ မဖြစ်နိုင်ချေ။ ၂၀၁၈ကို မျှော်ကြည့်ရပါလျှင် ပါရီရာသီ ဥတု သဘောတူစာချုပ်အတွင်း အမေရိကန် ပြန်ဝင်လာရန် နိုင်ငံတကာ အသိုင်းအဝိုင်းက ဖျောင်းဖျနိုင်မည်လား၊ စာချုပ်ထဲမှ အမေရိကန် အပြီးတိုင် နုတ်ထွက်သွားလေမလား မှန်းဆ ရန် ခက်ခဲနေဆဲဖြစ်ကြောင်း ဖော်ပြလိုက်ရ ပါသည်။