အနောက်ဘက်တံခါးက မငြိမ်းသေးသောမီးစများနှင့် အကြမ်းဖက်မှုအန္တရာယ်

အနောက်ဘက်တံခါးက မငြိမ်းသေးသောမီးစများနှင့် အကြမ်းဖက်မှုအန္တရာယ်

၂၀၁၇ ခုနှစ်သည်  မြန်မာနိုင်ငံကို စုတ်ချက်ကြမ်းကြမ်းနှင့် ရေးဆွဲ ထားသော ပန်းချီကားတစ်ချပ်လို ထင်ကျန်ရစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ အနောက် ဘက်ခြမ်း ရခိုင်ပြည်နယ် မောင်တောဒေသက အဖြစ်အပျက်များသည် တစ္ဆေတစ်ကောင်လို ခြောက်လှန့်နေဆဲပင်။ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ် ဇွန်လဆန်းက ဖြစ်ပွား ခဲ့သော ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများအရေး မီးတစ်စသည် ၂၀၁၆ သမ္မတဦးထင်ကျော် လက်ထက်တိုင် ဆက်လက်ကူးစက်လောင်ကျွမ်း နေခဲ့သည်။ ၂၀၁၆ အောက်တိုဘာ ၉ ရက်က မောင်တောမြို့နယ် နယ်ခြားစောင့် ရဲကင်းစခန်း နှင့်ဌာနချုပ်ကို ဗျွှဗ အကြမ်းဖက်သမားတို့  ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အယုံသွင်းပြီး အလစ်အငိုက်တိုက်ခိုက်ခံရခြင်းဖြစ်၍ ရဲတပ် ဖွဲ့ဝင်ကိုးဦးကျဆုံးပြီး လက်နက်မျိုးစုံ ၄၈ လက် ဆုံးရှုံးခဲ့သည်။ အကြမ်းဖက်သမားရှစ်ဦးကို အသေမိပြီး နှစ်ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်။ အကြမ်းဖက်မှုတွင် ဆုံးရှုံးခဲ့သောလက်နက်များ ပြန်လည်ရရှိရေးနှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ဖေဖော် ဝါရီလတွင်အဆုံးသတ်ခဲ့သည်။ ဤတွင် အေးချမ်း သယောင်ဖြစ်နေသော ရခိုင်ပြည်နယ်ကဖွဲမီး သည် တငွေ့ငွေ့ဖြင့် ဆက်လက်လောင်ကျွမ်း နေခဲ့ရာမှ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ တွင် ဟုန်းခနဲထတောက်လာခဲ့ပြန်သည်။

ရခိုင်ပြည်နယ်အရေးသည် ပြည်နယ်တစ်ခု အရေးမဟုတ်တော့။ ပြည်ထောင်စု၏ အရေး ဖြစ်လာသည်။ ပြည်ထောင်စုအရေးမှတစ်ဆင့် ကမ္ဘာ့အရေးဖြစ်လာအောင်  နိုင်ငံအချို့က ဆွဲတင်လာနေသည်ကို ဖြေရှင်းရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း  ကိုဖီအာနန်၊ အထူးအကြံပေးပုဂ္ဂိုလ်ဟောင်း ဂါဆန်ဆလမ်၊ ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး ဟောင်း မစ္စလတ်တီတီရာနှင့် ပြည်တွင်းပညာရှင် ခြောက်ဦး စုစုပေါင်း ကိုးဦးပါဝင်သည့် ရခိုင် ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို နိုင်ငံ တော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သြဂုတ် ၂၄ ရက်၌  ဖွဲ့စည်းပေးခဲ့သည်။

အကြံပေးကော်မရှင်ဖွဲ့စည်းပြီး တစ်ပတ် အကြာ၌ပင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဟောင်းကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြည်တွင်း ပညာရှင်များနှင့် ပြင်ဆင်ဖွဲ့စည်းပေးရန် ရခိုင် အမျိုးသားပါတီက သြဂုတ် ၃၀ ရက်တွင် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့သည်။ နိုင်ငံခြားသား တို့ကို ကော်မရှင်တွင် တာဝန်ပေးပြီး ဆောင်ရွက် ခြင်းသည်  "ပြည်တွင်းပြဿနာကို နိုင်ငံတကာ ပြဿနာဖြစ်အောင်လုပ်တာဖြစ်ကြောင်း" အဆိုတင်သွင်းခဲ့သည့် ရခိုင်အမျိုးသားပါတီမှ ဦးအောင်ကျော်ဇံက ပြောကြားခဲ့သည်။ ရခိုင် အမျိုးသားပါတီနှင့်အလားတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကလည်း  ကော်မရှင် တွင်ပြည်ပပုဂ္ဂိုလ်များ ပါဝင်နေခြင်းသည် ပြည် တွင်းရေးရာကိစ္စကို နိုင်ငံတကာအရေးကိစ္စ အဖြစ် ဦးတည်နေခြင်းဖြစ်ကြောင်း စက်တင်ဘာ ၁၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

"ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကို ဆန့်ကျင်ကန့်ကွက်နေကြခြင်းသည် နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေခြင်းဖြစ် ကြောင်း" စက်တင်ဘာ ၁၇ ရက်က အမေရိကန် နိုင်ငံ နယူးယောက်မြို့၌ မြန်မာအသိုင်းအဝိုင်း နှင့်တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

"ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ ပြောရမယ် ဆိုလို့ရှိရင် ကျွန်မကတော့ ပွင့်ပွင့်လင်းလင်း ပြောချင်တယ်။ ကျွန်မတို့ ကိုဖီအာနန် ကော်မရှင်ကို ဆန့်ကျင်နေတဲ့ဟာက လူမျိုးရေး၊ ဘာသာရေးတောင်မဟုတ်ဘဲ နိုင်ငံရေးရည် ရွယ်ချက်တွေပါနေတယ်လို့ ကျွန်မတို့မြင် ပါတယ်။ အဲဒါ အင်မတန်မှ ဝမ်းနည်းစရာ ကောင်းပါတယ်။ ကိုယ့်ရဲ့ နိုင်ငံရေးအဖွဲ့တွေရဲ့ အကျိုးကိုကြည့်ပြီးတော့ ကျွန်မတို့တစ်နိုင်ငံလုံး အတွက် လုပ်နေတဲ့ကိစ္စတစ်ခုကို မအောင်မြင် စေချင်တဲ့ စေတနာတွေထားတယ်ဆိုတာတော့ မဖြစ်သင့်ပါဘူး။ အဲဒါကြောင့်မို့လို့ ကူညီတယ် ဆိုတာဟာ ကိုယ့်အချင်းချင်းလည်း နားလည် အောင်ပြောပါ။ ဒီလိုကော်မရှင်ဖွဲ့ခြင်းဟာ ကျွန်မတို့အတွက် ဘာမှဆုတ်ယုတ်မှုမရှိဘူး" ဟု ပြောဆိုခဲ့သည်။

အာနန်ကော်မရှင်အစီရင်ခံစာနှင့် မြန်မာ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် သည် ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းလေ့လာသုံးသပ်မှုများပြုလုပ်ရာတွင် ဘင်္ဂါလီများ၊ ရခိုင်ဒေသခံ တိုင်းရင်းသားများနှင့် တွေ့ဆုံ မေးမြန်းမှုများပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လ တွင် ကြားဖြတ်အစီရင်ခံစာ တင်သွင်းခဲ့သည်။ သြဂုတ် ၂၃ ရက် နံနက်ပိုင်းတွင်  ဒေါက်တာကိုဖီ အာနန်က နိုင်ငံတော်သမ္မတဦးထင်ကျော်အား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို ပေးအပ်ခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၄ ရက်တွင် ကိုဖီ အာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် ကိုဖီ အာနန်က -"ရခိုင်ပြည်နယ်အတွင်း ဘာသာရေး နှင့်လူမျိုးရေးအပေါ်အခြေခံပြီး လွတ်လပ်စွာ သွားလာခွင့်နှင့် ခွဲခြားကန့်သတ်မှုများကို အဆုံး သတ်ရန်" ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်က မြန်မာအာဏာပိုင်များကို အကြံ ပေးတိုက်တွန်းခဲ့သည်။

"နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာသွားလာခွင့် ကိစ္စရပ်များနဲ့ပတ်သက်တဲ့ အကြံပြုချက်တွေ ဟာ ရခိုင်ပြည်သူလူထုက စိုးရိမ်နေမှုတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ ကောင်းစွာသိရှိ ထားပါတယ်။ ဒါပေမဲ့လည်း ကော်မရှင်အနေနဲ့ အဲဒီလိုထိလွယ်ရှလွယ်တဲ့ ကိစ္စရပ်တွေကို ကိုင် တွယ်ဖို့ ရွေးချယ်လိုက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ကို ချန်ရစ်ထားခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ အနာဂတ်၊ တကယ်တော့ မြန်မာတစ်နိုင်ငံလုံးရဲ့ အနာဂတ်ဟာ နောက် ပြန်လှည့်လို့မရတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့ နိုင်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်လို့ ဖြစ်ပါတယ်" ဟု ကိုဖီအာနန်က ပြောကြားခဲ့ သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင်  မစ္စတာကိုဖီအာနန်သည် သြဂုတ် ၂၄ ရက် သတင်းစာရှင်းလင်းပွဲမတိုင်မီ နံနက်ပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ်  လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ကိုင်တွယ် ဖြေရှင်းရန် လိုအပ်သော်လည်း အပြစ်မဲ့ပြည်သူ များကို ထိခိုက်မှုမရှိစေရန် လိုလားပါကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

တပ်မတော်ဘက်မှ ထုတ်ပြန်ချက်တစ်ရပ် တွင် ကော်မရှင်၏အချိန်ကန့်သတ်ချက်၊ သွား လာမှုကန့်သတ်ချက်များကြောင့် အစီရင်ခံစာ သည် အကြောင်းအရာ အချက်အလက်ပိုင်းမှာ မပြည့်စုံနိုင်ဘဲ၊ အစီရင်ခံစာပါ အချက်အလက် အချို့မှာ လွဲမှားမှုများရှိနေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်နှင့်တွေ့ ဆုံစဉ် ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။

တစ်ကျော့ပြန်အကြမ်းဖက်မှု

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်မှုသည် တစ်နှစ်နီးပါးအကြာတွင် တည်ငြိမ်စပြုလာခဲ့သော်လည်း အများစုက မျှော်လင့်မထားသည့် ဝမ်းနည်းဖွယ်ဖြစ်ရပ် ထပ်မံပေါ်ပေါက်လာခဲ့သည်။ သြဂုတ် ၂၄ ရက်တွင် ကိုဖီအာနန်၏ ရခိုင်ပြည်နယ်ဆိုင်ရာ ကိုဖီအာနန်အစီရင်ခံစာ ထွက်ပေါ်လာပြီး နောက်တစ်နေ့အကူးမှာပင် ဖြစ်ပွားခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်....။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်အတွင်းမှ နယ်ခြားစောင့် လုံခြုံရေးရဲကင်း၊ ရဲစခန်းနှင့် တပ်ရင်းဌာနချုပ် စသည့်စခန်းနေရာစုစုပေါင်း ၃၀ ကျော်ကို ဘင်္ဂါလီ အစွန်းရောက်အကြမ်း ဖက်သမားများက တစ်ပြိုင်နက်တည်းဆိုသလို လူအင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ကြသည်။ သြဂုတ် ၂၅ ရက် နံနက် ၁ နာရီခန့်က စတင်ပြီး အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့်  ရဲတပ်ဖွဲ့ဝင်  ၁၀ဦး၊ တပ်မတော်သားတစ်ဦးနှင့် ဒုလဝကမှူးတစ်ဦးတို့ ကျဆုံးခဲ့ရသည်။ လက်နက်ငယ် ခြောက်လက် ဆုံးရှုံးခဲ့သည်။ အကြမ်းဖက်ဖြစ်စဉ်တွင် အကြမ်း ဖက်သမား ၅၉ ဦးသေဆုံးခဲ့ပြီး တစ်ဦးဖမ်းဆီး ရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အစွန်းရောက်အကြမ်းဖက်မှု

ယခုအကြိမ်တိုက်ခိုက်မှုသည် လွန်ခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက တိုက်ခိုက်မှုထက် ပိုမိုပြင်းထန်ခဲ့ပြီး မောင်တောမြို့အနီး ကျေးရွာ များမှ ဒေသခံတိုင်းရင်းသားတို့မှာ မောင်တော မြို့ပေါ်သို့ တိမ်းရှောင်ခဲ့ကြရသည်။ ထိုနေ့ မွန်းလွဲ ၁ နာရီတွင် ရသေ့တောင်မြို့နယ် ချိန် ခါလီ ဘင်္ဂါလီရွာ၌ နေထိုင်သူများက ၎င်းတို့ နေအိမ်များကို မီးရှို့ပြီး မြစ်နားဘင်္ဂါလီကျေး ရွာနှင့် မေယုတောင်ကြောဘက်သို့ တက်သွား ကြောင်း၊ အကြမ်းဖက်သမားတို့သည် နယ်ခြား စောင့်ရဲတပ်ရင်းမှ စစ်ကူသွားသည့် ကားသုံးစီးကို မောင်တော မောင်နှမရွာ ဗလီရှေ့အရောက် မွန်းလွဲ ၂ နာရီခွဲ၌ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ညနေ ၄နာရီခန့်အထိ ပစ်ခတ်မှုများ ရှိနေ ကြောင်း ဖော်ပြခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒေသခံ တိုင်းရင်းသားတို့မှာ နေအိမ်များကို စွန့်ခွာထွက် ပြေးခဲ့ကြရပြီးစာသင်ကျောင်းတွေ ပိတ်ခဲ့ရသည်။ မြန်မာနှင့် ဒေသခံတိုင်းရင်းသားတို့က ပြည်တွင်း သို့ထွက်ပြေးကြပြီး ဘင်္ဂါလီတို့က ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးကြရသည်။ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုသည် ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်က အပြီးသတ်အစီရင်ခံစာ ထုတ်ပြန် ခြင်းနှင့် လာမည့်စက်တင်ဘာလ၌ ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပမည်ကို အချိန်ကိုက် ဖန်တီးဖော်ဆောင်ခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

သြဂုတ် ၂၅ ရက် အကြမ်းဖက်ဖြစ်စဉ်သည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ရိုဟင်ဂျာကယ် တင်ခြင်းတပ်မတော် (Arkan Rohingya Salvation Army-ARSA) က ကြေညာခဲ့ပြီး တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်သွားမည်ဟု သတိပေးခဲ့ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြ ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအခြေ အနေနှင့်ပတ်သက်၍ အထူးစိုးရိမ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့်  မြန်မာအစိုးရနှင့်အတူ လက်တွဲပြီး ကူညီဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကြေညာချက်တွင်ဖော်ပြခဲ့သည်။ လူ့ အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့ (APHR)  ကလည်း ရခိုင်ပြည် နယ်အတွင်း အကြမ်းဖက်မှုတွေ သိသိသာသာ တိုးလာနေသည့်အပေါ် အထူးစိုးရိမ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ရခိုင်ပြည်နယ် အခြေအနေသည် ဒေသတွင်းပြဿနာတစ်ခု ဖြစ်လာနေပြီး ယခုကိစ္စကို အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် အစိုးရများကပါ ကိုင်တွယ်ဖြေရှင်း ကြရလိမ့်မည်ဟုလည်း APHR ၏ ကြေညာချက် တွင်  ဖော်ပြခဲ့သည်။ လုံခြုံရေးကင်းစခန်းများ တိုက်ခိုက်ခံရသည့်အပေါ် ရန်ကုန်မြို့ရှိ အမေ ရိကန်သံရုံးကလည်း ပြစ်တင်ရှုတ်ချခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် အကြမ်းဖက်သမားတို့၏ ရက်ရက် စက်စက်တိုက်ခိုက်ခဲ့သည့်လုပ်ရပ်အပေါ် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့သည်။ အကြမ်းဖက်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော် ဆွေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ် ၂၅ ရက်မှာပင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောအကြမ်းဖက်မှုကို စာရင်းချုပ်လိုက်သော် အကြမ်းဖက်တိုက်ခိုက်မှုကို ပြန်လည်နှိမ်နင်းမှုကြောင့် အပြစ်မဲ့ပြည်သူ ၃၀ ခန့် သေဆုံးခဲ့ရသည်။ ကျေးရွာပေါင်း ၅၄ ရွာမှ အိမ်ခြေ ၆၈၀ဝ ကျော် မီးလောင်ဆုံးရှုံးသည်။ တိုင်းရင်းသား၊ ကသည်း နှင့် ဟိန္ဒူတို့၏နေအိမ် ၂၀ဝ ခန့်နှင့် မွတ်စလင် အိမ် ၆၆၀ဝ ကျော် ပါဝင်ကြောင်း မြဝတီသတင်းဌာနက ဖော်ပြ ခဲ့သည်။ ဤစာရင်းမှာ စက်တင်ဘာ ၄ ရက်အထိ  စာရင်းဟုလည်း ဆိုသည်။ တပ်မတော်က နယ် မြေရှင်းလင်းမှုတွေကို စက်တင်ဘာ ၅ ရက်တွင် ရပ်ဆိုင်းခဲ့သည်။

အကြမ်းဖက်မှုဖြစ်စဉ်ကို စတင်ခဲ့သူက ဘင်္ဂါလီတို့ဖြစ်သည်။ သေဆုံးရသူတို့မှာ တိုင်းရင်း သားကျေးရွာသူ ကျေးရွာသားတွေနှင့် ဟိန္ဒူ တွေဖြစ်သည်။ သို့သော် ကမ္ဘာ့သတင်းမီဒီယာ များတွင်တွေ့ရသည်က အကြမ်းဖက်မှုကို အင်အားအလွန်အကျွံသုံး ဖြိုခွဲခံရသည့်အတွက် ဘင်္ဂါလီများထွက်ပြေးကြရသည်ဟု ကမ္ဘာ့ သတင်းဌာနများနှင့် လူမှုကွန်ရက် တွစ်တာ စာမျက်နှာများတွင် တက်လာခဲ့သည်။ မြန်မာတို့ သတင်းမီဒီယာ နောက်ကျလေပြီ။

မီးလောင်ရာလေပင့်ကြသူများ

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ သတင်းမှားများ ထွက်ပေါ်နေကြောင်း၊ ကုလ သမဂ္ဂက ပြောကြားခဲ့သည့် ဘင်္ဂါလီ ၁၂၅,ဝ၀ဝ ခန့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတိမ်းရှောင် နေခဲ့ရသည်ဆိုသော သတင်းနှင့်ပတ်သက်၍ တူရကီသမ္မတအာဒိုဂမ်နှင့် ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ ထိုစဉ်က တူရကီဒုတိယဝန်ကြီး ချုပ်သည် မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့ခြင်း မဟုတ်သော (နီပေါနိုင်ငံ မြေပြိုစဉ်က သတင်း ဓာတ်ပုံအများစုပါဝင်) သတင်းဓာတ်ပုံများဖြင့် မြန်မာတို့က ဘင်္ဂါလီများကို ဖိနှိပ်အနိုင်ကျင့် နေဟန်သတင်းမှားများကို တွစ်တာစာမျက်နှာ တွင်ဖော်ပြခဲ့ရာမှ သတင်းများ ပျံ့နှံ့သွားခဲ့သည့် ကိစ္စကိုလည်း ဖုန်းဖြင့်ဆက်သွယ်ပြောဆိုစဉ် ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆို ခဲ့သည်။

အမှန်တရားက ဖိနပ်စီးရန် ဟန်ပြင်နေ စဉ်၌ပင် မုသားတို့က ကမ္ဘာတစ်ပတ် ပတ်ခဲ့ပြီ ဖြစ်သည်။ ကမ္ဘာ့အင်အားကြီးမီဒီယာများက သတင်းမှားများဖြင့် မြန်မာနိုင်ငံ အနောက် ဘက်ခြမ်းက အဖြစ်အပျက်မှန်ကို ပုံဖျက်ပစ် လိုက်ကြသည်။ နိုင်ငံတကာအသိုက်အဝန်း၏ တုံ့ပြန်မှုသည် မြားအစင်းပေါင်းများစွာဖြင့် မြန်မာနိုင်ငံဆီ ပစ်ခွင်းလိုက်ကြတော့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပဋိပက္ခ ကြောင့်  ဒုက္ခရောက်သူအားလုံးကို  စောင့် ရှောက်မည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ဘင်္ဂလား ဒေ့ရှ်ဘက်သို့ ထွက်ပြေးသူများကို လည်း စိစစ်ရန် မြန်မာဘက်က စုံစမ်းရေးအဖွဲ့ တစ်ဖွဲ့စေလွှတ်ဆောင်ရွက်နေကြောင်း အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ်က ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ နိုင်ငံသား တွေကို စောင့်ရှောက်ရပါမယ်။ နိုင်ငံသားဟုတ် သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကျွန်မတို့ နိုင်ငံအတွင်းက လူတွေအားလုံးကိုလည်း စောင့် ရှောက်ရပါမယ်။ ဒါက ကျွန်မတို့ရဲ့တာဝန်ဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက် နေပါတယ်။  သူတို့ကို အပြည့်အဝစိတ်တိုင်းကျ ဆောင်ရွက်ပေးနိုင်လောက်အောင်တော့ ကျွန်မ တို့မှာ အရင်းအမြစ်တွေမပြည့်စုံပါဘူး။ ကျွန်မ တို့ အကောင်းဆုံးကြိုးစားဆောင်ရွက်နေပြီး လူတိုင်းလူတိုင်း ဥပဒေရဲ့အကာအကွယ်ရစေဖို့ ကျွန်မတို့ အသေအချာ ဆောင်ရွက်လိုပါတယ်" ဟု စက်တင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။

ပြည်တွင်းနှင့် နိုင်ငံတကာမှ သတင်း မီဒီယာအချို့ကိုလည်း စက်တင်ဘာ ၇ ရက် မှာပင် သွားရောက်သတင်းယူခွင့်ပြုခဲ့သည်။ စက်တင်ဘာ ၁၄ ရက်က နေပြည်တော်သမ္မတ အိမ်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲ၌ "ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ် နေသည့် အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း၊ ယခု ကျင်းပနေသည့် (၇၂)ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေညီလာခံသို့ ဒေါ်အောင်ဆန်း စုကြည်တက်ရောက်တော့မည် မဟုတ်ကြောင်း" နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော် ဌေးက မီဒီယာများအား ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း  အခြေအနေ ဆိုးရွားစွာတိုက်ခိုက်ခံရမှုသည် ကိုဖီအာနန် ကော်မရှင်ဖွဲ့စည်းမှုနှင့် အာနန်ကော်မရှင်၏ တင်ပြချက်တို့ကို အကြမ်းဖက်အုပ်စုများက မလိုလား၍ဖြစ်သည်ကို  အစိုးရအနေဖြင့် စုံစမ်းသိရှိရကြောင်းလည်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ပြန်ကြည့်ရင် ဒီသြဂုတ်လ ၂၄ ရက်က ကိုဖီအာနန် Report ကိုထုတ် ပြန်တယ်။ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ အဲဒီ ၂၅ ရက်မနက်မှာ စပြီးဖြစ်တယ်။ နေရာ ပေါင်း ၃၀ ကျော် တိုက်တယ်။ ပထမတစ်ကြိမ် တုန်းကလည်း ကျွန်တော်တို့ ပြန်ကြည့်လိုက်ရင် ကိုဖီအာနန်အကြံပေးကော်မရှင်ကို ကျွန်တော် တို့ ၂၀၁၆ သြဂုတ်မှာ ဖွဲ့တယ်။ ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေကို ကျွန်တော်တို့ ခြောက်နေရာ ကို တိုက်ဖို့ကြိုးစားတယ်။ သုံးနေရာအောင် မြင်တယ်။ အဲဒီတိုက်ခိုက်မှုက ဘယ်မှာဖြစ် တာလဲဆိုတော့ အောက်တိုဘာ ၉ ရက်မှာ ဖြစ်တယ်။ အဲဒီတော့ ကိုဖီအာနန်ကော်မရှင် ဖွဲ့စည်းပြီးတော့ ဆောင်ရွက်တဲ့ အနေအထား ပေါ်မှာ အဲဒါကို လက်မခံဖြစ်လာအောင်ပေါ့ နော်၊ တိုက်တယ်ဆိုတဲ့ ယူဆချက်ရှိပါတယ်။ အခု ပိုသေချာသွားတာက ဒုတိယအကြိမ် တိုက်ခိုက်မှုမှာကျ ကျွန်တော်တို့ Report ထွက်တယ်။ ထွက်ပြီးတာနဲ့ ည တိုက်တယ် ပေါ့နော်" ဟု ဦးဇော်ဌေးက ပြောကြားခဲ့သည်။

ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်မှ တင်ပြထားသည့် အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် မြန်မာအစိုးရအနေ ဖြင့် 'ရခိုင်ပြည်နယ်ဆိုင်ရာ  အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော် မတီကို ဖွဲ့စည်းလိုက်ကြောင်း' နိုင်ငံတော်သမ္မတ ဦးထင်ကျော်က စက်တင်ဘာ ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ကော်မရှင်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပူးတွဲဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌ စသည်ဖြင့် တာဝန်ယူကြမည်ဖြစ်ပြီး ဥက္ကဋ္ဌအပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းတာဝန် ပေးခဲ့သည်။

အဖြစ်မှန်ကို ကမ္ဘာသို့ ရှင်းလင်းပြောကြားခဲ့

စက်တင်ဘာ ၁၉ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် အခြေ အနေမှန်ကို ကမ္ဘာသို့ ရှင်းပြခဲ့သည်။ နိုင်ငံတော် အခြေပြမိန့်ခွန်းလည်းဖြစ်သည်။ ရခိုင်ပြည် နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အားလုံးကို မြန်မာအစိုးရက ရှုတ်ချကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဘက်က စစ်ဆေးမှုကိုခံရဲကြောင်း၊ လူ့အခွင့်အရေးချိုး ဖောက်မှု၊ တည်ငြိမ်ရေးနှင့် သဟဇာတဖြစ်မှုကို ဖျက်လိုဖျက်ဆီးလုပ်ရပ်များအား တရားဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အာမခံပြောကြားခဲ့သည်။

"နိုင်ငံတကာ အသိုင်းအဝိုင်းအဖွဲ့ဝင်၊ တာဝန်သိတဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ မြန်မာ နိုင်ငံဟာ  နိုင်ငံတကာက ဆန်းစစ်တာကို မကြောက်ပါဘူး။  နိုင်ငံအတွင်းမှာရှိတဲ့ အသိုင်းအဝိုင်းအားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးရေးကို  ရှေးရှုမယ့်၊ ရေရှည်တည်တံ့မယ့်  အဖြေရှာဖို့အတွက် ကျွန်မတို့ တာဝန်ခံထားပြီးဖြစ်ပါတယ်။

စက်တင်ဘာ ၅ ရက်ကစပြီး လက်နက် ကိုင်တိုက်ခိုက်တာတွေမရှိတော့ပါဘူး။ နယ်မြေ ရှင်းလင်းရေးစစ်ဆင်ရေးလည်း ပြီးသွားပါပြီ။ ဒါပေမဲ့လည်း မူဆလင်တွေ အတော်များများ နယ်စပ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးနေကြတယ်ကြားလို့ ကျွန်မတို့ စိုးရိမ် မကင်းဖြစ်ရပါတယ်။ ဘာဖြစ်လို့ အခုလိုအလုံး အရင်းထွက်ပြေးနေကြတာလဲဆိုတာကို ကျွန်မ တို့သိချင်ပါတယ်။ ကျွန်မတို့အနေနဲ့ ထွက်ပြေး သွားတဲ့သူတွေရော၊ မထွက်ပြေးဘဲကျန်နေ ခဲ့တဲ့သူတွေကိုပါ စကားပြောချင်ပါတယ်။ ရခိုင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ မူဆလင် အများစုဟာ အလုံးအရင်းနဲ့ ထွက်ပြေးကြတဲ့ အထဲမှာ မပါဝင်ကြဘူးဆိုတာကို သိတဲ့လူ နည်းနည်းပဲရှိကြတယ်လို့ ကျွန်မထင်ပါတယ်" ဟု ပြောဆိုခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်အကြံပေး ကော်မရှင်က အကြံပေးသကဲ့သို့ တစ်ဖက် နိုင်ငံသို့ ထွက်ပြေးသွားသည့် ဒုက္ခသည်များကို ပြန်လည်လက်ခံရေးအတွက် နိုင်ငံသားပြန်လည် စိစစ်ရေးလုပ်ငန်းစဉ်ကို မည်သည့်အချိန်မဆို စတင်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

ရခိုင်ပဋိပက္ခနှင့်ပတ်သက်ပြီး အရေးယူမှု များမပြုလုပ်မီ အပြန်အလှန် စွပ်စွဲပြောဆိုမှု များကိုနားထောင်ရန်လိုအပ်သလို အမှန်တကယ် အရေးယူမှုလုပ်နိုင်ရေးအတွက်လည်း စွပ်စွဲ ချက်များခိုင်မာမှု ရှိမရှိ သိရှိရန် လုပ်ဆောင်ဖို့ လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်ခဲ့သော အကြမ်း ဖက်မှုများနှင့်ပတ်သက်၍ အကြမ်းဖက်အဖွဲ့ အစည်းပါဝင်ပတ်သက်နေမှု၊ အရေအတွက် နည်းပါးလှစွာသော လူနည်းစုတိုင်းရင်းသားတို့ လုပ်ကိုင်စားသောက်နေထိုင်သော ကျေးရွာ ငယ်များကို ဘင်္ဂါလီတို့က အင်အားသုံးအနိုင် ကျင့်ကာ အကြောက်တရားလွှမ်းမိုးခြင်းဖြင့် ထွက်ပြေးသွားအောင် လုပ်ဆောင်နေမှု၊ သတ် ဖြတ်နေမှုများကို မျက်ကွယ်ပြုလျက် မြန်မာ တို့က အင်အားသုံးကာ ဘင်္ဂါလီတို့ကို မောင်း ထုတ်နေသည်ဆိုသော စွပ်စွဲချက်များနှင့်ပတ် သက်၍ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြား သည့်အခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ဗွီအိုအေနှင့် တွေ့ဆုံမေးမြန်းစဉ် ယခုကဲ့သို့ပြောဆိုခဲ့သည်။

"လုံးဝချိုးဖောက်တာမရှိပါဘူး။ ကျွန်တော် တို့ အင်အားသုံးပြီးတော့မလုပ်ပါဘူး။ ကျွန်တော် တို့အင်အားကို လိုသလောက်ပဲပေါ့နော်။ လို သလောက်လေးပဲ ထိန်းထိန်းသိမ်းသိမ်းသုံးစွဲ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က တရားဥပဒေနဲ့ညီတဲ့လူတွေကိုပဲ စောင့်ရှောက် ဖို့ပဲ ရှိပါတယ်။ တရားဥပဒေနဲ့မညီတဲ့ အပြစ် ရှိတဲ့လူတွေကိုပဲ ကျွန်တော်တို့က ဥပဒေနဲ့အညီ အရေးယူရမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒီမှာ မွတ်စလင်ရွာတွေလည်း အများကြီး ကျန်ပါတယ်။ သူတို့ကိုလည်း ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးနေ ပါတယ်" ဟုပြော ကြားခဲ့သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း၌ သြဂုတ် ၂၅ ရက်က ARSA  အစွန်းရောက်အုပ်စု၏ တိုက်ခိုက်မှုများကြုံခဲ့ရ ပြီးနောက် စစ်တပ်၏စစ်ဆင်ရေးများကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရသူ လေးသိန်းကျော်အထိရှိနေပြီဟု ကုလသမဂ္ဂက ခန့်မှန်းထားပြီး လုံခြုံရေးတပ်ဖွဲ့များ၏ကိုင် တွယ်မှုများအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေ ခြင်းနှင့်ပတ်သက်၍လည်း ပြောဆိုခဲ့သည်။

"အဲဒီတော့ ကျွန်တော်တို့ပြောရရင်တော့ ARSA  က ဇာတ်လမ်းဆင်တာပေါ့၊ ဇာတ်လမ်း ဆင်ပြီးတော့ သူတို့ကလည်း စလည်းလုပ်တယ်။ ပြီးတဲ့အခါကျတော့ သူတို့ကထွက် ပြေးတယ်။ သူတို့ စကားပေါက်တဲ့အခါကျတော့ ကမ္ဘာက ဘယ်လိုထင်သလဲဆိုတော့ သူတို့အပေါ်မှာ သနားတယ်။ အမှန်မှာ သူတို့သတ်ဖြတ်သွားတဲ့ မြိုတွေ၊ ဒိုင်းနက်တွေ၊ ရခိုင်တွေ သူတို့ တကယ် အသတ်ခံရတဲ့လူတွေကျတော့ မသိဘူးပေါ့။ Ethnic Cleaning လုပ်ခံရတာ ကျွန်တော် တို့ တိုင်းရင်းသားတွေဖြစ်ပါတယ်။ အဲဒါကို သူတို့က ပြောင်းပြန်ပြောတဲ့အခါကျတော့ ကမ္ဘာက ပြောင်းပြန်မြင်တယ်" ဟု ပြတ်ပြတ် သားသားပင် ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ အရေးထားဆောင်ရွက်မှုများကို မည်သို့ပင် ဝိုင်းဝန်းပုံဖျက်နေကြစေကာမူ မြန်မာတာဝန်ရှိသူတို့က မိမိတို့လုပ်ဆောင် ရမည့် လုပ်ငန်းစဉ်များအတိုင်း မှန်မှန်ကန်ကန် လုပ်ဆောင်ကြပြီး အလုပ်နှင့်သက်သေပြလျက် ရှိသည်ကို ကမ္ဘာ့နိုင်ငံအများစုက လက်ခံ နေပြီဖြစ်သော်လည်း အနောက်နိုင်ငံကြီးအချို့ အပါအဝင် နိုင်ငံအချို့က ဆက်လက်ပြစ်တင် ဝေဖန်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏ ရခိုင်အရေး ဆောင်ရွက်မှု များကို နိုဝင်ဘာ ၁၃ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာ၌ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် ဆွေးနွေးခဲ့သော်လည်း အာဆီယံထုတ်ပြန်ချက်မူကြမ်းတွင် ရိုဟင်ဂျာ ဟူသော အသုံးအနှုန်းကိုပင် ထည့်သွင်းခြင်း မရှိကြောင်း တွေ့ရသည်။ ဖိလစ်ပိုင်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဟယ်ရီရော့ကီက

"အားလုံး စုံညီအစည်းအဝေးမှာတော့ ရိုဟင်ဂျာတွေရဲ့အရေး ဆွေးနွေးခဲ့တယ်ဆိုတာ ကိုကျွန်တော် အတည်ပြုပြောနိုင်ပါတယ်။ အထူးသဖြင့် ဒီကိစ္စနဲ့ပတ်သက်နေတဲ့ နိုင်ငံ နှစ်နိုင်ငံက တင်သွင်းဆွေးနွေးခဲ့တာပါ။ အထူး သဖြင့် မြန်မာနိုင်ငံက ဒီရိုဟင်ဂျာကိစ္စကိုပြော ပါတယ်။ ပထမဆုံးအချက်ကတော့ သူတို့ အနေနဲ့  ကိုဖီအာနန် အစီရင်ခံစာနဲ့ အညီ အကောင်အထည်ဖော်  ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ လူသားချင်း စာနာမှုအကူအညီ တွေကို လက်ခံကြိုဆိုတဲ့အကြောင်း၊ ပြီးတော့… ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့  သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးတာနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ ပြန်လည်နေရာ ချထားရေးကို သီတင်းပတ်သုံးပတ်အတွင်း အပြီးသတ် လုပ်ဆောင်သွားမယ့်အကြောင်း ပြောခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။

ဆိုရပါလျှင် ၂၀၁၇ ခုနှစ်သည် မြန်မာ နိုင်ငံအတွက် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေများနှင့်ရင်ဆိုင်ခဲ့ရပြီး နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင်ပါ ပုံရိပ်ကျဆင်းသွား အောင် အစီအစဉ်ရှိရှိ ဝိုင်းဝန်းလုပ်ဆောင်မှု များနှင့် ရင်ဆိုင်ခဲ့ရသည်မှာ အမှန်ပင်ဖြစ်သည်။ ရခိုင်အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ၊ အိုအိုင်စီအဖွဲ့ဝင် နိုင်ငံများနှင့် လူ့အခွင့်အရေး အဖွဲ့များ၏ ပြစ်တစ်ဝေဖန်မှုများကို ခံခဲ့ရသည်။ နိုင်ငံတကာဖိအားများကို အခံရဆုံးနှစ်လည်း ဖြစ်သည်။ တစ်ချိန်က ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို အားတက်သရော ထောက်ခံ ခဲ့သော အနောက်နိုင်ငံကြီးများကပင် ဒေါ်အောင် ဆန်းစုကြည်အပေါ် ဝေဖန်ပြစ်တင်မှုများ ပြု လုပ်ခြင်း၊ ပေးအပ်ခဲ့ပြီးဖြစ်သော ဆုတံဆိပ်များ၊ ဂုဏ်ထူးဆောင်ဘွဲ့များ ပြန်လည်ရုပ်သိမ်းခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။ သို့သော်လည်း မြန်မာ နိုင်ငံနှင့် ထိစပ်နေသော အိမ်နီးချင်း အင်အား ကြီးနိုင်ငံများဖြစ်ကြသည့် တရုတ်နှင့်အိန္ဒိယ တို့က မြန်မာဘက်မှ ရပ်တည်ပေးခဲ့ကြပြီး ရခိုင်အရေးဖြေရှင်းရာတွင် ကူညီထောက်ခံမှု များ ပေးခဲ့ကြသည်။

လက်ရှိအခြေအနေအရ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများနှင့်ပတ်သက်သည့် (၂၇) ကြိမ် မြောက် အထူးအစည်းအဝေးတွင် ဆုံးဖြတ် ချက်မူကြမ်းကို အတည်ပြုပေးရန် မဲခွဲဆုံးဖြတ် ခဲ့သည်။ ယင်းဆုံးဖြတ်ချက်မူကြမ်းတွင် ဘင်္ဂါလီ အကျပ်အတည်းနှင့်သက်ဆိုင်သော ရင်းမြစ် များကို ဖြေရှင်းရန်၊ ကုလသမဂ္ဂအဖွဲ့အစည်းများ နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာမှ စုံစမ်းစစ်ဆေးသူများ၊ လူသားချင်း စာနာထောက်ထားရေး၊ ကယ်ဆယ်ရေးလုပ် သားများ အပြည့်အဝ ဝင်ထွက်သွားလာခွင့် ပြုရန် စသည့်အချက်များကို မြန်မာအစိုးရထံ တောင်းဆိုထားသည်။ တောင်းဆိုချက်များ အားလုံးကို အစိုးရအနေဖြင့် အလေးထား ကြောင်း သို့သော် အားလုံးကို လိုက်နာရန် မလိုအပ်ကြောင်း နိုင်ငံတစ်နိုင်ငံ၏ အချုပ် အခြာအာဏာပိုင်မှုကို ထိပါးရာမရောက်ရန် လည်း ဂရုပြုသင့်ကြောင်း တရားဝင်ပြောကြား ထားပြီးလည်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်အတွင်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေးတို့အတွက် အားသွန် ခွန်စိုက် လုပ်ဆောင်ခဲ့သည် မှန်သော်လည်း မျှော်လင့်မထားသည့် ရခိုင်အရေးအခင်းက သြဂုတ်လကုန်တွင် ပေါ်ပေါက်ခဲ့သည်။ ယင်း ပြဿနာသည် မူလက မြန်မာပိုင်နက် နယ်မြေ အတွင်းဖြစ်ပွားခြင်းဖြစ်၍ ပြည်တွင်းရေးဟု ဆိုနိုင်သော်လည်း နောက်ပိုင်းတွင် ပုံကြီးချဲ့ သူများ၊ မီးလောင်ရာလေပင့်သူများကြောင့် ကမ္ဘာ့ ကုလသမဂ္ဂသို့တိုင် ရောက်ရှိသွားခဲ့ရပြီး ဆိုးရွားသော မှတ်တမ်းဝင်နှစ်တစ်နှစ်လည်း ဖြစ်ခဲ့ရသည်။

ရခိုင်အရေးတွင် အစိုးရအနေဖြင့် နိုင်ငံ တကာနယ်ပယ်၌ Media Cover ဖြစ်မှု အားနည်းလှသည့်အတွက် ဖြစ်ရပ်မှန်များကို ချက်ချင်းလက်ငင်း တင်ပြနိုင်မှုမရှိခြင်း၊ သတင်း မှားများအပေါ် ချက်ချင်းလက်ငင်း ကမ္ဘာ သိအောင် တုံ့ပြန်ချေပမှုအားနည်းနေခြင်းကို အချိန်မီပြုပြင်နိုင်ရေးအတွက် ယခုဖြစ်ရပ်များက မီးမောင်းထိုးပြလိုက်ခြင်းသာ ဖြစ်သည်ဟု ထင်မြင်ယူဆမိပါကြောင်း။

ရည်ညွှန်း -

နေ့စဉ်ထုတ်သတင်းစာများ၊ အပတ်စဉ် ထုတ်ဂျာနယ်များ၊ လူမှုကွန်ရက် စာမျက်နှာ များနှင့် ဗွီအိုအေမြန်မာပိုင်းအစီအစဉ်မှ ထုတ်လွှင့်ခဲ့သော သတင်းများကို အခြေပြု ကိုးကားရေးသားပါသည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်