အိုင်အက်စ်သမိုင်းကြောင်း
အိုင်အက်စ်အကြမ်းဖက်ဟု ကမ္ဘာကျော်သည့် ISIS (Islamic State of Iraq and Syria) သို့မဟုတ် ISIL (Islamic State of Iraq and the Levant ) အဖွဲ့ကြီးသည် အခြေခံဝါဒီ များ၊ ဝါဟာဘီနှင့် ဆွန်နီမွတ်စလင်အယူမှ အများနှင့်ဆန့်ကျင်သူ ဝါဒီများဖြင့် ဖွဲ့စည်း ထူထောင်ခဲ့သည့် ဆလာဖိ ဂျီဟတ်စစ်သွေးကြွအဖွဲ့နှင့် ဘာသာရေးအစွန်းရောက် ရှေ့ပြေး နိုင်ငံတော်ထူထောင်သည့် အုပ်စုကြီးဖြစ်သည်။
ယင်းအဖွဲ့သည် ၂၀၁၄ ခုနှစ်အစောပိုင်းတွင် အီရတ်အနောက်ပိုင်းထိုးစစ်တွင် အဓိကကျ သည့် အီရတ်မြို့များမှ အီရတ်အစိုးရတပ်များကို မောင်းထုတ်နိုင်ခဲ့ပြီးနောက် ကမ္ဘာ၌ ထင်ရှား လာခဲ့သည်။ ဆက်လက်၍ မိုဆူးလ်မြို့ကို သိမ်း ပိုက်နိုင်ခြင်းနှင့် ဆင်ဂျာသတ်ဖြတ်မှုကြီးများကြောင့် လည်း နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့သည်။
အိုင်အက်စ် သို့မဟုတ် အိုင်အက်စ်အိုင် အက်စ်အဖွဲ့ကြီးကို ကုလသမဂ္ဂနှင့် များစွာသော နိုင်ငံများက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ကြသည်။ စစ်သားများ၊ အရပ်သား များ၊ ဂျာနယ်လစ်များနှင့် အကူအညီပေးရေး လုပ်သားများပါမချန် ခေါင်းဖြတ်သတ်ဖြတ်မှု များနှင့် အခြားရက်စက်စွာ သုတ်သင်မှုများကို ဗွီဒီယိုရိုက် ဖြန့်ဝေခဲ့သည့် အိုင်အက်စ်အဖွဲ့ကို တစ်ကမ္ဘာလုံးက မုန်းတီးကြောက်ရွံ့ခဲ့ကြသည်။ ထိုသတ်ဖြတ်မှုများသာမက ယဉ်ကျေးမှုသမိုင်းဝင် ရှေးဟောင်းအမွေအနှစ်များကိုလည်း ဖျက်ဆီး သည့် အိုင်အက်စ်တို့၏ရမ်းကားမှုကား မကြုံ စဖူးပင်ဖြစ်သည်။
ကုလသမဂ္ဂသည် အိုင်အက်စ်တို့ကို လူအခွင့် အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်မှုတို့အတွက် တာဝန်ရှိကြောင်း သတ် မှတ်ထားကာ လူအခွင့်အရေးအဖွဲ့ကလည်း အီရတ်မြောက်ပိုင်း၌ သမိုင်းတွင်သည့် အတိုင်း အတာဖြင့် လူမျိုးစုရှင်းလင်းဖယ်ရှားရေး ကျူး လွန်ခဲ့သည်ဟု စွဲချက်တင်ခဲ့သည်။
ISIL ၏ မူလအစသည် အိုစမာဘင်လာဒင် ထူထောင်ခဲ့သည့် အယ်လ်ခိုင်ဒါအဖွဲ့ကို သစ္စာ ခံသည့်အုပ်စုဝင်အဖြစ် ၁၉၉၉ ခုနှစ်၌ သန္ဓေ တည်ခဲ့ကာ ၂၀ဝ၃ ခုနှစ်၌ အီရတ်ကို အနောက် အုပ်စုနိုင်ငံများ ကျူးကျော်မှုကို ဆန့်ကျင်သည့် သောင်းကျန်းမှုတွင် ပါဝင်ခဲ့ကြသည်။ ၄င်းတို့သည် ကမ္ဘာကျယ်သရွေ့တွင် ၄င်းတို့ကိုးကွယ်သည့် ခါလီဖိတ်နိုင်ငံတော်တည်ထောင်ရေး ကြေညာ ခဲ့၍ ၂၀၁၄ ခုနှစ်ဇွန်လမှစကာ ၄င်းတို့ကိုယ် ၄င်းတို့ အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်)အဖွဲ့အဖြစ် ရည်ညွှန်းခဲ့ကြခြင်းဖြစ်သည်။
ဘာသာရေး၊ နိုင်ငံရေးနှင့် စစ်ရေးအာဏာ များပေါင်းရုံးကာ ကမ္ဘာတစ်ဝန်း အိုင်အက်စ် နယ်ပယ်ချဲ့ထွင်ရန်ဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ဝေဖန်ခံခဲ့ရပြီး ကုလသမဂ္ဂ၊ နိုင်ငံအများ စုနှင့် မွတ်စလင်ခေတ်ရေစီးကြောင်း အုပ်စုများ ကပါ အိုင်အက်စ်ကိုလက်မခံဘဲ ငြင်းဆန်ကန့် ကွက်ခဲ့ကြသည်။
ဆီးရီးယား၌ အိုင်အက်စ်တို့သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် အစိုးရတပ်များကိုရော သူပုန်တပ်များကိုပါ တိုက်ခိုက်ခဲ့ပြီး အီရတ် အနောက်ပိုင်းနှင့် ဆီးရီးယားအရှေ့ဖျားတို့ကို ထိန်းချုပ်နိုင်ခဲ့သည်။ လူဦးရေ ၂ ဒသမ ၈ သန်းမှ ရှစ်သန်းအထိ ၄င်းတို့စိုးမိုးမှုအောက်ရောက် ရှိခဲ့ခြင်းဖြစ်သည်။ လွှမ်းမိုးရာဒေသများတွင် ရှာရီယာဥပဒေကို အများနှင့်ဆန့်ကျင်စွာအစွန်း ရောက် အဓိပ္ပာယ်ကောက်ယူထားသည့်စည်းမျဉ်းများဖြင့် အတင်းအကျပ် စိုးမိုးစေသည်။
ယင်းကဲ့သို့ အီရတ်နှင့် ဆီးရီးယား၌ စတင် မွေးဖွားခဲ့သည့် အိုင်အက်စ်တို့သည် အာဖဂန် နစ္စတန်နှင့် ပါကစ္စတန်တို့အပါအဝင် ကမ္ဘာတစ်လွှား နိုင်ငံ ၁၈ နိုင်ငံတွင် အကြမ်းဖက်စစ်ဆင်ရေးများ ဆင်နွှဲခဲ့ကြသည်ဟု မှတ်တမ်းတင်ခဲ့ကြသည်။ ယင်းတို့တွင် မာလီ၊ အီဂျစ်၊ ဆိုမာလီယာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ ပါဝင်ကြသည်။ ၂၀၁၅ ခုနှစ်၌ အိုင်အက်စ်တို့၏ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်အင်အားသည် ၃၀ဝ၀ဝ ကျော်ရှိကာ တစ်နှစ်ဝင်ငွေမှာ အမေရိကန် ဒေါ်လာ သန်းတစ်ထောင်ကျော်ရှိမည်ဟု ခန့် မှန်းခဲ့ကြသည်။
၂၀၁၇ ခုနှစ်အတွင်း အိုင်အက်စ်လှုပ်ရှားမှုများ
စင်စစ် ၂၀၁၇ ခုနှစ်သည် အိုင်အက်စ်တို့ အတွက် အီရတ်နှင့်ဆီးရီးယားရှိ အခိုင်အမာ စခန်းများ လက်လွှတ်ဆုံးရှုံးခဲ့ရသည့်နှစ်ဖြစ် သည်။ အထူးသဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လက အီရတ်ရှိ မိုဆူးလ်မြို့ကို လက်လွှတ်ခဲ့ရခြင်းမှာ အိုင်အက်စ်တို့အတွက် အထိနာဆုံးဖြစ်ခဲ့သည်။ မည်သို့ဖြစ်စေ အိုင်အက်စ်တို့သည် မိုဆူးလ် တိုက်ပွဲကဲ့သို့ ရင်ဆိုင်တိုက်ပွဲမဟုတ်သည့် ဗုံးခွဲမှု နှင့် အလစ်အငိုက် အကြမ်းဖက်တိုက်ခိုက်မှု များကို ၂၀၁၇ ခုနှစ်တစ်နှစ်တာပတ်လုံးကျူးလွန် ခဲ့ကြသည်။
ဇန်နဝါရီလတွင် တိုက်ခိုက်မှုအကြိမ်အများ ဆုံးပြုလုပ်ခဲ့ပြီး တစ်နှစ်အတွင်း ဖေဖော်ဝါရီနှင့် ဧပြီမှအပ ကျန်လများတွင်လည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းတိုက်ခိုက်မှုများအနက် အိုင်အက်စ်တို့ တိုက်ရိုက်ပါဝင်သည်ဟု သတ် မှတ်သည့် ထူးခြားသောတိုက်ခိုက်မှုအချို့ကို ရွေးနုတ်ဖော်ပြလိုက်ရပါသည် -
အစ္စတန်ဘူလ်နိုက်ကလပ်ပစ်ခတ်မှု
၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၁ နာရီကျော်။ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ရိုင်းနားနိုက်ကလပ်တွင် ဖြစ်သည်။ ၂၀၁၇ နှစ်သစ်ကူးပွဲကျင်းပချိန်ဖြစ်၍ ယင်းကလပ် အတွင်း၌ ပရိသတ် ၆၀ဝ ခန့် ရှိနေကြသည်။ ၁ နာရီ ၁၅ မိနစ်၌ နိုက်ကလပ်ရှေ့သို့ အေကေ ၄၇ မောင်းပြန်ရိုင်ဖယ် ကိုင်ဆောင်ထားသူတစ်ဦး ရောက်လာသည်။ ၄င်းသည် အဝင်ဝရှိ ရဲအရာရှိ တစ်ဦးနှင့် ပရိသတ်တစ်ဦးကို ဦးဆုံးပစ်ခတ် ခဲ့ကာ ကလပ်ထဲဝင်ရောက်ပြီးနောက် အလ္လာ အက္ကဘာဟု အာရပ်ဘာသာဖြင့် ကြွေးကြော်၍ မြင်မြင်ရာလူများကို ပစ်ခတ်ခဲ့သည်။
ခုနစ်မိနစ်ကြာသည့် ပစ်ခတ်မှုအတွင်း ကျည်အိမ်လဲလှယ်ချိန်တွင် မျက်စိပြာမူးဝေစေ သည့်လက်ပစ်လှန့်ဗုံးများလည်း ခွဲသည်။ ပရိသတ်အချို့သည် ပြတင်းမှခုန်ချ၍ အသက် ဘေးမှ လွတ်မြောက်သွားသည်။ သေနတ်သမား သည်ကား စုစုပေါင်းကျည်အတောင့် ၁၈၀ ကျော် ပစ်ခတ်ခဲ့ပြီးနောက် မီးဖိုခန်းအတွင်းဝင် ရောက်ကာ အဝတ်အစားလဲ၍ထွက်ပြေးကာ အပြင်ရောက်လျှင် အများနှင့်ရောနှောလွတ် မြောက်သွားခဲ့သည်။ နိုက်ကလပ်အတွင်းအပြင်၌မူ စုစုပေါင်း ၃၉ ဦးသေဆုံးကာ အခြား ၇၀ ဒဏ်ရာရရှိကျန်ရစ်ခဲ့ကြသည်။
တူရကီအစိုးရသည် အိုင်အက်စ်တို့၏ အကြမ်းဖက်မှုဟုသုံးသပ်ပြီး တုံ့ပြန်မှုအဖြစ် ဆီးရီးယားမြို့ အယ်လ်ဘက်မှ အိုင်အက်စ်ပစ် မှတ်များကို စစ်တပ်ဖြင့် သွားရောက်စီးနင်း တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုအတွင်း ၂၂ ဦး သေဆုံးခဲ့သည်။ ထို့ပြင် တိုက်ခိုက်မှုနှင့် ဆက်နွှယ်သည်ဟု သံသယရှိသည့် အူဂါ၊ ကာဇက်၊ ဆီးရီးယား၊ ကာဂျစ်နှင့် ဥဇဘက် လူမျိုးများစွာကို ဖမ်းဆီးစစ်ဆေးခဲ့သည်။
ထို့နောက်တွင် နိုက်ကလပ်သေနတ်သမား သည် အသက် (၂၈) နှစ်အရွယ် အဗ္ဗဒူကာဒီယာ မာရှာရီပေါ့ဗ်ဆိုသူဖြစ်ကြောင်း ဇန်နဝါရီ ၉ ရက်၌ ဖော်ထုတ်နိုင်ခဲ့ကာ ဇန်နဝါရီ ၁၆ ရက်၌ လက်ရဖမ်းဆီးနိုင်ခဲ့သည်။ အဗ္ဗူမူဟမ်မက် ဟိုရာဆာနီအဖြစ် နာမည်ပြောင်းထားသည့် ၄င်းသည် ဥဇဘက်လူမျိုးတစ်ဦးဖြစ်ကာ အစ္စတန် ဘူလ်မှ ခရိုင်တစ်ခုအတွင်း ဥဇဘက်သူငယ် ချင်းတစ်ဦး၏ တိုက်ခန်းတွင်ခိုအောင်းနေစဉ် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ၄င်းနှင့် အတူ လက်နက်ခဲယမ်းများ၊ ဒရုန်းနှစ်စင်းနှင့် အမေရိကန်ဒေါ်လာ ၂၀ဝ ဝ၀ဝ ခန့်ကိုလည်း တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
မာရှာရီပေါ့ဗ်သည် တူရကီသို့ အီရန်နယ် စပ်မှတစ်ဆင့် ၂၀၁၆ ခုနှစ်ဇန်နဝါရီက တရား မဝင် ဝင်ရောက်ခဲ့သူဖြစ်ကာ ယင်းမတိုင်းမီ ၄င်းသည် အာဖဂန်နှင့် ပါကစ္စတန်တို့၌ စစ်သွေးကြွအဖြစ် လေ့ကျင့်ပေးခံခဲ့ရသူဟု ယူဆကြ သည်။ အီရတ်ရှိ အယ်လ်ခိုင်ဒါအဖွဲ့ကလည်း လေ့ကျင့်ပေးခဲ့သူဟု ယုံကြည်ရသည်။ တူရကီမှ တက်ခ်ဆင်မ်ရင်ပြင်၌ တိုက်ကွက်ဖော်ရန် အိုင် အက်စ်က ညွှန်ကြားခဲ့သော်လည်း ယင်းဧရိယာ တွင် လုံခြုံရေးထူထပ်နေခြင်းကြောင့် အစီအစဉ် ကို လက်လျှော့ခဲ့သည်။ ယင်းနောက် လုံခြုံရေး အားနည်းသည့် နိုက်ကလပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
၄င်းလက်ချက်ဖြင့် သေဆုံးသူ ၃၉ ဦးတို့မှာ နိုင်ငံ ၁၄ နိုင်ငံမှဖြစ်ကြပြီး ဘောလိဝုဒ်ရုပ်ရှင် ထုတ်လုပ်သူနှစ်ဦးလည်း ပါဝင်ခဲ့သည်။ တူရကီ ၁၂ ဦး၊ ဆော်ဒီခုနစ်ဦး၊ အီရတ်နှင့်လက်ဘနွန် သုံးဦးစီ၊ ဂျော်ဒန်၊ မော်ရိုကိုနှင့် အိန္ဒိယတို့မှ နှစ်ဦးစီ၊ ကူဝိတ်၊ လစ်ဗျား၊ အစ္စရေး၊ တူနီးရှား ကနေဒါ၊ ဆီးရီးယား၊ တူနီးရှား-ပြင်သစ်ကပြား တစ်ဦးစီတို့ ဖြစ်ကြသည်။
၂၀၁၇ ဇန်နဝါရီ ဘဂ္ဂဒက်ဗုံးခွဲမှုများ
ဇန်နဝါရီ ၂ ရက်၌ပင် အီရတ်၌ အနည်းဆုံး သုံးနေရာတွင် အသေခံ ကားဗုံးခွဲတိုက်ခိုက်မှု များ ဖြစ်ပွားခဲ့သည်။ ရှီးယိုက်စ်မွတ်စလင်များ နေထိုင်ကြသည့် အရှေ့ပိုင်းခရိုင် ဆဒါမြို့၊ ကင်ဒီနှင့် အီမန်အလီဆေးရုံများတွင်ဖြစ်ပြီး စုစုပေါင်း ၅၆ ဦးသေဆုံးကာ အခြား ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြသည်။
ဆဒါမြို့ရှိ လူစည်ကားသည့်ဈေးတစ်ဈေး၌ အသေခံကားဗုံးခွဲခဲ့ခြင်းဖြစ်ပြီး ယင်းတိုက် ခိုက်မှုပြုချိန်သည် ထိုစဉ်က ပြင်သစ်သမ္မတ ဖရန်စစ်အော်လန် ယင်းမြို့သို့ ရောက်ရှိနေချိန် ဖြစ်သည်။ တိုက်ခိုက်မှုသည် ၄င်းတို့လက်ချက် ဖြစ်ကြောင်း အိုင်အက်စ်တို့က ကြေညာခဲ့သည်။
၂၀၁၇ ခုနှစ် မတ်လ ကဘူးလ်တိုက်ခိုက်မှု
၂၀၁၇ ခုနှစ် မတ်လ ၈ ရက် နံနက် ၉ နာရီတွင်ဖြစ်သည်။ အာဖဂန်နစ္စတန်စစ်တပ်၏ အဓိကစစ်ဆေးရုံတစ်ရုံဖြစ်သည့် ဆာဒါဒါ အွန်ခန်ဆေးရုံနောက်ပေါက်ကို အသေခံဗုံးခွဲသူ တစ်ဦးက ဗုံးခွဲဖျက်ဆီးလိုက်သည်။ ယင်းမှာ မထင်မှတ်သည့်လုပ်ရပ်ဖြစ်သည်။ စစ်ဆေးရုံ သည် သမ္မတနန်းတော်နှင့် ဟာမစ်ကာဇိုင်းနိုင်ငံ တကာလေဆိပ်တို့နှင့်အတူ ဝါဇီယာအက္ကဘာခန်း ခရိုင်အတွင်းမှာပင် တည်ရှိသည်။
ဗုံးခွဲပြီးနောက် တိုက်ခိုက်သူငါးဦးတို့သည် အဖြူရောင်ဆရာဝန်ဝတ်စုံများ ဝတ်ဆင်လျက် ဆေးရုံထဲ ဝင်ရောက်လာကာ တစ်ထပ်ပြီးတစ် ထပ် တက်ရောက်လျက် ဗွီအိုင်ပီခန်းကို ရှာဖွေကြ သည်။ ဆေးရုံတွင် ကြည်းတပ်ဗိုလ်ချုပ်ကြီး တစ်ဦးနှင့် ဝန်ကြီးဟောင်းတစ်ဦးတို့၏ ဆွေမျိုး များ တက်ရောက်ကုသနေကြောင်း သတင်း ရရှိခဲ့ပြီးဖြစ်သည်။
ယင်းနောက် ဆရာဝန်အတုများသည် ဂျူတီကုတ်အဖြူများအောက်မှ အေကေ ၄၇ သေနတ်များထုတ်ပြီး မြင်မြင်ရာလူများအား ပစ်ခတ်သတ်ဖြတ်တော့၏။ လူနာများ၊ အစောင့် များနှင့် ဆရာဝန်များ၊ မြင်မြင်သမျှလူများကို သေနတ်ဖြင့်ပစ်၊ လက်ပစ်ဗုံးများပစ်ခွဲဖြင့် ရက် ရက်စက်စက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အာဖဂန်စစ်တပ်ကလည်း တုံ့ပြန်ရန် ကြိုး စားသည်။ သို့သော် အခြေအနေမှာ ဆိုးရွားရှုပ် ထွေးနေရာ အကြမ်းဖက်သမားများသည် ဆေး ရုံကို ခုနစ်နာရီကြာ သိမ်းပိုက်ထားနိုင်ခဲ့သည်။ နောက်ဆုံးတွင် စစ်တပ်က ဆေးရုံခေါင်မိုးပေါ် တပ်များချပေးပြီး ချေမှုန်းစစ်ဆင်ပါမှ အကြမ်း ဖက်သမားများကို သုတ်သင်နိုင်ခဲ့သည်။ ယင်း စစ်ဆင်ရေးတွင် ကဘူးလ်ရှိ နော်ဝေအထူးတပ် ဖွဲ့က အာဖဂန်တို့၏စစ်ဆင်ရေးကို အထောက် အကူပေးခဲ့ပြီး တိုက်ပွဲတွင် တိုက်ရိုက်ပါဝင်ခြင်းမူ မရှိခဲ့ပေ။
တိုက်ခိုက်မှုအပြီး စစ်ဆေးဖော်ထုတ်ချက် အရ ဆေးရုံအတွင်း၌ အကြမ်းဖက်သမား နှစ်ဦးသည် ဆေးရုံအလုပ်သမားအဖြစ် ကြိုတင် မြှုပ်နှံကာ အတွင်းအပြင် ပေါင်းစပ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။ ဆေးရုံနောက် ပေါက်ကို အသေခံဗုံးခွဲခဲ့သူမှာ ယင်းအလုပ် သမားတစ်ဦးပင်ဖြစ်သည်။
တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၄၉ ဦး သေဆုံးခဲ့ပြီး အခြား ၆၃ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း အာဖဂန်အစိုးရက ကြေညာခဲ့သည်။ မတ် ၁၃ ရက်၌မူ သေဆုံးသူ ၁၀ဝ အထိရှိကြောင်း သတင်းတစ်ရပ်ထွက်ပေါ်ခဲ့ပြီး ယင်းသတင်းကို အတည်ပြု နိုင်ခဲ့ခြင်းမရှိပေ။ တိုက်ခိုက်မှုသည် ၄င်းတို့လက်ချက်ဖြစ် ကြောင်း အိုင်အက်စ်အဖွဲ့က ၄င်းတို့နှင့်ဆက် နွှယ်ရာ အာမက်သတင်း အေဂျင်စီမှတစ်ဆင့် ကြေညာခဲ့သည်။ တိုက်ခိုက်သူတစ်ဦး၏ပုံနှင့် သေဆုံးသူများ၏ပုံကိုလည်း ဖော်ပြခဲ့သည်။ သို့သော် အာဖဂန်အစိုးရကမူ တိုက်ခိုက်မှု အတွင်း ဆေးရုံဒုတိယထပ်ရှိ တာလီဘန်လူနာ များကို ပစ်မှတ်အဖြစ်မှ သိသိသာသာရှောင် ကွင်းခဲ့ကြခြင်းအပေါ် သံသယဝင်ခဲ့ကြသည်။ အသက်ရှင်ကျန်ရစ်သူ မျက်မြင်တချို့ကလည်း အကြမ်းဖက်သမားများသည် မိုဘိုင်းလ်ဖုန်းဖြင့် ဆက်သွယ်ပြောဆိုကြရာတွင် မူလာဆာဟစ် ဟူသည့်နာမည်ကို ကြားခဲ့ရသည်ဟု ဆိုသည်။ ထို့ပြင် ပက်ရှ်တိုဘာသာဖြင့် တာလီဘန်များ ကြာရှည်တည်တံ့ပါစေဟုလည်း အော်ဟစ်ခဲ့ကြ ကြောင်းလည်း ပြောကြသည်။
ထို့ကြောင့် အမေရိကန်တို့ကို ဆန့်ကျင် သည့် အာဖဂန်မှ အခြားပြောက်ကျားအဖွဲ့တစ်ဖွဲ့ ဖြစ်သည့် ဟာကွာနီကွန်ရက်အဖွဲ့၏ လက်ချက် ဖြစ်နိုင်သည်ဟုလည်း အာဖဂန်အစိုးရက သံသယရှိခဲ့သည်။
၂၀၁၇ ခုနှစ် သြဂုတ် ကွက်တာအသေခံဗုံးခွဲ တိုက်ခိုက်မှု
၂၀၁၇ ခုနှစ် သြဂုတ် ၁၂ ရက်တွင်ဖြစ်သည်။ ပါကစ္စတန်နိုင်ငံ၏ နှစ် (၇၀) ပြည့် လွတ်လပ် ရေးနေ့ အခမ်းအနားကျင်းပအပြီး နောက် တစ်ရက်ဖြစ်သည်။ အနောက်တောင်ဘက်ပြည် နယ် ဘာလိုချီစတန်မှ ကွက်တာမြို့ရှိ ခိုဂျက် လမ်းမပေါ်တွင် ညနေစောင်းအချိန်၌ ပါကစ္စတန် စစ်တပ်မှ ကင်းလှည့်ထရပ်ကားတစ်စီး စစ်သည် များတင်ဆောင်လျက် မောင်းနှင်လာသည်။
လမ်းပေါ်တွင် အခြားကားအချို့လည်း သွားလာနေကြသည်။ ပစ္စဟင်ဘတ်စ်ကားမှတ် တိုင်အနီး ကင်းလှည့်စစ်ကား အရောက်တွင် အရှိန်ပြင်းပြင်း မောင်းနှင်လာသည့် ဆိုင်ကယ် စက်သံတစ်သံ ထွက်ပေါ်လာသည်။ မှတ်တိုင်မှ လူများသည် စစ်ကားကိုကြည့်နေရာမှ ဆိုင်ကယ် ဘက် အာရုံရောက်သွားကြသည်။ ဆိုင်ကယ်မှာ တစ်စုံတစ်ရာ ထူးခြားနေပြီး ဆိုင်ကယ်သမား မှာလည်း သာမန်လူမဟုတ်ချေ။ ၄င်း၏ကိုယ် တွင် အသေခံ ဗုံးခွဲအင်္ကျီဝတ်ဆင်ထားရုံမက ဆိုင်ကယ်ကိုယ်ထည်မှာလည်း ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင်ထားသည်။
ယင်းဆိုင်ကယ်သမားသည် စစ်ကားနံဘေးသို့ ဆိုင်ကယ်ရောက်ချိန်တွင် သူ့ကိုယ်သူ ဖောက်ခွဲ လိုက်တော့၏။ ပေါက်ကွဲမှု ပြင်းထန်လွန်းရကား စစ်ကားနှင့် မှတ်တိုင်မှလူများအပြင် အနီးရှိ ကားများကိုပါထိမှန်ပြီး မီးလောင်သည်အထိ ဖြစ်ခဲ့သည်။ ပေါက်ကွဲသံကို တစ်မြို့လုံးကြား လိုက်ရပြီး အချို့အိမ်ပြတင်းမှန်များ လန့်ကွဲရ လောက်အောင် ပေါက်ကွဲအားက ပြင်းထန်လွန်း လှသည်။ တစ်စစီဖြစ်နေသည့် အဓိကပေါက်ကွဲမှု ဗဟိုချက်မှ သဲလွန်စများကို စစ်ဆေးပြီးနောက် အသေခံတိုက်ခိုက်သူသည် ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၂၀ မှ ၂၅ ကီလိုဂရမ်အထိ အသုံးပြု ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူက ပြောဆိုခဲ့သည်။ ဖောက်ခွဲရေးယမ်းနှင့်အတူ အများဆုံးထိခိုက်သေကျေစေရန် သံမဏိ ဘောစေ့အများအပြားကိုလည်း ထည့်သွင်း အသုံးပြုခဲ့သည်ဟု ဆိုသည်။
ဗုံးကွဲပြီးပြီးချင်း အချင်းဖြစ်ရာသို့ မီးသတ် ကားသုံးစီးရောက်ရှိလာပြီး မီးငြှိမ်းသတ်ခဲ့ကြ သည်။ ပေါက်ကွဲမှုကြောင့် မော်တော်ကားလေး စီး၊ သုံးဘီးဆိုင်ကယ်လေးစီးနှင့် မော်တော် ဆိုင်ကယ်နှစ်စီး မီးလောင်ကျွမ်းခဲ့ရာ ယင်းပေါက် ကွဲမှုပမာဏကို မှန်းဆနိုင်သည်။ပေါက်ကွဲမှု ကြောင့် စုစုပေါင်း ၁၅ ဦးသေဆုံးခဲ့ရာ ပါကစ္စတန် စစ်တပ်မှ စစ်သည် ရှစ်ဦးလည်း ပါဝင်သည်။ ဒဏ်ရာရသူ ၄၀ ခန့်ဖြစ်သည်။
ယင်းဧရိယာမှာ ဘာလိုချီစတန်လွှတ်တော် နှင့် ကွက်တာဥပဒေကောလိပ်တို့နှင့် မဝေး လှပေ။ လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိလာပြီး သေဆုံးဒဏ်ရာရသူများကို ကွက်တာအရပ် ဆေးရုံနှင့် စစ်ဆေးရုံတို့သို့ ပို့ဆောင်ကြသည်။ တိုက်ခိုက်မှုအပြီး ပါကစ္စတန်အစိုးရက နိုင်ငံ တော်အရေးပေါ်အခြေအနေ ကြေညာခဲ့ကာ အဆင့်မြင့်ပုဂ္ဂိုလ်များပါဝင်သည့် စုံစမ်းစစ်ဆေး ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းပေးခဲ့သည်။ ယင်း နောက် ခိုရာဆန်ပြည်နယ်မှ အိုင်အက်စ်အဖွဲ့က ဗုံးခွဲတိုက်ခိုက်မှုသည် ၄င်းတို့လက်ချက်ဖြစ် သည်ဟု ကြေညာခဲ့ကြောင်း ဗြိတိန်အခြေစိုက် စောင့်ကြည့်ရေးအုပ်စုတစ်စုက ပြောဆိုခဲ့ သည်။ ကြေညာချက်အရ အသေခံ ဗုံးခွဲသူ ဆိုင်ကယ်သမား၏ နောက်ကွယ်၌ ၄င်းတို့အဖွဲ့ ရှိသည်ဟုဆိုသည်။
၂၀၁၇ ခုနှစ် မတ် ဒမတ်စကတ်ဗုံးခွဲမှုများ
၂၀၁၇ ခုနှစ် မတ် ၁၁ ရက်၌ ဆီးရီးယား နိုင်ငံ ဒမတ်စကတ်မြို့ဟောင်းတွင် အသေခံဗုံး ဖောက်ကွဲမှု နှစ်ဆင့်ဖြစ်ပွားခဲ့ရာ ရွှေ့ပြောင်း အခြေချ ရှီးယိုက်မွတ်စလင် အီရတ်အများစု ဖြစ်သည့် ၇၄ ဦး သေဆုံးခဲ့ကြရသည်။ အခြား ၁၂၀ ကျော် ဒဏ်ရာရခဲ့ကြသည်။ မတ် ၁၅ ရက်၌လည်း အသေခံဗုံးဖောက် ခွဲမှုနှစ်မှု ဖြစ်ပွားခဲ့သည်။ တစ်မှုမှာ မြို့တော်၏ တရားရေးဌာန အဆောက်အအုံအတွင်းဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး နောက်တစ်မှုမှာ စားသောက် ဆိုင်တစ်ဆိုင်အတွင်း ဖြစ်ပွားခဲ့ခြင်းပင်။ ယင်း တိုက်ခိုက်မှုများအတွင်း အယောက် ၄၀ သေ ဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ကြသည်။
ပထမတိုက်ခိုက်မှု၏လက်သည်မှာ တာဟ ရီရာ အယ်လ်ရှမ်းအဖွဲ့ဖြစ်ပြီး ဒုတိယနှင့်တတိယ တိုက်ခိုက်မှု၏လက်သည်မှာ အိုင်အက်စ်အဖွဲ့ ဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
၂၀၁၇ နိုဝင်ဘာ ဆီးရီးယားတိုက်ခိုက်မှု
၂၀၁၇ ခုနှစ် နိုဝင်ဘာ ၄ ရက်၌ ဆီးရီး ယားနိုင်ငံ ဒယ်အောက်ဇာပြည်နယ်၌ အရှေ့ ပိုင်းဒေသမှ ရွှေ့ပြောင်း ရောက်ရှိလာသူများ အကြား အသေခံကားဗုံးခွဲတိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး အရပ်သား ၁၀ဝသေ ဆုံးပြီး အခြား ၁၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် ၄င်းတို့လက်ချက်ဖြစ် ကြောင်း အိုင်အက်စ်အဖွဲ့က ပြောဆိုခဲ့သည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာ အီဂျစ်တိုက်ခိုက်မှု
၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်၌ ဆိုင်းနိုင်း ကျွန်းဆွယ် အီဂျစ်အုပ်ချုပ်သည့်အခြမ်းရှိ ဘီယာအယ်လ်အဘက်မြို့ အရှေ့ပိုင်း အယ်လ် ရောဒါရွာမှ ဆူဖီမွတ်စလင်ဗလီအတွင်းသို့ သေနတ်သမား ၄၀ ခန့် ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ယင်းအချိန်မှာ သောကြာဝတ်ပြု ဆုတောင်းသူများဖြင့် ပြည့်နှက်နေချိန်ဖြစ်သည်။
ယင်းတိုက်ခိုက်မှုကြောင့် ၃၁၁ ဦး သေ ဆုံးခဲ့ရပြီး အခြား ၁၂၂ ဦး ဒဏ်ရာရရှိခဲ့ကြ သည်။ ယင်းတိုက်ခိုက်မှုသည် လက်ရှိအချိန် တွင် အီဂျစ်သမိုင်း၌ အသေအပျောက်အများဆုံး တိုက်ခိုက်မှုအဖြစ် မှတ်တမ်းဝင်သည်။ ယင်းဗလီသည် ဆိုင်းနိုင်း၏အဓိကကမ်းခြေ အဝေးပြေးလမ်းမနှင့် ဂါဇာဒေသကို ဆာအစ်ဒ် ဆိပ်ကမ်းမြို့နှင့် ဆက်သွယ်ထားသည့် လမ်း ပေါ်တွင် တည်ရှိသည်။ အယ်လ်အာရှိရ်နှင့် ဘီယယအယ်လ်အဘက်လမ်းများအကြားတွင် လည်း တည်နေသည့်ဗလီဖြစ်သည်။
တိုက်ခိုက်သူများသည် ခရီးကြမ်းသုံးကား လေးစီးဖြင့်ချဉ်းကပ်လာကာ ဗုံးသုံးလုံးဖောက် ခွဲခဲ့ကြသည်။ ယင်းနောက် မီးရှို့ထားသည့် ကားများဖြင့် လမ်းများကိုပိတ်ဆို့ထားခဲ့သည်။ ယင်းနောက် အာဂျီပီလောင်ချာများ၊ စက် သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ ထိခိုက်သေဆုံးသူများကို ကူညီကယ်ဆယ်ရန် လူနာတင်ယာဉ်များ ရောက်ရှိလာချိန်တွင် အကြမ်းဖက်သမားများ ရှိနေဆဲဖြစ်၍ လူနာ တင်ယာဉ်များလည်း ပစ်ခတ်တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ သို့ဖြင့် ဒေသခံများက ထိခိုက်သူ များကို ကူညီရုံမျှမက အချို့သည်လက်နက်များ ရယူကာ အကြမ်းဖက်သမားများကို ပြန်လည် တိုက်ခိုက်ခဲ့ကြသည်။
ယင်းတိုက်ခိုက်မှုအတွက် တာဝန်ယူသူမရှိ ခဲ့သော်လည်း တိုက်ခိုက်မှုများသည် အိုင်အက်စ် သစ္စာခံ ဝီလာယက်တို့၏ ဆိုင်းနိုင်းဌာနခွဲလက် ရာဟု ပေါ်ပေါက်ခဲ့သည်။ အသက်ရှင်ကျန်သူ အချို့က တိုက်ခိုက်သူများသည် အိုင်အက်စ် အလံကိုင်စွဲခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် အီဂျစ်သည် သုံးရက်တာ အမျိုးသားဝမ်းနည်းခြင်းအထိမ်း အမှတ်ကြေညာခဲ့သည်။ အီဂျစ်သမ္မတ အယ်လ် စီစီသည် အဆုံးစွန်တုံ့ပြန်မည်ဟု ကတိပြုခဲ့ပြီး အီဂျစ်လေတပ်သည် စစ်သွေးကြွများ၏ မော် တော်ကားအချို့နှင့် လက်နက်တိုက်များကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဆိုင်းနိုင်းကျွန်းဆွယ် အနီးရှိ တောင်တန်းများတွင် အီဂျစ်လေတပ် သည် ပစ်မှတ်များကို လိုက်လံရှာဖွေ တိုက်ခိုက် နေဆဲဖြစ်ပါကြောင်း။











