၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်က လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသော ကဗျာရှင် 'မိုးလှိုင်ည' ၏ "တောင်အာဖရိက က ကိုယ်နဲ့ဝေးတယ်" အမည်ရှိ ကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ ကဗျာလေးက အတော့်ကို ကောင်းသည်ဟု ခံစားမိသည်။ ဤသို့ ဖြစ်ပါ၏-
တောင်အာဖရိကက ကိုယ်နဲ့ဝေးပါတယ်
ကိုယ်နဲ့ဝေးတာပါ တော်တော်လေးကို ဝေးပါတယ်
ယဉ်ကျေးမှုအရရော
ဆက်သွယ်မှုအရရော . . .
မြန်မာသံရုံး တောင်အာဖရိကမှာ ရှိမရှိ
မြန်မာပြည်မှာကော တောင်အာဖရိက သံရုံးရှိမရှိ . . . .
ကိုယ်မသိဘူး။
တောင်အာဖရိက ကိုယ်နဲ့ဝေးတယ်
တောင်အာဖရိက ပြည်သူတွေကတော့
အမှောင်ထဲမှာ ကိုယ်တို့နဲ့အတူတူဖြတ် သန်းဖူးတယ်
ခေတ်ချင်းက မတိမ်းမယိမ်း
သူတို့က ကိုယ်တွေထက် ပိုမှောင်သလို
သူတို့ထောင်တွေက ကိုယ်တွေထက် ပိုကျဉ်းမလား
တောင်အာဖရိကဟာ လူမည်းတို့ရဲ့သမိုင်း
အိမ်ဖြူတော်ပေါ်ကို အိုဘားမားမတက်ခင်
လီယိုတော်စတွိုင်း အိုင်ဒီယိုလိုဂျီနဲ့
မဟတ္တမဂန္ဒီ မာတင်လူသာကင်း
နယ်ဆင်မင်ဒဲလား . . . .
မတရားမှုဟာ ဥပဒေဖြစ်လာတဲ့အခါ
တော်လှန်ပုန်ကန်မှုဟာ တရားမှုဖြစ်လာ တယ်။
အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်း
တောင်အာဖရိကကို အရိပ်မိုးပေးခဲ့တဲ့
အဲဒီတော်လှန်ရေးသမား ဟောင်းကြီးက ပြောတယ်။
တောင်အာဖရိကနဲ့ ကိုယ်ကဝေးပါတယ်
မင်ဒဲလားကြီးနဲ့တော့ ရင်ထဲမှာနီးတယ်
အန်ကယ်ဟို လို
တိန့်ရှောင်ဖိန်လို
ဂေါ်ဘာချော့ဗ်လို
ဂန္ဒီလို..
အောင်ဆန်းလို
ကမ္ဘာနဲ့ချီအောင်ရိုးဖြောင့်သူလို့ . . . . ကိုယ် ယုံကြည်တယ်
တောင်အာဖရိကဟာ မင်ဒဲလားကြောင့် အဖမမဲ့ခဲ့ပါဘူး . . . .။
အဓိပ္ပာယ်လင်းရှပြီး စာသားတွေက တောက်ပပါဘိ။ တောင်အာရိကသည် မင်ဒဲလား ကြောင့် အဖမမဲ့ခဲ့။ မြန်မာနိုင်ငံသည် အောင် ဆန်းကြောင့် အဖမမဲ့ခဲ့။ သို့နည်းတူ အိန္ဒိယ သည် ဂန္ဒီကြောင့် အဖမမဲ့ခဲ့။ တိန့်ရှောင်ဖိန်လို၊ အန်ကယ်ဟိုလို၊ ဂေါ်ဘာချော့ဗ်၊ ဂန္ဒီလို၊ အောင် ဆန်းလို ကမ္ဘာနဲ့ချီအောင် ရိုးဖြောင့်သူတွေ မမီ လိုက်သော်လည်း သိကြသူတွေက ကမ္ဘာနဲ့ချီ အောင် များလှသည်။ ကဗျာထဲက စာတစ်ပိုဒ်မှာ -
လီယိုတော်စတွိုင်း အိုင်ဒီယိုလိုဂျီနဲ့
မဟတ္တမဂန္ဒီ မာတင်လူသာကင်း
နယ်ဆင်မင်ဒဲလား .... ဟု တော်စတွိုင်း ၏အကြမ်းမဖက်သောငြိမ်းချမ်းရေးကို လိုလားသော ငြိမ်းချမ်းရေးဝါဒီများအဖြစ် မဟတ္တမဂန္ဒီနှင့် မာတင်လူသာကင်းတို့ကို ညွှန်းဆိုကြသည်။ မဟတ္တမဂန္ဒီကိုယ်တိုင် ကလည်း သူသည် တော်စတွိုင်းဝါဒီတစ်ဦး ဖြစ်ကြောင်း အတိအလင်း ဖွင့်ဟခဲ့ဖူးသည်။
တော်စတွိုင်းဝါဒီ ဂန္ဒီကြီး၏လမ်းစဉ် နှစ်သက်ခဲ့သူမှာ မြန်မာနိုင်ငံမှ ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ ၁၉၈၈ မှ ၂၀၁၀ ပြည့်နှစ်အထိ ကာလအတွင်း ဒီမိုကရေစီလှုပ်ရှားမှုကြောင့် နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ်ကျခံခဲ့ရသည်။ နှစ်ကာလစုစုပေါင်း ၁၅ နှစ်ကျော်ဖြစ်သည်။၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည်။ သည့်နောက် နေရူးအောက် မေ့ဖွယ် အခမ်းအနားတက်ရောက်ရန် အိန္ဒိယသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က "မဟတ္တမဂန္ဒီနဲ့ ဂျဝါဟလာနေရူးတို့ဟာ ကျွန်မရဲ့ အနီးစပ်ဆုံး ခေါင်းဆောင်များလို့ ခံယူထားပါတယ်။ ကျွန်မ ဟာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုများမှာ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုအခြေခံပေါ်မှာ အခိုင်အမာ အခြေတည်ထားတာဖြစ်ပါတယ်၊ ဂန္ဒီကြီးချမှတ်ခဲ့တဲ့ အကြမ်းမဖက်လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တာ အလေးထားအတုယူခဲ့တာ၊ ဂန္ဒီကြီးရဲ့ အကြမ်းမဖက်တဲ့ သကျဂရဟမူက ကျွန်မအပေါ်လွှမ်းမိုးမှုရှိခဲ့တာကို လူတချို့က သိထားကြပေမယ့် အတော်များများကတော့ မသိကြပါဘူး"ဟု နေရူးအောက်မေ့ဖွယ်အခမ်း အနား၌ ပြောကြားခဲ့သည်။ ဂန္ဒီကြီးသည် ဒေါ်အောင်ဆန်းစုကြည်၏ စံပြသူရဲကောင်း တစ်ဦးဖြစ်သည်။
"ကျွန်ုပ်သည် အကောင်းထင်တတ်သူ၊ အကောင်းမြင်တတ်သူတစ်ဦးဖြစ်သည်။ အမှန် တရားသည် အမြဲတစေ ပွင့်လန်းနေလေမည်ဟု အာမခံနိုင်စွမ်း မရှိ ။ သို့သော် နောက်ဆုံးတွင်မူ အမှန်တရားသည်သာလျှင် အောင်ရမည်ဆို သော ယုံကြည်ချက်ကိုကား မမှိတ်မသုံခံယူ သည်" ဟု ဂန္ဒီကြီးက ဆိုခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၄၈ လွတ်လပ်ရေးမှ သည် ၁၉၅၈ အထိ ပါလီမန်ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံကို တည်ဆောက်ခဲ့သော်လည်း ၁၉၅၈ မှသည် ၁၉၆၂ အထိ အာဏာရှင်အကူးအပြောင်း ကာလကြားတွင် လှုပ်ခတ်နေခဲ့ရသည်။ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တစ်စုတစ်ဖွဲ့၏ ဦးဆောင်မှုဖြင့် ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့သည်။ ပြည်သူလူထုကြီး၏ ဒီမိုကရေစီတောင်းဆိုမှု သည် တဖြည်းဖြည်း အားကောင်းလာသည်။ အမှန်တရားကို မတားဆီးနိုင်။
ယနေ့ မြန်မာနိုင်ငံသည် ၁၉၈၈ မှသည် ၂၀၁၀ ပြည့်နှစ်အထိ ဒီမိုကရေစီခရီးကြမ်းကို လျှောက်လှမ်းခဲ့ရသည်။ ဒီမိုကရေစီမုန်တိုင်းထန်ထန်အကြားတွင် ဒေါ်အောင်ဆန်းစုကြည် သည်လည်း ပြည်သူတို့နှင့်အတူ အကြမ်းမဖက် ရေးမူဖြင့် တိုက်ပွဲဝင်ခဲ့သည်။ အကြိမ်ကြိမ်သော အရေးယူမှုများဖြင့် နှစ်ပေါင်း ၁၅ နှစ်ကျော်မျှ နေအိမ်အကျယ်ချုပ်ဘဝဖြင့် ကျခံခဲ့ရသည်။ ဒီမိုကရေစီရွေးကောက်ပွဲတွင် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်နိုင်ခွင့်မရှိအောင် နည်း မျိုးစုံဖြင့် ကြံဆောင်ခဲ့သည်။ ၂၀၁၀ ပြည့်အလွန် ဒီမိုကရေစီပထမဆုံးရွေးကောက်ပွဲကို ပါဝင်ခွင့် မရအောင် အချိန်ကိုက် ဖန်တီးခဲ့သည်။ သို့သော် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးသည် တားဆီး ၍မရနိုင်။
၂၀၁၅ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲသည် ပြည်သူတို့အောင်ပွဲဖြစ်သည်။ ပြည်သူ့ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရွေး ကောက်ပွဲတွင် ရာခိုင်နှုန်း ၈၀ နီးပါးဖြင့် ခိုင်မာ အားကောင်းသော အစိုးရတစ်ရပ်ကို ဖွဲ့စည်း နိုင်ခဲ့သည်။ ၂၀ဝ၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတ မဖြစ်သော်လည်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တာဝန်များဖြင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေး၊ ငြိမ်းချမ်းရေး ခရီးရှည် ကြီးကို ဆက်လက်လျှောက်လှမ်းလျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် ငြိမ်းချမ်း ရေးခရီးသည်
၁၅ နှစ်ကျော်မျှ နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ်ဆန်းပိုင်း၌ပင် အမြင့်ပျံငှက်လို အာရှနှင့်ဥရောပသို့ မိုင်ပေါင်းများစွာ ခရီးနှင် ခဲ့သည်။ အကျယ်ချုပ်ကျခံနေရစဉ်အတွင်း ကမ္ဘာအရပ်ရပ်ရှိ ဒီမိုကရေစီအားပေးသူအဖွဲ့အစည်းအသီးသီးနှင့် အစိုးရတို့က ပေးအပ်ထား သည့် ဆုများကို သွားရောက်လက်ခံယူခဲ့သည်။
လက်လှမ်းမီသမျှ တင်ပြရလျှင် ၂၀၁၂ မေ ၃၀ တွင် ထိုင်းနိုင်ငံ၊ ဇွန် ၁၄ ရက်တွင် ဂျီနီဗာ၊ ထိုမှတစ်ဆင့် နှစ်ပတ်ကြာ ဥရောပခရီးစဉ် ဖြစ်သော ဆွစ်ဇာလန်၊ နော်ဝေ၊ဗြိတိန်၊ ပြင်သစ် နှင့် အိုင်ယာလန်ခရီးစဉ်၊ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၅ တွင် ဟာဝိုင်ယီ၊ ဇန်နဝါရီ ၂၉ တွင် တောင် ကိုရီးယား၊ ဧပြီ ၁၃ ရက်တွင် ဂျပန်၊ ဧပြီ ၂၉ ရက်တွင် မွန်ဂိုလီးယား၊ စက်တင်ဘာ ၁၁ ရက်တွင် ပိုလန်၊ စက်တင်ဘာ ၁၃ ရက်တွင် ဟန်ဂေရီ၊ စက်တင်ဘာ ၁၄ ရက်တွင် ချက်သမ္မတ နိုင်ငံ၊ အောက်တိုဘာ ၁၉ ရက်တွင် ဘယ်လ်ဂျီယံ၊ အောက်တိုဘာ ၂၁ ရက်တွင် လူဇင်ဘတ်၊ အောက်တိုဘာ ၂၅ ရက်၌ ဗြိတိန်၊ အောက်တိုဘာ ၂၇ ရက်တွင် အီတလီ၊ နိုဝင်ဘာ ၂၇ ရက်တွင် သြစတြေးလျ၊ ဒီဇင်ဘာ ၁၁ ရက်တွင် ကာတာ နိုင်ငံတို့သို့ သွားရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်သည် ဒေါ်အောင်ဆန်းစုကြည် ခရီးမိုင်အများဆုံးနှင့် နိုင်ငံအများဆုံးသို့ သွားရောက်ခဲ့သည့် နှစ်လည်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ ဧပြီလ၌ ဂျာမနီသို့ သွားရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန် ၁၀ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့ သည်။
၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရဖြစ်လာသောအခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံ့အကြီးအကဲတစ်ဦး အနေဖြင့် အာဆီယံနိုင်ငံများအတွင်း လာအို နိုင်ငံသို့ ပထမဆုံးသွားရောက်ခဲ့သည်။ ထိုနှစ်က လာအိုသည် အာဆီယံအလှည့်ကျဥက္ကဌ တာဝန် ယူရသောနှစ်ဖြစ်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တစ်ဦးအနေဖြင့် ၂၀၁၆ ခုနှစ် မေ ၇ ရက်တွင် သွားရောက်ခြင်းလည်း ဖြစ် သည်။ ၂၀၁၆ ခုနှစ် ဇွန် ၂၃ ရက်တွင် ထိုင်းနိုင်ငံ သို့ ၃ ရက်ကြာခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်းလုပ်သား တို့ဘဝကို အထိုက်အလျောက် အကျိုးပြုနိုင် ခဲ့သော ခရီးစဉ်လည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ၂၀၁၇ ပြည်ပခရီးစဉ်
ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၇ ခုနှစ် အတွင်းသွားရောက်ခဲ့သော ပြည်ပခရီးစဉ်များ သည် ၂၀၁၂၊၂၀၁၃ နှစ်များဆီက ခရီးစဉ်များလို ပျားရည်ဆမ်းသော ခရီးများမဟုတ်။ ယင်းနှစ် များကဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီအိုက်ကွန်တစ်ခုလို ကောင်းချီးပေး ကြိုဆိုခြင်းခံရသည့် ခရီးစဉ်များဖြစ်ခဲ့သည်။ ၂၀၁၇ ခရီးစဉ်များမှာမူ နိုင်ငံတော်၏ တာဝန် ရှိခေါင်းဆောင်တစ်ဦးအနေဖြင့် သွားရောက် ရသော ခရီးစဉ်များဖြစ်သကဲ့သို့ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲကာလများတွင် တွေ့ရသည့် လူ့အခွင့်အရေးနှင့် အမျိုးသားရေးပွတ်တိုက်မှု များ၊ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် ကြုံတွေ့ရသည့်အခက်အခဲ များကို ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များ၌ အထင်းသားတွေ့မြင်နိုင်သည်။
၂၀၁၇ ခုနှစ် ဧပြီ ၂၈ ရက်တွင် ဖိလစ်ပိုင် နိုင်ငံ မနီလာသို့ အကြိမ် (၃၀)မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် သီးသန့်အစည်းအဝေး သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။ အစည်းအဝေးခေါင်းစဉ်က "ပြောင်းလဲမှုအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကမ္ဘာကြီးနှင့် ထိတွေ့ ဆက်ဆံခြင်း" Partnering for Change, Engaging the World ဖြစ်သည်။ ဗီယက်နမ် ဝန်ကြီးချုပ်နှင့်လည်း နှစ်နိုင်ငံကြားကိစ္စရပ် များ ဆွေးနွေးခဲ့သည်။
၂၀၁၇ ခုနှစ် ဧပြီ ၃၀ ရက်တွင် ဘယ်လ်ဂျီယံ၊ အီတလီ၊ ဗြိတိန် ဥရောပသုံးနိုင်ငံခရီးစဉ်ကို စတင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်သည် ဒီမိုကရေစီဖော်ဆောင် နေသော မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့မှု များနှင့် အလားအလာကောင်းများ ပွင့်လန်းလာ မည်ဟုယူဆခဲ့ကြသော်လည်း အင်န်အယ်လ်ဒီ အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ် အောက် တိုဘာ ၉ ရက်တွင် ဖြစ်ပွားလာသည့် ရခိုင်ပြည် နယ် ဘင်္ဂါလီပြဿနာက အစိုးရသစ်ကို စိန်ခေါ် လိုက်ပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မေ ၁ ရက်တွင် ဘယ်လ်ဂျီယံ ဘရပ်ဆဲလ်သို့ ရောက်ရှိသွားပြီး EU ဥရောပသမဂ္ဂဘက်က အထူးစိုးရိမ်မကင်းဖြစ်နေသည့် လူ့အခွင့်အရေး အခြေအနေများ၊ အထူးသဖြင့် ရခိုင်ပြည်နယ် ဘက်က အဖြစ်အပျက်များကို EU အပါအဝင် ဥရောပခေါင်းဆောင်များကို ရှင်းလင်းပြော ဆိုနိုင်ခဲ့သည်။ အင်န်အယ်လ်ဒီအစိုးရလက် ထက်တွင် ဥရောပနိုင်ငံအချို့၌ စစ်သံရုံးများ ပြန်လည်ဖွင့်လှစ်လာနိုင်ပြီး ၁၉၆၂ ခုနှစ်ကစ၍ မြန်မာခေါင်းဆောင်များ ဥရောပသို့ ခရီးမဆန့် နိုင်ခြင်းကို ပြန်လည်ကုစားနိုင်လိမ့်မည်ဟု မျှော်လင့်မှုများလည်း ထွက်ပေါ်ခဲ့သည်။
ဘယ်လ်ဂျီယံတွင်ရှိနေစဉ်အတွင်း ဥရောပ ကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တပ်ခ်အပါအဝင် အီးယူ တာဝန်ရှိသူများ၊ ဘယ်လ်ဂျီယံဘုရင်တို့နှင့် တွေ့ဆုံခဲ့ပြီး တိုင်းရင်းသားများနှင့် ပြန်လည် ရင့်ကြားစေ့ရေး၊ ရခိုင်ပြည်နယ်အရေးတို့ကို ဆွေးနွေးခဲ့သည်။ ထိုအချိန်က ရခိုင်ပြည်နယ် နှင့်ပတ်သက်သောစွပ်စွဲချက်များရှိနေပြီး သီးခြား လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့ကိုစေလွှတ်ရန် အီးယူက အဆိုပြု ထားချိန်လည်း ဖြစ်သည်။ ယင်းအဆိုကို အမေရိ ကန်ပြည်ထောင်စုကလည်း ထောက်ခံထားသည်။
၂၀၁၇ ခုနှစ် မေ ၂ ရက်တွင် ဥရောပ ကောင်စီဒုတိယအကြီးအကဲလည်းဖြစ်၊ နိုင်ငံ ခြားရေးရာနှင့် လုံခြုံရေးမူဝါဒရေးရာအကြီးအကဲ Federica Mogherini တို့ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် မြန်မာ့ဒီမိုက ရေစီအသွင်ကူးပြောင်းရေးလုပ်ငန်း၊ ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ဥရောပသမဂ္ဂဘက်က မည်သည့် အရပ်ဘက်အကူအညီများ ပေးအပ်နိုင်မည်ကို ဆွေးနွေးခဲ့ကြောင်း ပြောဆိုခဲ့သည်။
ဆိုရလျှင် ရခိုင်အရေး ဘင်္ဂါလီပြဿနာ သည် အကြောင်းတိုက်ဆိုင်မှုတစ်ခုကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်။ ထိုအချိန်ကပင် စနစ်တကျ အကွက်ချ ဆောင်ရွက်နေခြင်းဖြစ် သည်ကို တင်ပြလိုရင်းဖြစ်သည်။ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ရခိုင် ပြည်နယ်မှ မတည်မငြိမ်ဖြစ်နေသည့်ဒေသသို့ သတင်းထောက်များကို လွတ်လပ်စွာ သတင်း ယူခွင့်ကန့်သတ်ထားသည့်အခြေအနေ၊ နောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဘယ့် ကြောင့် လျစ်လျူရှုထားပါသလဲဆိုသည့် မေး မြန်းမှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ဖြေကြား ခဲ့သည်။
"ကျွန်မတို့ ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကို နားလည်ဖို့လိုပါတယ်။ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်ကမလှုပ်သာ မလှည့် သာ အခြေအနေမျိုးရှိနေတာပါ။ လူမှုအသိုင်း အဝိုင်းနှစ်ခုစလုံးက တစ်ဖက်နဲ့တစ်ဖက် မယုံ ကြည်ကြတာဟာဆိုရင် ဆယ်စုနှစ်တွေနဲ့ချီပြီး ရှိခဲ့တာပါ။ ရခိုင်ပြဿနာက ၁၈ ရာစုကတည်း ကပါ။ ဒါကို တစ်နေ့တည်း၊ တစ်ညတည်း တစ်ထိုင်တည်းနဲ့ ဖြေရှင်းလို့ မရပါဘူး။ အချိန် ပေးဖို့ ကျွန်မတို့ ပြောနေတာပါ။ အဓမ္မပြုကျင့်မှု တွေ၊ လူသတ်မှုတွေ၊ ပြန်ပေးဆွဲတာတွေစတဲ့ စွပ်စွဲချက်တွေကို ကျွန်မတို့လျစ်လျူရှု မထား ပါဘူး။ လူတိုင်းကို တိုင်ကြားခွင့်ပေးထားတာပါ။ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့သူတွေ အားလုံးက ဒီအခြေအနေတွေကို နားလည်ကြပါတယ်။ မောင်တောဒေသအတွင်းမှာ သတင်းထောက် အဖွဲ့တွေကို နှစ်ကြိမ်တိုင်တိုင် သတင်းရယူခွင့် ပေးခဲ့ပြီး ဒီနှစ်ကြိမ်စလုံးမှာလည်း ဖြေကြားခဲ့ ကြတဲ့ ဒေသခံတွေသတ်ဖြတ်ခံရတာ ရှိပါ တယ်" ဟု ဖြေကြားခဲ့သည်။ ကုလသမဂ္ဂ လူ့ အခွင့်အရေးကော်မရှင်က ရခိုင်ပြည်နယ်အတွင်း စုံစမ်းရေးကော်မရှင်စေလွှတ်ရန် ဆုံးဖြတ်ချက် ကို မြန်မာအစိုးရဘက်က လက်မခံနိုင်သည့်အခြေ အနေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က-
"စုံစမ်းရေးအဖွဲ့စေလွှတ်ဖို့ဆိုတဲ့ ကုလဆုံး ဖြတ်ချက်ကို ကျွန်မတို့အနေနဲ့ ပူးပေါင်းဆောင် ရွက်မှာမဟုတ်ပါဘူး။ ဒီဆုံးဖြတ်ချက်က တကယ့် အဖြစ်အပျက်တွေနဲ့ ကိုက်ညီတယ်လို့ ကျွန်မတို့ မထင်ပါဘူး။ ကျွန်မအရင်က ပြောခဲ့ သလိုပါပဲ။ ဒေါက်တာအာနန်ရဲ့ အကြံပြုချက် တွေကို လုံးဝလက်ခံပါတယ်။ဘာကြောင့်လဲ ဆိုတော့ သူ့ကော်မရှင်က ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားပြီး အချက်အလက်စုဆောင်းပြီး တွေ့ခဲ့ရတဲ့ အခြေအနေမှန်တွေအပေါ် အခြေခံ ပြီး အဆိုပြုတာကြောင့်ပါ။ အဆိုပြုချက်တွေ အနေနဲ့ မြေပြင်အခြေအနေမှာ တကယ်တမ်းလို အပ်ချက်တွေဖြစ်တယ်ဆိုရင် ကျွန်မတို့အနေနဲ့ ကျေကျေ နပ်နပ်လက်ခံ ဆောင်ရွက်မှာပါ။ ဒါပေမဲ့ ဒီအဆိုပြုချက်တွေက ရခိုင်ပြည်နယ်က လူမှုအသိုင်းအဝိုင်းနှစ်ခုကို နောက်ထပ် ကွဲပြား မှုတွေ ဖြစ်စေမယ်ဆိုရင်တော့ ကျွန်မတို့အနေနဲ့ လက်သင့်ခံမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တစ်ချိန်လုံး တင်းမာမှုတွေ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့ အထောက်အကူဖြစ်မှာ မဟုတ်လို့ပါ" ဟု ပြောဆိုခဲ့သည်။
မေလ ၄ ရက်တွင် ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့်တွေ့ဆုံပြီး ဗာတီကန်နှင့် မြန်မာနိုင်ငံအကြား သံတမန် ဆက်ဆံရေး စတင်ထူထောင်ပြီဖြစ်ကြောင်း ကြေညာနိုင်ခဲ့သည်။ မေလ ၄ ရက်တွင် နှစ်ရက်ကြာ အီတလီခရီးစဉ်ကို အဆုံးသတ်ပြီး ဗြိတိန်သို့ဆက်လက်ထွက်ခွာခဲ့သည်။ မေလ ၅ ရက်တွင် ဗြိတိန်ဘုရင်မကြီးနှင့် တွေ့ဆုံခဲ့ သကဲ့သို့ အိမ်ရှေ့မင်းသား ချားလ်နှင့်လည်း တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်
အင်န်အယ်လ်ဒီအစိုးရသစ်တာဝန်ကို မယူမီကပင် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ အနေဖြင့် တရုတ်နိုင်ငံသို့ ၂၀၁၅ ခုနှစ် ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိ တစ်ကြိမ်သွားရောက်ခဲ့ ဖူးသည်။ ထိုအချိန်က တရုတ်-မြန်မာနယ်စပ်တွင် ကိုးကန့်စစ်ပွဲကြောင့် မကျေမလည်ရှိနေချိန်၊ တရုတ်တို့က မြန်မာနယ်စပ်တွင် စစ်ရေးလေ့ကျင့် အင်အားပြနေသည့် အချိန်လည်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်မတိုင်မီ ဧပြီလကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယခေါင်းဆောင် သူရ ဦးရွှေမန်းသည် တရုတ်ကွန်မြူနစ်ပါတီ၏ဖိတ် ကြားမှုဖြင့်သွားရောက်ခဲ့ကာ တရုတ်သမ္မတနှင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စများ ဆွေးနွေးခဲ့ သေးသည်။
ဆိုရလျှင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ တရုတ်ခရီးစဉ်သည် တရုတ်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသောဆက် ဆံရေး တည်ဆောက်လိုကြောင်း ပြသခဲ့သည့် ခရီးစဉ်အဖြစ် သုံးသပ်မှုများရှိခဲ့သည်။ ဇွန် ၁၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် တရုတ်သမ္မတရှီကျင့်ဖျင်က-
"အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် တရုတ် -မြန်မာ သံတမန်ဆက်ဆံရေးစတင်ထူထောင် ခဲ့သည်မှာ ၆၅ နှစ် ရှိခဲ့ပြီဖြစ်သည့်တိုင် နှစ်နိုင်ငံ ကြားရင်းနှီးမှုမှာ မပြောင်းလဲဘဲ ပူးပေါင်းဆောင် ရွက်မှုများမှတစ်ဆင့် အကျိုးအမြတ်များ ခံစား ခဲ့ကြရပြီဖြစ်ပြီး နှစ်နိုင်ငံကြား တည်ရှိနေသည့် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆက် လက်တည်တံ့သွားစေချင်ကြောင်း၊ မြန်မာ ပြည်တွင်း အခြေအနေများ အပြောင်းအလဲ မည်သို့ပင်ရှိပါစေ တရုတ်နိုင်ငံနှင့် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုမျိုးကို မြန်မာဘက်က အစဉ်တစိုက် ထိန်းသိမ်းဆောင်ရွက်မည်ဟု လည်း တရုတ်ဘက်က မျှော်လင့်ယုံကြည်ထား ကြောင်း၊ တရုတ်ဘက်ကမြန်မာနှင့် မဟာဗျူဟာ မြောက် ရေရှည်ဆက်ဆံရေးကို အမြဲရှေးရှု ဆောင်ရွက်နေကြောင်း" ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က"ပါတီနှစ်ရပ် ကြားနှင့်နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေး ပိုမိုခိုင်မာလာရေးအတွက် ရှေ့တိုးဆောင်ရွက် နိုင်ရန် မျှော်လင့်ကြောင်း" ပြန်လည်ပြောဆိုခဲ့ သည်ဟု တရုတ်သတင်းဌာန CCTV က ဖော်ပြခဲ့သည်။ ခရီးစဉ်တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်များ ဖြစ်ကြသည့် ဦးဖြိုးမင်းသိန်းနှင့် ဦးဖြိုးဇေယျာ သော်တို့လည်း လိုက်ပါသွားခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၇ ရက်မှ ၂၀ ရက်အထိ ဒေါ်အောင်ဆန်းစုကြည် သွားရောက် ခဲ့သော ခရီးစဉ်သည် အင်န်အယ်လ်ဒီအစိုးရ အကြီးအကဲတစ်ဦးအနေဖြင့် တရုတ်နိုင်ငံသို့ ပထမဆုံးသွားရောက်သည့် ခရီးစဉ်လည်း ဖြစ်ရာ တရုတ်တို့နှင့် ဆက်လက်ဆွေးနွေးဖြေ ရှင်းရမည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနှင့် ပြည်သူ့ဆန္ဒသဘောထားကို ထင်ဟပ်နိုင်မည့် အကြောင်းအရာများကို ဆွေးနွေးဖွယ်ရှိသည်ဟု ခန့်မှန်းပြောဆိုခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏တရုတ်နိုင်ငံ ခရီးစဉ်မတိုင်မီ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ဧရာဝတီ-မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် အစီရင်ခံတင်ပြရန် ညွှန်ကြားထားခဲ့သည်။
တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ သွား ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း အဓိကဆွေးနွေးနိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ အမေရိကန်အခြေစိုက် Stimson သုတေသနဌာန တရုတ်မူဝါဒရေးရာ ကျွမ်း ကျင်သူ Yun Sun က ဗွီအိုအေသို့ ယခုကဲ့သို့ သုံးသပ်ပြောဆိုခဲ့သည်။
"တရုတ်နဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေးမှာ မဖြစ်မနေဆွေးနွေးရမယ့် ကိစ္စနှစ်ခု ရှိနေပါတယ်။ ပထမတစ်ခုက စီးပွားရေးတိုးတက်ဖို့ တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်ဖို့ လိုအပ်နေပြီး အဲဒီအတွက် တရုတ်ရဲ့ ပံ့ပိုးကူညီမှုအခန်းကဏ္ဍကို နှစ်ဖက်စလုံးက နားလည်ပါတယ်။ ဒါကြောင့် သြဂုတ်လလယ်မှာ သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ် နိုင်ငံခရီးစဉ်အတွင်း ဦးစားပေးဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ဒီကိစ္စဟာ ထိပ်ဆုံးက ရှိနေပါတယ်။ ဒုတိယဦးစားပေး ဆွေးနွေးမည့် ကိစ္စသည် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး တည်ဆောက်နေသည့်အပိုင်း ဖြစ်ပြီး သြဂုတ်လ ၃၁ ရက်၌ ကျင်းပမည့် (၂၁) ရာစုပင်လုံညီလာခံ မတိုင်မီနှစ်ပတ်အလိုတွင် တရုတ်သို့ သွား ရောက်ခြင်းဖြစ်၍ တိုင်းရင်းသားများနှင့် အမျိုး သားပြန်လည်ရင်ကြားစေ့ရေးကိစ္စလည်း ပါဝင် မည်ဟု ထင်ကြေးပေးပြောဆိုခဲ့သည်။
မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍လည်း ]မြစ် ဆုံဆည်စီမံကိန်းပြန်စဖို့ဆိုတာ မဖြစ်နိုင်တော့ ဘူးဆိုတာ ကျွန်မတို့ သိပါတယ်။ ဒီစီမံကိန်းကို ဖျက်သိမ်းဖို့ ဖြစ်နိုင်ခြေများနေပါပြီ။ တရုတ် အစိုးရဘက်ကလည်း ဒီလိုဖျက်သိမ်းမယ့် ကိစ္စကို ကောင်းတဲ့ထွက်ပေါက်အဖြစ် သဘောတူ လိမ့်မယ်လို့ ကျွန်မမြင်ပါတယ်။ ဒါပေမဲ့ အရေး ကြီးဆုံးမေးခွန်းကတော့ စီမံကိန်းဖျက်သိမ်းမယ့် အတွက် ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စဟာ အင်န်အယ်လ်ဒီအစိုးရ အတွက် ဖြေရှင်းဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဟု ပြောဆိုခဲ့သည်။ ထို့အပြင် မြန်မာအစိုးရတွင် မြစ်ဆုံဆည်စီမံကိန်းကို အပြီးအပိုင်ဖျက်သိမ်း ရန် တရားဝင်လုပ်ပိုင်ခွင့်ရှိနေကြောင်း၊ သို့သော် လည်း အင်န်အယ်လ်ဒီအစိုးရအနေဖြင့် တရုတ် ဘက်က ကျေနပ်လောက်သည့် ငွေကြေးအရ ပြန်လည်ပေးလျော်ရမည့် ပမာဏကိုလည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း Yun Sun က ပြောဆိုခဲ့သည်။
၂၀၁၆ ခုနှစ် သြဂုတ် ၁၈ ရက်၌ တရုတ် ဝန်ကြီးချုပ် လီခေ့ချန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့တွေ့ဆုံမှုတွင် ၂၀၁၁ ခုနှစ်က ရပ် ဆိုင်းခဲ့ရသော မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး မြန်မာအစိုးရအနေဖြင့် သင့်တင့်လျောက်ပတ် သော အဖြေတစ်ရပ်ရှာဖွေရန် မြန်မာအစိုးရအား တိုက်တွန်းကြောင်း ပြောဆိုခဲ့ပြီး ဒေါ်အောင် ဆန်းစုကြည်ကလည်း မြစ်ဆုံကိစ္စသင့်တင့် မျှတစွာအဖြေရှာရန် စုံစမ်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်နေကြောင်း ပြောဆိုခဲ့သည်။
ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်ခဲ့ရသည်
တရုတ်နိုင်ငံ ပေကျင်းတွင် ကျင်းပသော One Belt and One Road - OBOR Forum သို့တက်ရောက်ရန် ၂၀၁၇ ခုနှစ် မေ ၁၄ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ရေး ပုဂံဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးအကူအညီပေးရေး အပါအဝင် သဘောတူညီချက်ငါးခုကို လက်မှတ်ရေးထိုး နိုင်ခဲ့သည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၃၀ တွင် တရုတ် အစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်သည် အစိုးရသစ်လက်ထက် တတိယအကြိမ် သွား ရောက်ခြင်းလည်း ဖြစ်သည်။ ယခုခရီးစဉ်သည် ရခိုင်ပြည်နယ်၌ တစ်ကျော့ပြန်ဖြစ်ပွားလာသော ARSA အစွန်းရောက် အကြမ်းဖက်မှု ဖြစ်စဉ် များအရေးတွင် မြန်မာတို့ဘက်မှ တရုတ်တို့၏ ရပ်တည်ပေးမှုနှင့် ပေကျင်းမြို့၌ ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေး ပါတီများ၏ အဆင့်မြင့်ခေါင်းဆောင်များအကြား ဆွေးနွေးပွဲကိုတက်ရောက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တရုတ်နိုင်ငံကို သွားရောက်ခြင်း လည်းဖြစ်သည်။
နိုင်ငံတကာမှ နိုင်ငံပေါင်း ၁၂၀ က ပါတီ ခေါင်းဆောင်ပေါင်း ၂၀ဝ ခန့်တက်ရောက်ခဲ့ သည့်အခမ်းအနားတွင် ဒေါ်အောင်ဆန်း စုကြည်အား အထူးဧည့်သည်တော်အဖြစ်တက် ရောက်ရန် ဖိတ်ကြားခဲ့ခြင်းလည်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရုတ်ကွန် မြူနစ်ပါတီနှင့် နိုင်ငံတကာမှ နိုင်ငံရေးပါတီ များ၏ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲသို့တက်ရောက်ခြင်းအားဖြင့် ကမ္ဘာ က အာရုံစိုက်ခြင်းခံနေရသည့် ရခိုင်အရေး ကိစ္စတွင် မြန်မာနိုင်ငံ၏ရပ်တည်ချက် သဘော ထားနှင့် ကိုင်တွယ်ဖြေရှင်းနေမှုများကို နိုင်ငံ တကာနှင့် ဒေသတွင်းခေါင်းဆောင်များအား ရှင်းပြနိုင်သည့် အခွင့်အရေးတစ်ခုရခဲ့ခြင်း လည်း ဖြစ်သည်။
ထို့ပြင် ရခိုင်အရေးပေါ်ပေါက်ခဲ့ပြီးနောက် ပိုင်း မြန်မာအပေါ် ဥရောပနှင့် အနောက်နိုင်ငံ များ၏ ဖိအားပေး အကျပ်ကိုင်ခံနေရသည့် အချိန်တွင် မြန်မာနှင့်အတူ တရုတ်တို့၏ရပ် တည်ပေးမှုသည် တရုတ်-မြန်မာချစ်ကြည်ရေး နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံ အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင် ရွက်မှုများတွင် ပိုမိုနီးကပ်သောဆက်ဆံရေးသို့ ဦးတည်လာနေပြီဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ် အတွင်း ဒေါ်အောင်ဆန်းစုကြည်သွားရောက် ခဲ့သည့် ပြည်ပခရီးစဉ်များသည် ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်ခဲ့ရသည့် ခရီးစဉ် များလည်းဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။
ရည်ညွှန်း -
၂၀၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော သတင်းစာ၊ ဂျာနယ်၊ အွန်လိုင်းမီဒီယာများနှင့် ဗွီအိုအေမြန်မာပိုင်းအစီအစဉ်မှ ထုတ်လွှင့်ချက် များကို အခြေခံလျက် ကောက်နုတ်ရေးသား ပါသည်။












