အာဖရိကရှိ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း
၂၀၁၇ ခုနှစ်သည် အာဖရိကနိုင်ငံတချို့အတွက် ရှိပြီးသား ဒုက္ခများကို ဆက်လက်ခံစားခဲ့ရသည့် နှစ် ဖြစ်ခဲ့သည်။ ခံစားနေရသည့်ဒုက္ခများ တိုးမသွားဘဲ ပို၍ပင် တိုးပွားလာခဲ့သည်။ အစောပိုင်းတွင် လက်နက် ဘေးကြောင့် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရ သည်။ လုပ်လက်စအလုပ်များ ၊ လယ်ယာကိုင်းကျွန်း တို့ပစ်ထားပြီး ထွက်ပြေးကြရခြင်းဖြစ်သောကြောင့် အစားအစာမရရှိဘဲ အငတ်ဘေးဖြစ်သည်။ အငတ် ဘေးပြီးနောက်မှာ ဝမ်းရောဂါများ ဖြစ်ကြပြန်သည်။
၂၀၁၈ ခုနှစ်အတွက် လူသားချင်းစာနာထောက် ထားအကူအညီအဖြစ် ဒေါ်လာ ၂၂ ဒသမ ၅ ဘီလီယံထောက်ပံ့ပေးရန် ကုလသမဂ္ဂက ကမ္ဘာ့နိုင်ငံ များကို တောင်းဆိုခဲ့ရသည်။ ကမ္ဘာပေါ်တွင် အကူ အညီလိုအပ်နေသူ ၁၃၆ သန်းအနက် ၉၁ သန်းကို ကူညီပေးရန် ကုလသမဂ္ဂက ရန်ပုံငွေတောင်းဆို လိုက်ခြင်းဖြစ်သည်။ ဆီးရီးယားနှင့် ယီမင်တို့ရှိ လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်း များအတွက် ဒေါ်လာ ၁၀ ဘီလီယံကျော်လိုအပ် မည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ အာဖရိကနိုင်ငံများကို အကူအညီပေးရန် ငွေကြေးအမြန်ဆုံးလိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောဆိုခဲ့သည်။
အာဖရိကနှင့် အရှေ့အလယ်ပိုင်းတို့ရှိ ပဋိပက္ခ များကြောင့် လူသားချင်းစာနာထောက်ထားအကူအညီ လိုအပ်သူ ဦးရေသည် ယခင်ကထက် ငါးရာခိုင်နှုန်း ကျော် တိုးလာခဲ့ကြောင်း ကုလသမဂ္ဂ၏ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ယမန်နှစ်က တောင်းဆိုခဲ့သည့် ပမာဏထက် တစ်ရာခိုင်နှုန်းသာ တိုးလာခြင်းဖြစ် သည်။ နိုဝင်ဘာလအကုန်ပိုင်းတွင် ကုလသမဂ္ဂသည် လိုအပ်သော ရန်ပုံငွေများအနက် ဒေါ်လာ ၁၃ ဘီလီယံကို စုဆောင်းနိုင်ခဲ့သည်။ တောင်းဆိုသော ရန်ပုံငွေများ၏ သုံးပုံတစ်ပုံကျော်ကို ပြည်တွင်းစစ် ဖြစ်ပွားနေသည့် ဆီးရီးယားအတွက် အသုံးပြုမည်ဖြစ် သည်။ ဆီးရီးယား ပြည်တွင်း၌ အကူအညီပေးရန် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံလိုအပ်ပြီး ဆီးရီးယား ဒုက္ခသည် ၅ ဒသမ ၄ သန်းကိုလက်ခံထားသည့် အိမ်နီးချင်းနိုင်ငံများအတွက် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံလိုအပ်မည်ဖြစ်သည်။
ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး လူသားချင်းစာနာ ထောက်ထားမှုအကျပ်အတည်းကြုံနေရသည့် ယီမင်၌ အကူအညီပေးရန် ဒေါ်လာ ၂ ဒသမ ၅ သန်းလိုအပ် မည်ဖြစ်သည်။ ယင်းငွေပမာဏသည် အရေးပေါ် အကူအညီလိုအပ်နေသည့်ယီမင်ရှိ လူသန်း ၂၀ ၏ ထက်ဝက်ခန့်ကိုသာ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ အကူအညီလိုအပ်သူများအနက် ၁၁ သန်းသည် ကလေးငယ်များဖြစ်ပြီး ယင်းတို့အနက် ၄၀ဝ၀ဝ၀ သည် အလွန်အမင်းအာဟာရချို့တဲ့နေသည်။ ကွန်ဂို၊ အီသီယိုးပီးယား၊ နိုင်ဂျီးရီးယား၊ ဆိုမာလီယာ၊ တောင် ဆူဒန်နှင့် ဆူဒန်တို့ရှိ စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီရန် ဒေါ်လာဘီလီယံပေါင်းများစွာ လိုအပ်ဦးမည် ဖြစ်သည်။
အရေးပေါ်အကူအညီလိုအပ်နေသည့် နိုင်ငံ အချို့ရှိ အခြေအနေများကို စေ့ငုဖော်ပြလိုက်ရပါ သည်-
ကွန်ဂိုဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ
ကွန်ဂိုဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ၂၀၁၇ ခုနှစ် အတွင်း၌ပင် နေအိမ်များကိုစွန့်ခွာထွက်ပြေးသူ ၁ ဒသမ ၇ သန်းရှိနေကြောင်း ပရဟိတအဖွဲ့များက ဆိုထားသည်။ ကွန်ဂိုသည် ကမ္ဘာပေါ်တွင် ပဋိပက္ခကြောင့် စွန့်ခွာထွက်ပြေးသူအများဆုံးနှင့် အခြေအနေ အဆိုး ရွားဆုံးနိုင်ငံဖြစ်နေသည်မှာ နှစ်နှစ်ဆက်တိုက်ရှိနေပြီဖြစ်သည်။ ကွန်ဂို၌ ပြည်သူ့စစ်အဖွဲ့မျိုးစုံသည် နယ်မြေများကို ထိန်းချုပ်နိုင်ရေးအတွက် တိုက်ခိုက် မှုများကို ပြုလုပ်နေသည်။ ထို့ပြင် ယမန်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသောကြောင့် အခြေ အနေများ ပိုမိုဆိုးရွားလာခဲ့သည်။ ကွန်ဂိုသည် လူ သားများဖန်တီးသည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရ ကြောင်း ကုလသမဂ္ဂက ပြောဆိုခဲ့သည်။ လက်နက်ကိုင် ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်သူဦးရေ သည် ဆီးရီးယား၊ ယီမင်နှင့်အီရတ်ကိုပင် ကျော်တက် သွားပြီဖြစ်ကြောင်း နော်ဝေဒုက္ခသည်ကောင်စီ၏ ကွန်ဂိုဆိုင်ရာကိုယ်စားလှယ် အူရီကာဘလွမ်းက ပြောဆိုခဲ့သည်။
ကွန်ဂို၌ ယခုနှစ်အတွင်း လူ ၅၀ဝ၀ ခန့် နေအိမ် များကို နေ့စဉ်စွန့်ခွာထွက်ပြေးနေရကြောင်း ပြည်တွင်း စစ်ဘေးရှောင် ဒုက္ခသည်စောင့်ကြည့်ရေးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြည်တွင်းစစ်ဘေး ရှောင်ဒုက္ခသည် လေးသန်း၊ အစားအစာရရှိရေး အခက်ကြုံနေသူခုနစ်သန်းရှိနေသော်လည်း နိုင်ငံ တကာအကူအညီများကို လိုအပ်သလောက် မရရှိဟု ဘလွမ်းက ဆိုခဲ့သည်။
ဘလွမ်း၏ ပြောဆိုမှုကို စောဒကတက်သူက ကွန်ဂိုအစိုးရအရာရှိကြီးတစ်ဦးဖြစ်သည်။ နေအိမ် များကို စွန့်ခွာထွက်ပြေးသူဦးရေသည် တစ်သန်း လောက်ပင်မရှိကြောင်း၊ ကုလသမဂ္ဂသည် ချဲ့ကား ပြောဆိုနေကြောင်း ကွန်ဂိုပြန်ကြားရေးဝန်ကြီး လမ် ဘတ်မန်ဒဲက ပြောဆိုခဲ့သည်။ ဒုက္ခသည်ဦးရေ များ ပြားနေသည်မှာ မဟုတ်၊ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် စစ်ဘေးရှောင်ပြည်သူ များစွာ ပြည်တော်ပြန်လာပြီဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးက ဆိုခဲ့သည်။
ကွန်ဂိုသည် သတင်းမီဒီယာများသွားရောက်ရန် ခက်ခဲသောနေရာဖြစ်ခြင်းကြောင့် နိုင်ငံတကာမီဒီယာ များသည် ကွန်ဂို၌ ဖြစ်ပျက်နေသည်များကို တစ်ကမ္ဘာ လုံးသိရှိရေး ဖော်ပြရန် အခက်အခဲရှိနေသည်။ ကွန်ဂို အကျပ်အတည်းသည် ဆီးရီးယား၊ ဆိုမာလီယာ အရေးတို့ကဲ့သို့ အာရုံမစိုက်ခံရဟုဆိုလျှင် မှားမည် မဟုတ်ချေ။ ကွန်ဂိုသည် စီးပွားရေးဆိုင်ရာ အရင်း အမြစ်များ ပြွေါကယ်သောနိုင်ငံဖြစ်သော်လည်းနှစ် ပေါင်းများစွာကြာ ပဋိပက္ခများဖြစ်ပွားခဲ့မှုကြောင့် နိုင်ငံသားများသည် ဆင်းရဲမွဲတေကာ အခြေခံ အဆောက်အအုံကောင်းမွန်အောင် တည်ဆောက် ရေးအခက်အခဲရှိခဲ့သည်။ ၂၀ဝ၁ ခုနှစ်မှစပြီး သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည့် ဂျိုးဇက်ကာဘီလာသည် ရွေးကောက်ပွဲနှစ်ကြိမ် အနိုင်ရရှိခဲ့ပြီးဖြစ်ကာ တတိယ သက်တမ်းကို ဆက်လက်ထမ်းဆောင်ခွင့်ရရှိရေး ကြိုးပမ်းနေသည်။ ကာဘီလာသည် သမ္မတအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရရှိရေးအတွက် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကို ရွှေ့ဆိုင်းထား ခြင်း ဖြစ်ကြောင်း အတိုက်အခံများက ပြောဆိုခဲ့သည်။ ယမန်နှစ်တွင် နိုင်ငံအလယ်ပိုင်း ကာဆိုင်းဒေသရှိ ဒေသဆိုင်ရာခေါင်းဆောင်တစ်ဦးကို အစိုးရက အသိ အမှတ်မပြုခဲ့ပြီးနောက် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ကာဆိုင်းဒေသအတွင်း ပဋိပက္ခများကြောင့် လူ ၄၀ဝ ကျော် အသတ်ခံခဲ့ရပြီးဖြစ်သည်။
ဆိုမာလီယာအငတ်ဘေး
ဆိုမာလီယာသည် သက်တမ်းနုသေးသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဗြိတိန်လက်အောက်ခံနှင့် အီတလီ၏ ကိုလိုနီပြုကျင့်ခံခဲ့ရသော နိုင်ငံဖြစ်သည်။ ၁၉၆၀ ပြည့်နှစ်မှ ဆိုမာလီယာဟူ၍ ပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်သည်။ သမ္မတဆာယစ်ဘာရဲ၏ စစ်အစိုးရကို ဖြုတ်ချနိုင်ခဲ့သည့် ၁၉၉၁ ခုနှစ်မှစပြီး ဆိုမာလီယာ၌ သွေးမြေကျမှုကြီးများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်ခဲ့ သည်။
စစ်ဘုရင်မျိုးစုံတို့က နိုင်ငံကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းသည်။၂၀ဝ၀ပြည့်နှစ်တွင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံ တကာ၏ အသိအမှတ်ပြုခြင်း ခံထားရသည့် အစိုးရ သည် နိုင်ငံကိုထိန်းချုပ်နိုင်ရေး ရုန်းကန်နေရသည်။ အတော်လေးကို ငြိမ်းချမ်းသည်ဟု ဆိုနိုင်သည့် ဆိုမာလီလန့်ဒ်နှင့် ပန့်တ်လန့်တို့သည် ဆိုမာလီယာမှ ခွဲထွက်ခဲ့ကြပြီးဖြစ်သည်။ နိုင်ငံတကာ၏ထောက်ခံမှု ရသော အစိုးရသစ်တစ်ရပ်ကို ၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့ပြီးနောက် ဆိုမာလီယာသည် တည်ငြိမ်မှု ဘက်သို့ တဖြည်းဖြည်း ရှေးရှုလာခဲ့သည်။ သို့သော် အစိုးရသစ်၏အာဏာကိုဖီဆန်မည့် အင်အားစု တစ်ခုပေါ်ပေါက်လာခဲ့သည်။ ယင်းမှာ အယ်လ်ခိုင်ဒါ အကြမ်းဖက်အဖွဲ့ကို ထောက်ခံသည့် အယ်လ်ရှာဘတ် သူပုန်အဖွဲ့ပင်ဖြစ်သည်။ အယ်လ်ရှာဘတ်သူပုန်များ သည် ဆိုမာလီယာအစိုးရကို ဖြုတ်ချနိုင်ရေးကို သာမက အိမ်နီးချင်းကင်ညာနိုင်ငံထဲသို့ မကြာခဏ ဝင်ရောက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို ပြု လုပ်ခဲ့သည်။ အာဖရိကသမဂ္ဂဦးဆောင်သော အဖွဲ့များ ၏တိုက်ထုတ်မှုကြောင့် အယ်လ်ရှာဘတ်သူပုန်များ သည် မြို့တော် မိုဂါဒစ်ရှူးမှ ၂၀၁၁ ခုနှစ် သြဂုတ် ၌ ဆုတ်ခွာခဲ့ရသည်။
နိုင်ငံတစ်နိုင်ငံ၌ အငတ်ဘေးကြုံပြီဆိုလျှင် ဦးစွာ ဒုက္ခသည်ရောက်သည်မှာ ကလေးငယ်များ၊ အမျိုးသမီး များနှင့် သက်ကြီးရွယ်အိုများဖြစ်သည်။ ဆိုမာလီယာ ၌ အငတ်ဘေးကြုံလုနီးရှိနေပြီဟု ပရဟိတအဖွဲ့များ က ဆိုကြသည်။ ၂၀၁၇ ခုနှစ်အတွင်း အာဟာရအလွန် အမင်းပြတ်လပ်သည့် ကလေး ၁ ဒသမ ၄ သန်းရှိနေ ကြောင်း ယူနီဆက်ဖ်ကဆိုထားသည်။ ယင်းကလေး ငယ်များအနက် ၂၇၅၀ဝ၀ သည် အသက်အန္တရာယ် စိုးရိမ်နေရသည်။ တချို့သည်လည်း အားအင်ချည့်နဲ့ လွန်းသောကြောင့် စာသင်ကျောင်းပင်မသွားနိုင်ဘဲ ရှိခဲ့သည်။ အစားအစာပြတ်လပ်မှုကြောင့် အားနည်း နေသူများသည် ရောဂါဝင်ပြီး သေလုနီးပါးအခြေ အနေသို့လည်း ဆိုက်ရောက်နေသည်။
၂၀၁၇ ခုနှစ် ပထမလေးလတွင် ဝမ်းရောဂါဖြစ် ပွားသူ ၂၅၀ဝ၀ ခန့်ရှိခဲ့ပြီး ဇွန်တွင် ယင်းဦးရေနှစ်ဆ တိုးကာ ၅၄၀ဝ၀ အထိ ရှိလာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက ပြောဆိုခဲ့သည်။ လူ ၅၀ဝ နီးပါးသည် လည်း ဝမ်းရောဂါကြောင့် သေဆုံးခဲ့ပြီးဖြစ်သည်။ လူသားများချည်းသာ ဒုက္ခရောက်နေသည်မဟုတ်ပါ။ ဆိုမာလီလန့်ဒ်၌ ကြက်ဘဲနှင့် ကျွဲ၊ နွား ရာခိုင်နှုန်း၈၀ သေဆုံးခဲ့ပြီးဖြစ်သည်။ ကြက်ဘဲနှင့် ကျွဲနွားများသည် ဆိုမာလီယာစီးပွားရေးအတွက် အသက်သွေးကြော ဖြစ်သည်။ ဆိုမာလီလန့်ဒ်နှင့် အနီးအနားရှိ ဂျီဘိုတီတို့ သည် ပင်လယ်ကွေ့နိုင်ငံများသို့ ကြက်ဘဲနှင့် ကျွဲနွား များကို ယခင်က အများဆုံးတင်ပို့နိုင်ခဲ့သည်။ ယခုမူ နိုင်ငံရပ်ခြားကို တင်ပို့နိုင်ဖို့နေနေသာသာ ပြည်တွင်း၌ ပင် အငတ်ဘေးဆိုက်နေပြီဖြစ်သည်။
ထို့ပြင် ဆိုမာလီယာသည် ဆယ်စုနှစ်များစွာ အတွင်း အဆိုးရွားဆုံးမိုးခေါင်ရေရှားမှုနှင့်လည်း ကြုံနေရပြန်သည်။ ဆိုမာလီယာမှ ခွဲထွက်ထားသည့် ဆိုမာလီလန့်ဒ်တော့ဒီယာခရိုင်ရှိ ဘူရောင်ဒေသ ဆိုင်ရာဆေးရုံထဲဝင်ကြည့်လျှင် အာဟာရပြတ်လပ်မှု ကြောင့် ချည့်နဲ့နေသည့် ကလေးငယ်များ၏ညည်းသံကို ကြားရမည်ဖြစ်သည်။ ကလေးငယ်တစ်ဦး၏ဖြစ်ရပ်ကို ဥပမာပေးလိုပါသည်။ ယင်းကလေးငယ်သည် နံရံကို အဓိပ္ပာယ်မဲ့ငေးကြည့်နေသည်။ အချိန်အကြာကြီး အာဟာရ ပြတ်လပ်ခဲ့သောကြောင့် ကလေးငယ်၏ဦးနှောက်ထိခိုက်သွားပြီဖြစ်ကြောင်း ဆေးရုံတာဝန်ခံ ဒေါက်တာယူဆွတ်အလီက ပြောဆိုခဲ့သည်။ ကလေး ငယ် မည်သည့်အခါမျှ နာလန်ထနိုင်တော့မည်မဟုတ် ကြောင်း ဒေါက်တာအလီကဆိုသည်။
တောင်ဆူဒန်အကျပ်အတည်း
ကလေးငယ်များ၏ထိုက်သင့်သောနေရာမှာ မိဘအရိပ်အောက်၊ စာသင်ခန်းနှင့် ကစားကွင်းတို့ သာဖြစ်သည်။ သို့သော် တောင်ဆူဒန်ရှိ ကလေးငယ် များသည် ယင်းကဲ့သို့ ကံမကောင်းကြ။ မိဘနှင့်လည်း ခွဲနေရသည်။ တချို့ဆို မိဘမဲ့ပင်ဖြစ်ခဲ့ရသည်။ ကစားဖို့လည်းမဖြစ်နိုင်။ စာသင်ခန်းဆိုသည်မှာလည်း စစ်ကြောင့် မည်သည့်နေရာတွင် သွားရမည်ကိုပင် မသိနိုင်ဘဲရှိခဲ့သည်။ တောင်ဆူဒန်ရှိ ကလေးငယ် တစ်သန်းကျော် ပဋိပက္ခများကြောင့် နိုင်ငံမှ ထွက်ပြေး တိမ်းရှောင်သွားပြီး ဖြစ်ကြောင်း ကုလသမဂ္ဂက ပြော ဆိုခဲ့သည်။ အလားတူပမာဏရှိသည့် ကလေးငယ် ဦးရေသည်လည်း ပြည်တွင်း၌ပင် စစ်ဘေးဒဏ်ခံနေ ရကြောင်း ပြောဆိုခဲ့သည်။
တောင်ဆူဒန်ဒုက္ခသည်အကျပ်အတည်းသည် ကမ္ဘာပေါ်တွင် စိုးရိမ်စရာအကောင်းဆုံးဖြစ် ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အရာရှိဗာလန်တင်တပ်ဆိုဘာက ပြောဆိုခဲ့သည်။ကမ္ဘာပေါ်တွင် အသစ်လွင်ဆုံးနိုင်ငံဖြစ်သည့် တောင် ဆူဒန်၌ ၂၀၁၃ ခုနှစ်မှစပြီး ပြည်တွင်းစစ်ဖြစ်ပွားနေ ခဲ့ခြင်းဖြစ်သည်။ သမ္မတဆေလ်ဗာကီယာက ဒုတိယ သမ္မတရီကက်မာချာကို ရာထူးမှဖယ်ရှားပြီးနောက် ကီယာကို ထောက်ခံသည့်တပ်များနှင့် မာချာကို ထောက်ခံသည့်တပ်များကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းစစ်စတင်ဖြစ်ပွားချိန်မှစပြီး အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သည့် လူနှစ်သန်း နီးပါးအနက် ၆၂ ရာခိုင်နှုန်းမှာ ကလေးများဖြစ် ကြောင်း ကုလသမဂ္ဂကဆိုထားသည်။
နိုင်ငံတွင်းရှိ ကလေးလေးပုံသုံးပုံမှာ စာသင် ကျောင်း တက်ရောက်နိုင်ခြင်းမရှိချေ။ ထို့ပြင် အစိုးရ တပ်နှင့် သူပုန်တပ်များက ကလေးငယ်များအား စစ်သားအဖြစ် စုဆောင်းမှုများလည်း လုပ်ဆောင် နေသည်။ ကလေးစစ်သားအဖြစ် အသုံးချရုံနှင့် မကျေနပ်သေးဘဲ အရပ်သားများကို လူသားဒိုင်း များအဖြစ်ပင် အသုံးချကြပြန်သည်။ တောင်ဆူဒန် ဒုက္ခသည်ဦးရေသည် ဆီးရီးယားနှင့် အာဖဂန် နစ္စတန်ပြီးနောက် တတိယအများဆုံးဖြစ်သည်။ ဒုက္ခသည် ၈၆ ရာခိုင်နှုန်းမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြသည်။
ဒုက္ခသည်များကို အများဆုံးလက်ခံခဲ့သည့် ယူဂန္ဓာကိုလည်း ချီးကျူးရမည်။ ယူဂန္ဓာအစိုးရသည် ရောက်ရှိလာသော တောင်ဆူဒန်ဒုက္ခသည်များအား အလုပ်လုပ်ခွင့်နှင့် ခရီးသွားခွင့်ပေးထားသည်။ ဒုက္ခ သည်မိသားစုများသည် နေထိုင်ရန်နှင့် စိုက်ပျိုးရန် မီတာ ၃၀ ပတ်လည် မြေကွက်တစ်ကွက်ကိုလည်း ရရှိခဲ့သည်။
အငတ်ဘေးကြုံရလေပြီ
၂၀၁၇ ခုနှစ် အစောပိုင်းမှစပြီး တောင်ဆူဒန်နိုင်ငံအစိတ်အပိုင်းတော်တော်များများ၌ အငတ်ဘေး ကြုံခဲ့ရသည်။ နိုင်ငံမြောက်ပိုင်းတွင် လူအများဆုံး အငတ်ဘေးကြုံခဲ့ရခြင်းဖြစ်သည်။ တောင်ဆူဒန် စုစု ပေါင်းလူဦးရေ၏ ထက်ဝက်နီးပါးဖြစ်သည့် လူငါး သန်းခန့် အငတ်ဘေးကြုံခဲ့ရကြောင်း ကုလသမဂ္ဂက ပြောဆိုခဲ့သည်။ တောင်ဆူဒန်သည် ဆူဒန်ထံမှလွတ် လပ်ရေး မကြေညာမီကတည်းက အငတ်ဘေးကြုံ ခဲ့ရခြင်းဖြစ်သည်။ သို့သော် ၂၀၁၇ ခုနှစ်မတိုင်မီ ခြောက်နှစ်အတွင်း ကြုံခဲ့ရသည့် အငတ်ဘေးများကို တရားဝင်ထုတ်ပြန်ခြင်းမပြုခဲ့ချေ။
လူဦးရေ ရာခိုင်နှုန်း ၄၀ သို့မဟုတ် ၄ ဒသမ၉ ရာခိုင်နှုန်းသည် အရေးပေါ်အစားအစာ၊ စိုက်ပျိုးရေးနှင့် အာဟာရ အကူအညီလိုအပ်နေကြောင်း ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစားအစာပြည့်စုံ ကုံလုံရေးအဆင့် သတ်မှတ်ချက်(အိုင်ပီစီ) အရ သိရသည်။ တောင်ဆူဒန်ရှိ ယူနတီပြည်နယ်၌ အငတ်ဘေးကြုံနေရပြီဖြစ်ကြောင်း ကုလသမဂ္ဂက၂၀၁၇ ခုနှစ် ဖေဖော်ဝါရီတွင် ထုတ်ပြန်ခဲ့သည်။ နိုင်ငံသား ၁၀ဝçဝ၀ဝ သည် အရေးပေါ်အကူအညီလိုအပ် နေပြီး အကူအညီမရခဲ့ပါက သေဆုံးနိုင်ခြေရှိနေကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်က ပြောဆိုခဲ့သည်။ သမ္မတ ဆေလ် ဗာကီယာ၏တပ်များက အစားအစာအကူအညီများ ပေးပို့ လို့ မရအောင် ပိတ်ဆို့ထားကြောင်း ကုလသမဂ္ဂအရာရှိ များက ပြောဆိုခဲ့သည်။ အစားအစာကို လက်နက်အဖြစ် အသုံးချလိုက်တာလည်း ဖြစ်သည်။
ယီမင်အငတ်ဘေး
ယီမင်၌ ၂၀၁၇ ခုနှစ် နွေဦးတွင်စတင်ခဲ့သည့် အငတ် ဘေးကြောင့် လူ ၁၇ သန်း သေဆုံးနိုင်ခြေရှိနေသည်။ ကလေးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၃ ဒသမ ၃ သန်း သည် အလွန်အမင်း အာဟာရချို့တဲ့နေသည်။ အငတ်ဘေး အကြုံရဆုံးကလေးငယ် ၁၀ဝ၀ဝ၀ ကျော်သည် အယ်လ်ဟူ ဒေးဒါမြို့၌ တည်ရှိနေသည်။
ယီမင်အငတ်ဘေးမှာ ပြင်ပကမ္ဘာ၏လုပ်ဆောင်မှု ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆော်ဒီအာရေဗျ ဦးဆောင်သော မဟာမိတ်အဖွဲ့သည် ၂၀၁၅ ခုနှစ်မှစပြီး ယီမင်၌ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခဲ့သည်။ ယီမင်ကို ထိန်းချုပ်ထားသည့် ဟိုသီသူပုန်များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်။ နိုင်ငံတကာက အသိအမှတ်ပြုထား သည့် သမ္မတအက်ဘ်ဒရက်ဘာမန်ဆာဟာဒီ၏အစိုးရက တောင်းဆိုမှုကြောင့် ဆော်ဒီဦးဆောင်သော မဟာမိတ် အဖွဲ့သည် ဟိုသီများနှင့် ၎င်းတို့၏မဟာမိတ် သမ္မတဟောင်း အလီအဗ္ဗဒူလာ ဆာလေကိုသစ္စာခံသည့် တပ်များကို လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဆော်ဒီဦးဆောင်သော မဟာမိတ်အဖွဲ့က လေဆိပ်နှင့် သင်္ဘောဆိပ်များကို ပိတ်ဆို့ထားမှုကြောင့် အစားအစာ ပြတ်လပ်ကာ အငတ်ဘေးကြုံနေရခြင်းဖြစ်သည်။ ယီမင် သည် အာရေဗျကျွန်းဆွယ်နှင့် အရှေ့အလယ်ပိုင်းတွင် အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေခဲ့သည်။ ယီမင်ရှိ အဆင်းရဲဆုံးမြို့တစ်မြို့ဖြစ်သည့် အယ်လ်ဟူဒေါဒါသည် ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်များနှင့် အမေရိကန် ရေတပ်တို့၏ပိတ်ဆို့မှုများကြောင့် အခြေအနေဆိုးရွား နေခဲ့သည်။
ဆော်ဒီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့နေများ အတွက် အစားအစာအရင်းအမြစ်ဖြစ်သော ငါးဖမ်းစက် လှေများ ပျက်စီးခဲ့သည်။ အကျိုးဆက်အဖြစ် ယီမင်၌ ၁၀ မိနစ်လျှင် ကလေးတစ်ဦး သေဆုံးလုနီး ဖြစ်နေပြီဖြစ်သည်။ အမေရိကန် အထက်လွှတ်တော်အမတ်ခရစ်မာဖီက ယီမင် ရှိ လူသားချင်းစာနာထောက်ထားအကျပ်အတည်း တွင် အမေရိကန်သည် ကြံရာပါဖြစ်နေပြီဖြစ်ကြောင်း ဝေဖန် ပြောဆိုခဲ့သည်။
ဘူးလေးရာဖရုံဆင့်
ယီမင်၌ ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် ဝမ်းရောဂါ စတင်ဖြစ်ပွားခဲ့သည်။ ဝမ်းရောဂါသည် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဖြစ်ပွားနေဆဲဖြစ်သည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီနှင့်မတ်တို့တွင် ဝမ်းရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းသွားသော်လည်း မြို့တော်ဆာနာရှိ မိလ္လာစနစ်ပျက်စီးသွားပြီးနောက် ဧပြီလ၌ ပြန်လည်ဦးမော့ လာခဲ့သည်။ ဝမ်းရောဂါဖြစ်ပွားမှုသည် ယီမင်ရှိ နှစ်နှစ်ကြာ ပဋိပက္ခ၏တိုက်ရိုက် အကျိုးဆက်ဖြစ်ပြီး လူ ၁၄ ဒသမ ၅ သန်းသည် ရေကောင်းရေသန့်နှင့် ကောင်းမွန်သော မိလ္လာစနစ်ကို ရရှိခြင်းမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောဆိုခဲ့သည်။
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီအကုန်ပိုင်းတွင် ဝမ်းရောဂါ ဖြစ်ပွားမှုနှုန်းကျဆင်းသွားခဲ့ပြီး မတ်လလယ်ပိုင်းအထိ ဆက်လက်ကျဆင်းခဲ့သည်။ ၂၀၁၇ ခုနှစ် ဧပြီ ၂၇ ရက်အထိ ဝမ်းရောဂါဖြစ်ပွားသူ ၂၅၈၂၇ဦး နှင့် သေဆုံးသူ ၁၂၉ ဦးရှိခဲ့သည်။ ၂၀၁၇ ခုနှစ် ဧပြီတွင် ဝမ်းရောဂါဖြစ်ပွားသူဦးရေ ပြန်လည်များပြားလာခဲ့သည်။ မေလတွင် ဖြစ်ပွားသူ ၇၄၃၁၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၆၀၅ ဦး ရှိခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန် ၂၄ ရက်မှာတော့ စဖြစ်ချိန်က ရေတွက်လျှင် ဝမ်းရောဂါဖြစ်ပွားသူ ဦးရေသည် ၂၀ဝ၀ဝ၀ ကျော်သွားပြီး သေဆုံးသူ ၁၃၀ဝ ရှိခဲ့ကာ နေ့စဉ်ဖြစ်ပွားသူသစ် ၅၀ဝ၀ နှုန်းအထိရှိနေကြောင်း ယူနီဆက်ဖ်နှင့် ဒဗလျူအိတ်ချ်အို တို့က ခန့်မှန်းခဲ့သည်။ ယင်းသည် ကမ္ဘာပေါ်တွင် အဆိုးရွား ဆုံးဝမ်းရောဂါဖြစ်ပွားမှုနှုန်းဖြစ်သည်ဟုဆိုသည်။ ဖြစ်ပွား သူများအနက် လေးပုံတစ်ပုံမှာ ကလေးငယ်များဖြစ်ကြ သည်။
၂၀၁၇ ခုနှစ် ဇွန် ၂၃ ရက်တွင် ဆော်ဒီအာရေဗျက ယီမင်ကို ဒေါ်လာ ၆၆ သန်းလှူဒါန်းကြောင်း ထုတ်ပြန်ခဲ့ သည်။ သို့သော် လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဇူလိုင် ၄ ရက်၌ ဝမ်းရောဂါ ဖြစ်ပွားသူ ၂၆၉၆၀၈ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၆၁၄ ဦးရှိခဲ့ သည်။ ၂၀၁၇ ခုနှစ် သြဂုတ်မှာတော့ ဝမ်းရောဂါဖြစ်ပွားသူ ၅၀ဝ၀ဝ၀ အထိရှိခဲ့ကြောင်း ဒဗလျူအိတ်ချ်အိုက ပြောဆိုခဲ့ သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ဖြစ်ပွားသူ ၆၁၂၇၀၃ ဦး ရှိခဲ့ပြီး သေဆုံးသူ ၂၀၄၈ ဦးရှိခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ဝမ်းရောဂါဖြစ်ပွားသူ ၇၇၁၉၄၅ ဦးရှိခဲ့ပြီး သေဆုံးသူ၂၁၃၂ ဦးရှိခဲ့သည်။ ဝမ်းရောဂါ ဖြစ် ပွားမှုသည် ထိန်းချုပ်ရခက်သည့် အခြေအနေသို့ ရောက်ရှိ သွားပြီး ၂၀၁၈ ခုနှစ်တွင် သေဆုံးသူ တစ်သန်းအထိရှိနိုင် ကြောင်း ခန့်မှန်းမှုများ ရှိနေသည်။
အခြေအနေပိုမိုဆိုးရွား
ယီမင်ရှိ ဟိုသီသူပုန်များသည် တစ်ချိန်က မဟာမိတ် ဖြစ်ခဲ့ပြီး မကြာသေးမီတွင် ဘက်ပြောင်းခဲ့သည့် သမ္မတဟောင်း အလီအဗ္ဗဒူလာဆာလေကို သတ်ဖြတ်ခဲ့ပြီးနောက် မြို့တော် ဆာနာအား ထိန်းချုပ်မှုကို ပိုမိုတင်းကျပ်လိုက်ပြီဖြစ်သည်။ ဟိုသီသူပုန်များသည် မြို့တွင်းစစ်ဆေးရေးစခန်းများကို ပိုမိုထားရှိခဲ့ပြီး ဆာလေထောက်ခံသူများကိုလည်း ဖမ်းဆီးခဲ့ သည်။ ဆာနာ၌ ဟိုသီသူပုန်များနှင့် ၎င်းကိုထောက်ခံသူများ ကြားတိုက်ပွဲဖြစ်ပွားချိန်တွင် ဆာလေသတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။ ဆာလေသည် ပြည်တွင်းစစ်အတွင်း အစိုးရ ဘက်သို့ ကူးပြောင်းခဲ့သည့်အတွက် သစ္စာဖောက်ဖြစ်ကြောင်း ဟိုသီခေါင်းဆောင်များက စွပ်စွဲပြောဆိုခဲ့သည်။
ဒီဇင်ဘာ ၅ ရက်နှောင်းပိုင်းတွင် ဆော်ဒီအာရေဗျ ဦးဆောင်သော မဟာမိတ်အဖွဲ့သည် ဟိုသီပစ်မှတ် များကို လေကြောင်းမှတိုက်ခိုက်မှု ၂၅ ခုပြုလုပ်ခဲ့သည်။ လွန်ခဲ့သည့် အပတ်မှစပြီး တိုက်ခိုက်မှုများကြောင့် လူ ၂၃၄ ဦးသေဆုံးပြီး ၄၀ဝ ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ တကာကြက်ခြေနီအဖွဲ့ (အိုင်စီအာရ်စီ)က ပြောဆိုခဲ့သည်။
ဆော်ဒီဦးဆောင်သော မဟာမိတ်အဖွဲ့က ယီမင်ကို တိုက် ခိုက်မှုရပ်ဆိုင်းမည်ဆိုပါက ဘဝသစ်စတင်မည်ဖြစ် ကြောင်း ဆာလေက ဒီဇင်ဘာ၂ ရက်တွင် ပြောဆိုခဲ့သည်။ ဆာလေသေဆုံးပြီးနောက် ယီမင်ရှိ အကျပ်အတည်း ပိုမိုဆိုးရွားဖို့သာရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထား သည်။
နိဂုံး
၂၀၁၇ ခုနှစ်သည်သမိုင်းတစ်လျှောက် နေရပ်ကိုစွန့် ခွာထွက်ပြေးသူဦးရေအများဆုံးနှစ်တစ်နှစ်အဖြစ် အဆုံး သတ်ခဲ့သည်။ အာဖရိကနိုင်ငံတချို့ရှိ စစ်ဘေးရှောင်ဒုက္ခ သည်များ၏ကံကြမ္မာသည် နှစ်သစ်တွင် ပိုကောင်းလာ စရာမရှိဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ အကြောင်းမှာ အလှူရှင်နိုင်ငံများသည် လှူဒါန်းမည်ဟုပေးထားသည့် ငွေပမာဏကို ထည့်ဝင်ကြခြင်းမရှိသောကြောင့် ဖြစ်သည် ဟု ကုလသမဂ္ဂက ဆိုထားကြောင်း အချုပ်ဖော်ပြလိုက်ရပါ သည်။












