တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အရေးပါသောအခန်းကဏ္ဍကို  ထင်ဟပ်နေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၁၇  ခုနှစ်အတွင်း ပြည်ပခရီးစဉ်များ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အရေးပါသောအခန်းကဏ္ဍကို  ထင်ဟပ်နေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၁၇  ခုနှစ်အတွင်း ပြည်ပခရီးစဉ်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်အေးချမ်း သာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၂၀ဝ၈ ခုနှစ် မေလ ၂၉ ရက် နေ့စွဲပါ ကြေညာချက် အမှတ် ၇/၂၀ဝ၈ ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈)တွင် အခန်း (၁၅)ခန်း၊ ပုဒ်မပေါင်း ၄၅၇ ခုနှင့် ဇယားငါးခု ပါဝင်သည်ကို တွေ့ရမည် ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံ တော်အခြေခံမူများ ပုဒ်မ ၆ တွင် - "နိုင်ငံတော် သည် - (က)ပြည်ထောင်စု မပြိုကွဲရေး၊(ခ)တိုင်း ရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ (ဂ)အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ (ဃ)စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမို ကရေစီစနစ် ထွန်းကားရေး၊ (င)နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်း တည်းဟူသော လောကပါလတရားများ ထွန်း ကားရေးနှင့် (စ) နိုင်ငံတော်၏  အမျိုးသား နိုင်ငံရေးနှင့် ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်" ဟု တပ်မတော်၏ အခန်းကဏ္ဍကို တွေ့မြင်နိုင်မည်ဖြစ်သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၇)သည် ပုဒ်မရှစ်ခုဖြင့်ဖော်ပြထားပြီး တပ်မတော် နှင့်ပတ်သက်သော အခန်းတစ်ခန်းအဖြစ် သီးခြားဖော်ပြထားသည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအရဖြစ်စေ၊  မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုခေတ်နှောင်းပိုင်းနှင့် လွတ်လပ်ရေး အလွန်ခေတ်များတွင် မြန်မာ့တပ်မတော်၏ ပါဝင်မှုအခန်းကဏ္ဍကို စာဖတ်သူများ နှိုင်းချိန် တွေးဆနိုင်ကြမည် ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်ရွေး ကောက်ပွဲဖြင့် မြန်မာ့အုပ်ချုပ်ရေး အချိုးအကွေ့ တစ်ခုကို တပ်မတော်သည် ၂၀ဝ၈ ဖွဲ့စည်းပုံဖြင့် ချိုးကွေ့ပေးခဲ့ပြီး ခုနစ်နှစ်မျှ ကြာမြင့်လာပြီဖြစ်သော မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ် စဉ်သည် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေး ချမ်းရေး၊ အကြမ်းဖက်မှုများအား တွန်းလှန်ချေမှုန်း ရေးလုပ်ငန်းစဉ်များကို ရွေးကောက်ခံအစိုးရနှစ်ဆက်နှင့်အတူ ပူးပေါင်းဆောင်ရွက်နေသည် မှာလည်း အထင်အရှားပင် ဖြစ်သည်။ အထူးသဖြင့် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် ပြည်သူအများစုတင်မြှောက်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရ အဖွဲ့သစ်တက်လာခဲ့ရာ ယခင်က အနောက် ဥရောပနိုင်ငံများနှင့် ခပ်စိမ်းစိမ်းဖြစ်နေခဲ့ရသော မြန်မာ့တပ်မတော်သည် ဥရောပနိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာသည်မှာလည်း အသေအချာပင် ဖြစ်သည်။

ယခုဆောင်းပါးတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၁၇ ခုနှစ်အတွင်း သွားရောက်ခဲ့သည့် ပြည်ပခရီးစဉ်များနှင့်ပတ်သက်၍ နိုင်ငံတကာ မီဒီယာများနှင့် နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ် သူများ၏အမြင်များ၊ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်၏ ပြည်ပခရီးစဉ်များကို တစုတစည်း တည်း ဖတ်ရှုသုံးသပ်နိုင်ရန် စာဖတ်ပရိသတ် များအား လက်လှမ်းမီသမျှ စုစည်းတင်ဆက် လိုက်ခြင်းလည်း ဖြစ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အစိုးရသစ် လက်ထက် အစောပိုင်းကာလခရီးစဉ်များ

၂၀၁၆ ခုနှစ် မေလ ၂၅ ရက်တွင် တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့်  တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ထိုင်း ဘုရင့်တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး  Sommai Kaotira ၏ ဖိတ်ကြား ချက်အရ ထိုင်းနိုင်ငံသို့  ချစ်ကြည်ရေးခရီးသွား ရောက်ခဲ့ကြောင်း၊ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ အစိုးရ၊ ထိုင်းဘုရင့်တပ်မတော်အကြီးအကဲ များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၏ တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ဖော်ပြခဲ့သည်။

ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာရွတ်ချန်အိုချာနှင့်တွေ့ဆုံစဉ် ထိုင်းဝန်ကြီး ချုပ်က ထိုင်းအစိုးရအနေဖြင့် မြန်မာအစိုးရသစ် နှင့် ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ထိုင်း ဝန်ကြီးချုပ် ကျန်းမာပါစေကြောင်း သမ္မတ ဦးထင်ကျော်၏အမှာစကားကို  ပြောကြားခဲ့ သကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် အဆင်သင့်ရှိပါကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု  ထိုင်းနိုင်ငံ ထုတ် The Nation သတင်းစာတွင် ဖော်ပြခဲ့ သည်။ အဆိုပါတွေ့ဆုံမှုတွင် ထိုင်းဝန်ကြီးချုပ်က နှစ်နိုင်ငံစစ်တပ်များအနေဖြင့် လုံခြုံရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးကိစ္စများတွင် ထဲထဲဝင်ဝင် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြော ဆိုခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Fang Fenghui ၏ ဖိတ်ကြားချက်အရ ၂၀၁၆ ခုနှစ်  အောက် တိုဘာ ၂၈ ရက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက် ခဲ့သည်။  အဆိုပါခရီးစဉ်သည် ရှမ်းပြည်နယ် အတွင်း ထိုအချိန်က ဖြစ်ပေါ်ခဲ့သည့် မြန်မာ့ တပ်မတော်နှင့် UWSA  'ဝ' တပ်တို့အကြား တင်းမာမှုအပါအဝင်၊ 'ဝ' နှင့် မိုင်းလားတပ်များ အကြား တင်းမာမှု စသည်တို့ကိုလည်း ဆွေးနွေး ဖွယ်ရှိကြောင်း စစ်ရေး၊ နိုင်ငံရေး အကဲခတ် တချို့က သုံးသပ်ခဲ့ကြသည်။

အဆိုပါ ခရီးစဉ်သည် ရှမ်းပြည်နယ် အထူး ဒေသ(၄) မိုင်းလား NDAA တပ်များ ထိန်းချုပ် ထားသည့် စစ်ကင်းစခန်းတချို့ကို UWSA 'ဝ' တပ်များက သီတင်းပတ်အတွင်း ဝင်ရောက် ထိန်းချုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၂၄ နောက်ဆုံးထားပြီး မိုင်းလားဒေသမှ 'ဝ' တပ်များ ပြန်ဆုတ်ပေးရန် မြန်မာ့တပ်မတော်က ရာဇသံ ပေးထားသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေ သည့် ခရီးစဉ်ဖြစ်သည်ဟုလည်း နိုင်ငံရေးသုံးသပ် သူများက ပြောဆိုခဲ့သည်။

တရုတ်နယ်စပ်တစ်လျှောက်တွင် မြန်မာ့ တပ်မတော်နှင့် UWSA 'ဝ'တပ်များ အကြား တစ်ကျော့ပြန်တိုက်ပွဲများ ပြန်ဖြစ်လာပါက မြန်မာ အစိုးရက ကြိုးစားနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ် ပျက်စီးသွားနိုင်သည့်အတွက်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်ကို ကြိုဆို ကြောင်း ရှမ်းပြည်နယ်  စစ်ရေးအခြေအနေကို စောင့်ကြည့်နေသည့် ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ဦးခွန်ဆိုင်းကလည်း ဗွီအိုအေသို့ ပြောကြားခဲ့ သည်။

၂၀၁၆ ခုနှစ်အတွင်း ဒုတိယမြောက် တရုတ် ခရီးစဉ်အဖြစ် နိုဝင်ဘာလဆန်းတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ  သမ္မတရှီကျင့်ဖျင်နှင့် နိုဝင်ဘာ ၁ ရက်၌ တွေ့ဆုံစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က "တရုတ်-မြန်မာ နှစ်နိုင်ငံကြား  ဘုံအကျိုးစီးပွားကို ကာကွယ်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အကာအကွယ် ပေးနိုင်ရန်အတွက် နှစ်နိုင်ငံစစ်တပ်များအကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရန် မျှော်လင့်ကြောင်း"ပြောကြား ခဲ့သည်။ တရုတ်-မြန်မာ အပြန်အလှန်ဆက်ဆံ ရေးကို တိုးမြှင့်ပြီး နှစ်နိုင်ငံပြည်သူများ လက်တွေ့ အကျိုးအမြတ် ရှိအောင်လုပ်ရေးကို တရုတ် သမ္မတက ပြောကြားခဲ့ကြောင်းလည်း တရုတ် သတင်းများတွင် ဖော်ပြခဲ့သည်။ နှစ်နိုင်ငံနယ်စပ် ဒေသ လုံခြုံတည်ငြိမ်ရေးသည် အလွန်အရေး ကြီးကြောင်း၊တိုင်းရင်းသားအဖွဲ့များနှင့်  ပြန်လည် သင့်မြတ်ရေးရရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာ နှင့် ငြိမ်းချမ်းရေးအမြန်ဆုံးရနိုင်ရန် တရုတ်က မျှော်လင့်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် တရုတ်က ထိရောက်သော အခန်းကဏ္ဍမှဆက်လက်ပါဝင်ရန် လိုလားပါကြောင်း တရုတ် သမ္မတရှီကျင့်ဖျင်က ကာကွယ်ရေးဦးစီးချုပ်ကို အသိပေးပြောကြားခဲ့သည်။ တရုတ်နှင့် ဆက်ဆံ ရေးကို အလေးထားသည့် မြန်မာနိုင်ငံ အနေနှင့် လည်း ဘက်ပေါင်းစုံမှ ဆက်ဆံရေးတိုးတက်ရန် လိုလားပါကြောင်း၊ နှစ်နိုင်ငံစစ်တပ်ကြား ရင်းနှီး သည့်ဆက်ဆံရေး တိုးတက်ခိုင်မာရေးအတွက် မြန်မာဘက်မှ အဆင်သင့်ရှိနေသကဲ့သို့  နယ်စပ် ဒေသများ ဆက်လက်တည်ငြိမ်ရေးအတွက် လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြန်လည်ပြောကြား ခဲ့သည်။  ခရီးစဉ်အတွင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Xu Qiliang နှင့် လည်း နိုဝင်ဘာ ၁ ရက်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အပါအဝင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည်  ဥရောပသမဂ္ဂကာကွယ်ရေးဦးစီးချုပ် များ၏ တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပသည့် အစည်းအဝေးပွဲသို့ တက်ရောက်ရန် ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့သို့ နိုဝင်ဘာ ၆ ရက်က ရောက်ရှိခဲ့ပြီး၊ နိုဝင်ဘာ ၇ ရက်တွင် အီးယူ လုံခြုံရေးနှင့်  နိုင်ငံခြားမူဝါဒဆိုင်ရာအကြီး အကဲ   Federica Mogherini နှင့် တွေ့ဆုံခဲ့ သည်။

နိုဝင်ဘာ ၈ ရက်တွင် စစ်ဘက်ကောင်စီ အစည်းအဝေးကို တက်ရောက်မိန့်ခွန်းပြော ကြားပြီးနောက် ညနေပိုင်းတွင် အီးယူနိုင်ငံရေးနှင့် လုံခြုံရေးကော်မတီမှ  တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲ၌ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်ပြီး  အီးယူ နိုင်ငံရေးနှင့် လုံခြုံရေးကော်မတီ၏ မေးမြန်းချက် များကို ရှင်းလင်းပြောကြားရာတွင် မြန်မာ့နိုင်ငံ ရေးဖြစ်စဉ်၌ တပ်မတော်၏ အရေးပါသော အခန်းကဏ္ဍများကို ဦးစားပေးပြောကြားခဲ့သည့် အပြင် ၂၀၁၅ ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့နှင့် NCA လက်မှတ်ရေးထိုး နိုင်ခဲ့သည့်ကိစ္စ၊ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ အခြေအနေ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင် တပ်မတော်ပါဝင်မှု အခန်းကဏ္ဍ စသည် တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်မှုများသည် အစိုးရသစ်လက်ထက် တွင် ပထမဆုံး ရင်ဆိုင်ကြုံတွေ့ရသည့် အခက် အခဲတစ်ခုဖြစ်သကဲ့သို့ မြန်မာ့တပ်မတော် အနေဖြင့်လည်း ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ် ဆောင်ရွက်ရသည့် အခက်အခဲတစ်ခုလည်း ဖြစ်သည်။ နှစ်ပေါင်းများစွာကဖြစ်တည်ခဲ့သော ရခိုင်ပဋိပက္ခသည် မီးသေတောင်တစ်ခုမဟုတ်၊ ငြိမ်သက်နေသော မီးရှင်တောင်တစ်ခုသဖွယ် ဖြစ်နေပြီး အချိန်မရွေး ပေါက်ကွဲမှုများ ထွက်ပေါ် နိုင်သည့် မီးတောင်တစ်လုံးလည်း ဖြစ်သည်။ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်မှုများနှင့် တပ်မတော်၏ ကာကွယ်ရေး၊ အကြမ်းဖက်မှုတုံ့ပြန်ရေးသည် ခက်ခဲသိမ်မွေ့လှသည်ကိုလည်း တွေ့နိုင်သည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ၂၀၁၇ ပြည်ပခရီးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည်  ၂၀၁၇ ခုနှစ် တွင်လည်း ပြည်ပခရီးစဉ်အတော်များများ သွား ရောက်ခဲ့သည်။၂၀၁၇ ခုနှစ် ဧပြီ ၂၂ ရက်တွင် စတင်ခဲ့သည့် ဂျာမနီနိုင်ငံခရီးစဉ်သည် ဂျာမနီ- မြန်မာ နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာစေရေး ဆွေးနွေးရန် ရည်ရွယ်ပုံ ရကြောင်း ဘာလင်အခြေစိုက် ပညာရှင်တစ်ဦးက သုံးသပ်ပြောဆိုခဲ့သည်။ ၂၀၁၇ ခုနှစ်အတွင်း တွင်မှ ဘာလင်မြို့၌ မြန်မာစစ်သံရုံး ပြန်လည် ဖွင့်လှစ်ခွင့်ရလာပြီးနောက်  မြန်မာထိပ်ပိုင်း တပ်မတော်ခေါင်းဆောင် တစ်ဦးအနေဖြင့် ဂျာမနီနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက် ခဲ့ခြင်းလည်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်က နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်ခဲ့သော  ဂျာမနီသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအတွင်း ကိုင်တွယ်မှုနှင့်ပတ်သက်ပြီး ဂျာမနီပါဝင်သည့် ဥရောပသမဂ္ဂက  မြန်မာကိုဒဏ်ခတ်ပိတ်ဆို့ မှုများ ပြုလုပ်လာခဲ့သည်။ ယခင်က ယာယီပိတ် ထားခဲ့သော နှစ်ဖက်စစ်သံရုံးများကို ၂၀၁၇ ခုနှစ်ထဲမှာမှ ဂျာမနီနိုင်ငံ ဘာလင်မြို့၌ မြန်မာ စစ်သံမှူးရုံးဖွင့်ခွင့်ပေးခဲ့သည့်အတွက် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၏ ဂျာမနီခရီးစဉ်သည် နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး ပြန်လည်ကောင်းမွန် လာရေးဆွေးနွေးရန် ရည်ရွယ်ပုံရကြောင်း သုံးသပ်ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည် ဂျာမနီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Volker Weiker ၏ ဖိတ်ကြားချက်အရ ဂျာမနီ နိုင်ငံသို့ ချစ်ကြည်ရေးအဖြစ် ဧပြီလ ၂၂ ရက် နံနက် ၈ နာရီကျော်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ပြီး ဂျာမနီသို့အသွား သြစတြီးယားနိုင်ငံသို့လည်း အလုပ်သဘော အရ ခရီးတစ်ထောက် ဝင်ရောက်လည်ပတ်ခဲ့ကာ  သြစတြီးယား တပ်မတော်စစ်ဦးစီးချုပ်နှင့်လည်း တွေ့ဆုံခဲ့သည်။

ခရီးစဉ်အတွင်း ဧပြီလ ၂၄ ရက်နေ့က သြစတြီးယား တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Othmar Commenda နှင့် တွေ့ဆုံမှုတွင် စစ်ဘက် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်ချက်ရှိကြောင်း  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ သြစတြီးယား ဗိုလ်ချုပ်ကြီးOthmar Commenda ကလည်း သြစတြီးယားနှင့် မြန်မာနှစ်နိုင်ငံ စစ်တပ် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခြင်းသည် အခြားဥရောပနိုင်ငံများမှ စစ်တပ်များနှင့် ဆက်ဆံရေးကိုပါ များစွာအထောက်အကူပြု မည်ဖြစ်ကြောင်းနှင့်  မြန်မာ့တပ်မတော်မှ အရာရှိများကို သြစတြီးယားစစ်ဘက်ဆိုင်ရာ သင်တန်းများသို့ စေလွှတ်တက်ရောက်ရန် ကမ်းလှမ်းပြောဆိုခဲ့သည်။ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့သည် သြစတြီးယား လေယာဉ်ထုတ် ကုမ္ပဏီတစ်ခုဖြစ်သည့်  Diamond Aircraft စက်ရုံသို့လည်း ဧပြီလ ၂၅ ရက်၌ သွားရောက် လေ့လာကြည့်ရှုခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၏ ဂျာမနီချစ်ကြည်ရေး ခရီးစဉ်အတွင်း ယခင်က မြန်မာကို ပိတ်ဆို့ထား ခဲ့သည့် ဥရောပနိုင်ငံများနှင့် စစ်ဘက်ဆက်ဆံရေး အခွင့်အလမ်းများ ပိုပြီးပွင့်လာကြောင်း မြန်မာ့ စစ်ရေးအကဲခတ်များကလည်း သုံးသပ်ခဲ့ကြသည်။

ဂျာမနီနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာသည့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဧပြီလ ၂၇ ရက်၌ ဂျာမနီစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးVolker Wieker က ကာကွယ်ရေးဝန်ကြီးဌာန၌ ဂုဏ်ပြုတပ်ဖွဲ့နှင့် ကြိုဆိုခဲ့ပြီးနောက် တွေ့ဆုံ ဆွေးနွေးစဉ်တွင်  စစ်ရေးဆက်ဆံရေးနှင့် အကြမ်းဖက်မှုနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ် များတွင် သတင်းအချက်အလက်ဖလှယ်ရေး အပြင်  မြန်မာ့တပ်မတော်အရာရှိများကို  ဂျာမနီနိုင်ငံသို့ သင်တန်းများစေလွှတ်ရေးနှင့် နယ်ပယ်အလိုက် လေ့လာရေးကိုယ်စားလှယ် အဖွဲ့ အပြန်အလှန်စေလွှတ်ရေးကိစ္စရပ် များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ဗွီအိုအေ သတင်းတွင် ဖော်ပြခဲ့သည်။  

အိန္ဒိယခရီးစဉ် အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် Bipin Rawat ၊ မြန်မာနိုင်ငံသို့ မေလ ၂၈ ရက် ကနေ ၃၁ ရက်အထိ လေးရက်ကြာ မြန်မာနိုင်ငံ သို့ လာရောက်ခဲ့သည့် ခရီးစဉ်အပြီး ဇူလိုင်လ ဆန်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် အိန္ဒိယသမ္မတနိုင်ငံသို့  ချစ်ကြည်ရေး ခရီးစဉ်သွားရောက်ခဲ့သည်။  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်၏ ရှစ်ရက်ကြာ အိန္ဒိယ နိုင်ငံခရီး စဉ်၌ နှစ်နိုင်ငံနယ်စပ်ဒေသမှ  လက်နက်ကိုင် အဖွဲ့များ အရေးအလေးထားဆွေးနွေးနိုင်ဖွယ် ရှိသကဲ့သို့ အိန္ဒိယနိုင်ငံဘက်မှလည်း တရုတ် နိုင်ငံ၏  ပိုးလမ်းမစီမံကိန်းအပေါ်  တန်ပြန် ဆောင်ရွက်မှုများရှိနိုင်ကြောင်း သုံးသပ်ပြောဆို မှုများရှိခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့ တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် အိန္ဒိယနိုင်ငံသို့ ဇူလိုင် ၇ ရက်တွင် စတင်ရောက်ရှိခဲ့ပြီး ဇူလိုင် ၁၄ရက်တွင် အိန္ဒိယ နိုင်ငံဝန်ကြီးချုပ် နာရိန္ဒြာမိုဒီနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေး ခဲ့သည်။

နှစ်နိုင်ငံစစ်တပ်များအကြား  နီးကပ်သည့် ဆက်ဆံရေး တည်ဆောက်ထားနိုင်သည့်အပေါ်  ဝန်ကြီးချုပ်မိုဒီက ကျေးဇူးတင်ကြောင်း၊ အိန္ဒိယ၏ အရှေ့မျှော်ဝါဒတွင်  မြန်မာနိုင်ငံသည် အရေး ကြီးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းနှင့် နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင် ရွက်မှုများတိုးမြှင့်သွားရန်  သန္နိဋ္ဌာန် အခိုင် အမာချထားကြောင်း  ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်မိုဒီနှင့် မတွေ့ဆုံမီ ယင်းနေ့မှာပင် နယူးဒေလီမြို့တော်မှ  သမ္မတ အိမ်တော်ရှေ့၌ အိန္ဒိယရေတပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီးSunil Lanba က နိုင်ငံ တော်ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကြိုဆိုခဲ့သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ပထမကမ္ဘာစစ် အတွင်းကျဆုံးခဲ့သည့် အိန္ဒိယစစ်သည်များကို ဂုဏ်ပြုထားသည့်  India Gate အောက်မေ့ဖွယ် သူရဲကောင်းဗိမာန်မုခ်ဦးသို့  သွားရောက်ပြီး ပန်းခွေချခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် ဦးဆောင်သည့် အဖွဲ့ဝင် ၁၅  ဦးပါ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် Gaya, Varanasi,  Ahmedabad နှင့် Visha khapatnam မြို့များသို့ သွားရောက် ခဲ့ပြီး အိန္ဒိယစစ်ဘက်၊ အရပ်ဘက် ခေါင်းဆောင်များ နှင့်လည်း ဆက်တိုက်တွေ့ဆုံခဲ့သည်။

ဂျပန်ခရီးစဉ်

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei Sasakawa  ၏ ဖိတ်ကြားချက်အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ခေါင်းဆောင်သည့် တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သြဂုတ်လ ၁ ရက်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ သည်။ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံ အစိုးရ တာဝန်ရှိသူများ၊ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ်နှင့် အခြားဂျပန် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်နှင့်ပါ တွေ့ဆုံပြီး နှစ်နိုင်ငံတပ်မတော်တို့ကြား ပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များ  ဆွေးနွေးသွားရန်ရှိ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ခရီးစဉ် အတွင်း ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအရ မြန်မာနိုင်ငံ၏  ငြိမ်းချမ်းရေးဖြစ်စဉ်မှာရော လူသားချင်း စာနာမှုကဏ္ဍများတွင်ပါ အကူအညီ ပေးနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုခဲ့ကြ သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ခရီးစဉ် တွင် ဇနီးဒေါ်ကြူကြူလှနှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် အခြားတပ်မတော်အရာရှိများ လိုက်ပါခဲ့ကြပြီး ယခုခရီးစဉ်သည် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၏ ဂျပန်နိုင်ငံ ဒုတိယခရီးစဉ် ဖြစ်ပြီး ဂျပန်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး  Shiger Iwasaki ၏ ဖိတ်ကြားချက်အရ ၂၀၁၄ က ပထမအကြိမ်သွားရောက်ခဲ့ဖူးသည်။

တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ် တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ် ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်လည်းဖြစ်၊ ပူးတွဲ စစ်ဦးစီးဌာန စစ်ဦးစီးချုပ်လည်း ဖြစ်သူ Gen. Li Zuocheng  ၏  ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၁ ရက် အင်္ဂါနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ချစ် ကြည်ရေးခရီးသွားရောက်ခဲ့သည်။

ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာ မျက်နှာစာတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည်ထောက်ခံပေးခဲ့သည့် အခြေအနေ များကို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုဝင်ဘာလ ၂၄ ရက် သောကြာနေ့က တွေ့ဆုံချိန်အတွင်း ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ထိုအချိန်က ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး အထူးသဖြင့် အနောက်နိုင်ငံများက မြန်မာအစိုးရကို ဖိအားပေးနေချိန်တွင်  တရုတ် အစိုးရက မြန်မာနိုင်ငံဘက်မှ ရပ်တည်ပြောဆို ပေးနေချိန်လည်း ဖြစ်သည်။ တရုတ်နိုင်ငံခြား ရေးဌာန၏ နိုဝင်ဘာလ ၂၄ ရက် ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်းတွင်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက်  ဒုက္ခသည်များကို  မြန်မာနိုင်ငံ ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းကို  ကြိုဆို ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shuang က ပြောဆိုခဲ့သည်။ ရခိုင် အရေးနှင့်ပတ်သက်ပြီး အဖြေရှာရာတွင် နှစ်နိုင်ငံစလုံးနှင့် ချစ်ကြည်ရင်းနှီးသည့် နိုင်ငံ တစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် အပြု သဘောဆောင်သည့် အခန်းကဏ္ဍမှ နှစ်နိုင်ငံ စလုံးနှင့် လက်တွဲလုပ်ဆောင်လိုပါကြောင်း   တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရက ပြောဆို ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမိုင်းဝင် နီပေါခရီးစဉ် နီပေါတပ်မတော် ကြည်းတပ်ဦးစီးချုပ် Gen. Ranjendra Chhetri ၏ဖိတ်ကြားချက် အရ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည်  ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်တပ်မတော်လေဆိပ်မှ နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ် ကြည်ရေးခရီးသွားရောက်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်အား  နီပေါတပ် မတော်ကြည်းတပ်ဦးစီးချုပ်   Gen. Ranjendra Chhetri က ခတ္တမန္ဒူမြို့ရှိ နီပေါတပ်မတော် ကြည်းတပ်ဦးစီးချုပ်ရုံးရှေ့ မြက်ခင်းပြင်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်  ကြိုဆိုခဲ့ပြီးနောက်  အစည်း အဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးကြစဉ် နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ်က ယခု ကဲ့သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ချစ်ကြည်ရေးခရီးစဉ်သည်   မြန်မာနိုင်ငံမှ  နီပေါနိုင်ငံသို့ ပထမဦးဆုံးလာရောက်သည့် မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တစ်ဦးအနေဖြင့် သမိုင်းဝင်ခရီးစဉ်ဖြစ်ကြောင်း ပြောကြားပြီး၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေးခရီးစဉ်များ  အပြန်အလှန် လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များ၊ သင်တန်းသား များ အပြန်အလှန်စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ် များ၊ နှစ်နိုင်ငံ  တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များနှင့်  မြန်မာနိုင်ငံတွင် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစ၍  ယခု အချိန်အထိ နီပေါလူမျိုး ဂေါ်ရခါးအရာရှိ၊ စစ်သည်များတာဝန်ထမ်းဆောင်ခဲ့မှုနှင့် စွမ်း ရည်သတ္တိ၊  ဘွဲ့ထူးဂုဏ်ထူးများရရှိခဲ့သည့် အခြေအနေကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ အဆိုပါချစ်ကြည်ရေးခရီးစဉ်သည် မြန်မာ နိုင်ငံ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် သွား ရောက်သည့်ခရီးစဉ်ဖြစ်ပြီး ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နီပေါ နိုင်ငံနယ်ဘက်၊ စစ်ဘက်အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များအားလေ့လာခြင်းနှင့် အထင်ကရ နေရာများအား ကြည့်ရှုလေ့လာခြင်းများဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ဆိုရလျှင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ ၂၀၁၇ ခုနှစ်အတွင်း ပြည်ပခရီးစဉ်များ သည် နိုင်ငံအတွင်း ဖြစ်ပေါ်လာသော အခြေ အနေများနှင့်ပတ်သက်၍ စစ်ရေးနည်းဖြင့် သာမက နိုင်ငံရေးနည်းဖြင့်လည်း ဖြေရှင်းယူ ရသော သံတမန်ဆက်ဆံရေးခရီးစဉ်များလည်း ပါဝင်နေသည်ဖြစ်ရာ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အရေးပါ သော အခန်းကဏ္ဍကိုလည်း ထင်ဟပ်လျက်ရှိ ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါသည်။

ရည်ညွှန်း-

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာ၊ တပ် မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန် ခဲ့သည့်သတင်းများနှင့် ဗွီအိုအေမြန်မာပိုင်း အစီအစဉ်မှထုတ်လွှင့်ခဲ့သော အသံလွှင့်ချက် မှတ်တမ်းများအား ကိုးကားရေးသားပါသည်။  

သိန်းအေး ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်