၂၀၁၄ခုနှစ်တွင် စတင်ထင်ရှားလာသည့် အိုင်အက်စ် အကြမ်းဖက်အဖွဲ့ကြီးကို စတင်ပေါ်ပေါက်ခဲ့ရာ အီရတ်နှင့်ဆီးရီးယား၌ပင် ဆိုင်ရာအစိုးရတပ်များနှင့် အမေရိကန်နှင့်ရုရှား ပူးပေါင်းတပ်ဖွဲ့အသီးသီးက အပြင်းအထန်တိုက်ခိုက်
ချေမှုန်းခဲ့သည့်တိုက်ပွဲများ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲများအနက် အထင်ရှားဆုံးနှင့် အရေးအပါဆုံးတိုက်ပွဲများကို ဖော်ပြလိုက်ရပါသည် -
မိုဆူးလ်တိုက်ပွဲ
စင်စစ် အီရတ်၌ နာမည်ကျော်မိုဆူးလ် တိုက်ပွဲသည် ၂၀၁၆ ခုနှစ်ကတည်းက စတင် ခဲ့ခြင်းဖြစ်သည်။ အိုင်အက်စ်တပ်ဖွဲ့များသည် ၂၀၁၄ ခုနှစ် ဇွန်လကတည်းက အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို သိမ်းပိုက်ထားခဲ့ကြသည်။ မိုဆူးလ် ကို ပြန်လည်ရရှိရန် ၂၀၁၅ ခုနှစ်၌တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်၌တစ်ကြိမ် အီရတ်အစိုးရတပ်များနှင့် ပက်ရှ်မာဂါခေါ် ကာ့ဒ်ဒေသတပ်များ ကြိုးစား တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။ သို့ဖြင့် ၂၀၁၇ ခုနှစ်အတွင်းတွင် ဆက်လက် တိုက်ခိုက်ခဲ့ရသည်။
နောက်ခံသမိုင်း
မိုဆူးလ်သည် အီရတ်၏ ဒုတိယအကြီးဆုံး မြို့ဖြစ်ပြီး ၂၀၁၄ ခုနှစ်ဇွန်လတွင် အင်အား ၈၀ဝ မှ ၁၅၀ဝ ရှိသည့် အိုင်အက်စ်အဖွဲ့ဝင်များ လက်အောက် ကျရောက်ခဲ့သည်။ အီရတ်အစိုးရ သည် ရှီယိုက်များလွှမ်းမိုးသော်လည်း မိုဆူးလ်၌မူ ဆွန်နီလူဦးရေအများစုဖြစ်၍ အစိုးရဆန့်ကျင် စိတ်ရှိသူများပြားသဖြင့် ဆွန်နီအာရပ်အများစု ပါဝင်သည့် အိုင်အက်စ်တို့လက်တွင်း ကျရောက် ရန် ပိုမိုလွယ်ကူခဲ့သည်။
မိုဆူးလ်ရှိ မဟာဗလီတွင် အိုင်အက်စ်ခေါင်း ဆောင် အဘူဘာကား အယ်လ်ဘာဂါဒီသည် အီရတ်နှင့် ဆီးရီးယားနယ်မြေများကို ပေါင်းရုန်း၍ အိုင်အက်စ်တို့၏ ခါလီဖိတ်ဘာသာရေးနိုင်ငံ တော်အဖြစ် ကြေညာခဲ့သည်။ မြို့တွင် လူဦးရေ ၂ ဒသမ ၅ သန်းရှိခဲ့ရာမှ အိုင်အက်စ်တို့အုပ်စိုး သည့် ၂နှစ်အတွင်း ၁ ဒသမ ၅ သန်းသို့ကျဆင်း ခဲ့သည်။ မိုဆူးလ်တွင် အာမေးနီးယန်း၊ ယာဇီဒီ၊ အက်ဆီရီးယန်း၊ တာ့ခ်မန်နှင့် ရှာဘက်ကဲ့သို့ လူနည်းစုများအပါအဝင် လူမျိုးစုံနေထိုင်ခဲ့ပြီး အိုင်အက်စ်တို့လက်အောက်၌ ဒုက္ခခံခဲ့ရသည်။
စစ်ဆင်ရေးစတင်ခြင်း
မြေပြင်ထိုးစစ်ကြီးမစတင်မီ အမေရိကန် ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ကအလျင် အိုင်အက်စ်ပစ်မှတ်များကို လေကြောင်းမှ တိုက် ခိုက်ခဲ့သည်။ ဗြိတိန်လေတပ်မှ တိုင်ဖွန်းနှင့် တိုနေးဒိုးတိုက်လေယာဉ်များ၊ ဒရုန်းများသည် အိုင်အက်စ်တို့၏ လက်နက်ကြီးများနှင့် ခဲယမ်း သိုလှောင်ရုံများကို မြေပြင်ထိုးစစ်မတိုင်မီ ၇၂ နာရီအလိုတွင် တိုက်ခိုက်ခဲ့သည်။
ပါဝင်ကြသူများ
တိုက်ပွဲစချိန်တွင် မိုဆူးလ်၌ အိုင်အက်စ် စစ်သည် ၃၀ဝ၀ မှ ၅၀ဝ၀ ရှိကြောင်း ပင်တဂွန်က ခန့်မှန်းပြီး အချို့က အနည်းဆုံး ၂၀ဝ၀ မှ အများဆုံး ၁၂၀ဝ၀ ဟု ခန့်မှန်းကြသည်။ အီရတ်ခေါင်းဆောင်သည့် ထိုးစစ်အင်အားမှာ ၉၄၀ဝ၀ မှ ၁၀၈၅၀ဝ ခန့်ဟုဆိုသည်။ အီရတ် စစ်သည် ၅၄၀ဝ၀ မှ ၆၀ဝ၀ဝ၊ ပီအမ်ယူစစ်သည် ၁၆၀ဝ၀ နှင့် ပက်ရှ်မာဂါကာ့ဒ်စစ်သည် ၄၀ဝ၀ ခန့် ပါဝင်သည်။ ယင်းတို့တွင် အီရန်ကာ့ဒ်အမျိုး သမီးစစ်သည် ၂၀ဝ ခန့်လည်း အပါအဝင် ဖြစ်သည်။ စုစုပေါင်းစစ်သည် အချိုးအစားမှာ ၁၀ ချိုး ၁ ချိုးခန့်အထိ ကွာခြားသည်။
အမေရိကန်ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ တွင် နိုင်ငံပေါင်း ၆၀ မှပါဝင်ပြီး စစ်ဆင်ရေး၌ ထောက်ပံ့ရေး လေကြောင်းအကူ၊ ထောက်လှမ်း ရေးနှင့် တိုက်ပွဲအကြံပေးအဖြစ် ပါဝင်ကြခြင်း ဖြစ်သည်။ ယင်းပူးပေါင်းတပ်ဖွဲ့၏ ဌာနချုပ်မှာ မိုဆူးလ်တောင်ဘက် ကီလိုမီတာ ၆၀ အကွာမှ လေယာဉ်ကွင်းတစ်ကွင်း၌ အခြေပြုထားသည်။
အမေရိကန် အမှတ်(၁၀၁)လေကြောင်း ချီတပ်မှ အင်အား ၅၆၀ သည် ကွပ်ကဲရေး၊ လုံခြုံရေး၊ လေယာဉ်ကွင်း လည်ပတ်မှုနှင့်ဆက် သွယ်ရေးကျွမ်းကျင်သူများအဖြစ် ပါဝင်ခဲ့ပြီး ရော့ကက်လောင်ချာကြီးများနှင့် ဟော်ဝစ်ဇာအမြောက်ကြီးများဖြင့်လည်း ပံ့ပိုးပေးခဲ့သည်။ ပြင်သစ်စစ်တပ်မှလည်း ပထမပိုင်းတွင် စစ်သည် ၂၀ဝ နှင့် နောက်ပိုင်း၌ စစ်သည် ၇၅၀ နှင့် အမြောက်ကြီးများ ပေးပို့ခဲ့သည်။ ပြင်သစ်လေယာဉ်တင်သင်္ဘော ချားလ်စ်ဒီဂေါ သည် ရာဖေးလ်ဂျက်တိုက်လေယာဉ် ၂၄ စင်း တင်ဆောင်လျက် ဆီးရီးယားကမ်းလွန်မှတစ်ဆင့် လေကြောင်းထောက်ကူပေးခဲ့သည်။ ဂျော်ဒန်နှင့် ယူအေအီးအခြေစိုက်စခန်းများမှတစ်ဆင့် အခြားသော ပြင်သစ်ရာဖေးလ်ဂျက်တိုက် လေယာဉ် ၁၂ စင်းကလည်း တိုက်ပွဲတွင် ပါဝင် ပေးခဲ့သည်။ သြစတြေးလျ အထူးတပ်သား ၈၀ နှင့် ကနေဒါအထူးတပ်ဖွဲ့ဝင် ၂၁၀ လည်း ပံ့ပိုး ပါဝင်တိုက်ခိုက်ခဲ့ကြသည်။
အီရတ်စစ်သည်များသည် တာဂျိစစ်စခန်း တွင် ပူးပေါင်းတပ်ဖွဲ့အကူအညီဖြင့် ဓာတုဗေဒ၊ ဇီဝဗေဒ၊ ရေဒီယိုသတ္တိကြွနှင့် နျူကလီးယားကာကွယ်ရေးလေ့ကျင့်ခန်းများ သင်ယူခဲ့ကြရ သည်။ အိုင်အက်စ်တို့ မိုဆူးလ်တိုက်ပွဲတွင် ဓာတုလက်နက်အသုံးပြုမည်ကို ပူးပေါင်း တပ်ဖွဲ့က စိုးရိမ်ပူပန်ခဲ့သည်။ စစ်ဆင်ရေးကို ငါတို့လာနေပြီ နိုင်းဗက်ရှ်ဆီ ဟုအမည်ပေးလျက် ၂၀၁၆ ခုနှစ်အောက်တိုဘာ ၁၆ ရက်၌ အိုင်အက်စ်ထိန်းချုပ်သည့် နိုင်းဗက်ရှ် သို့ ဦးတည်စတင်ခဲ့သည်။ မိုဆူးလ်ကို ဝန်းရံ နေသည့် ယင်းဒေသကို တစ်ရွာပြီးတစ်ရွာ ဆက်လက်တိုက်ခိုက်ခဲ့သည်။ အီရတ်တပ် အင်အားမှာ ၂၀ဝ၃ ခုနှစ် အီရတ်ကျူးကျော်စစ် နောက်ပိုင်း အကြီးမားဆုံး တပ်ဖြန့်ချမှုဖြစ်ခဲ့ သည်။ ယင်းတိုက်ပွဲများသည် ကမ္ဘာပေါ်တွင် ၁၅ နှစ်အတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁ ရက် အရုဏ်တက်၌ အီရတ်အထူးတပ်များသည် မိုဆူးလ်အရှေ့ဘက် သို့ ဝင်ရောက်နိုင်ခဲ့ကြသည်။ အရပ်သားအထိ အခိုက်များမည်စိုး၍ စစ်ဆင်ရေးအနည်းငယ် နှေးကွေးသွားခဲ့ကာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၄ ရက်၌ အီရတ်ဝန်ကြီးချုပ်က မိုဆူးလ်အရှေ့ ခြမ်း လွတ်မြောက်ခဲ့ပြီဟု ကြေညာခဲ့သည်။ အနောက်ခြမ်းသိမ်းပိုက်ရန်မူ ဖေဖော်ဝါရီ ၁၉ ရက်မှ စတင်တိုက်ခိုက်သည်။
၂၀၁၇ ခုနှစ် ဇူလိုင် ၉ ရက်တွင် အီရတ် ဝန်ကြီးချုပ်သည် မိုဆူးလ်သို့ရောက်ရှိခဲ့ကာ ဇူလိုင် ၁၀ ရက်၌ မိုဆူးလ်တိုက်ပွဲအောင်မြင်ပြီ ဟု တရားဝင်ကြေညာခဲ့သည်။ သို့သော် မိုဆူးလ် မြို့ဟောင်း၌ အပြင်းအထန်တိုက်ခိုက်မှုများ နှစ်ပတ်ကြာ ဆက်လက်ဖြစ်ပွားခဲ့သည်။ ဇူလိုင် ၂၂ ရက်ထိ လေကြောင်းနှင့် အမြောက်ကြီး များအသုံးပြု တိုက်ခိုက်ရဆဲဖြစ်ကာ ယင်းတို့ သည် အပြီးသတ်ရှင်းလင်းရေးတိုက်ပွဲများဖြစ် ကြောင်း အီရတ်စစ်ဘက်နှင့် ပူးပေါင်းတပ်ဖွဲ့ တို့က ထုတ်ပြန်ခဲ့သည်။
တိုက်ပွဲအပြီး မိုဆူးလ်မှ ဖောက်ခွဲရေး ပစ္စည်းများ ဖယ်ရှားရန်နှင့် မြို့ပြန်လည်ပြုပြင် ရန် ရှေ့လာမည့် ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ လိုအပ်သည်ဟု ခန့်မှန်းကြသည်။ မိုဆူးလ်မြို့ဟောင်း ပြန်လည်ပြုပြင်ရေးတစ်ခု တည်းအတွက်ပင် ဒေါ်လာ ၁ ဘီလီယံကုန် ကျမည်ဖြစ်သည်။
မိုဆူးလ်တိုက်ပွဲသည် စုစုပေါင်း ၉ လနှင့် ၅ ရက် ကြာမြင့်ခဲ့ပြီး အီရတ်နှင့် ပူးပေါင်းတပ် များဘက်မှ ၁၂၃၅ မှ ၁၄၃၅ ဦး ကျဆုံးကာ ၆၀၉၀ မှ ၇၁၂၀ ဦး ဒဏ်ရာရခဲ့ကြောင်း အမေ ရိကန်စာရင်းက ဖော်ပြခဲ့သည်။ ကျဆုံးသူ အများစုမှ အီရတ်စစ်သည်များဖြစ်၍ အနည်း ဆုံး ၁၂၀ဝ ခန့် ရှိသည်။ အီရတ်စစ်ဘက်မှ တိုက်ပွဲအတွင်း ထုတ်ပြန်ချက်အရ အိုင်အက်စ် ၇၇၅၇ မှ ၁၀၈၅၉ သေဆုံးခဲ့သည်ဟုဆိုသည်။ အရပ်သားထိခိုက်မှုစာရင်းမှာ အမျိုးမျိုး ကွဲပြားခဲ့ပြီး ကုလသမဂ္ဂစာရင်းအရ အနည်းဆုံး ၂၅၂၁ ဦး သေဆုံးကာ အခြား ၁၆၇၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။ ဂျိုဝယ်ဝင်းဆိုသူ လေ့လာသူတစ်ဦးကမူ အရပ်သား ၆၃၀ဝ ကျော်သေဆုံးကာ ၁၇၀ဝ၀ ကျော် ဒဏ်ရာရခဲ့ ကြောင်း ၂၀၁၇ ခုနှစ်မတ်လ၌ ပြောဆိုခဲ့သည်။ ထို့ပြင် စာနယ်ဇင်းသမား ပြင်သစ်နှစ်ဦးနှင့် အီရတ် ၄၇ ဦး သေဆုံးကာ အခြားအီရတ် စာနယ်ဇင်းသမား ၅၅ ဦး ဒဏ်ရာရခဲ့ကြသည်။ ကုလသမဂ္ဂနှင့် အီရတ်အစိုးရအဆိုအရ တိုုက် ပွဲကြောင့် အိုးအိမ်စွန့်ခွာရသူ ၉၂၀ ဝ၀ဝ ရှိခဲ့ သည်ဟုလည်း သိရသည်။
၂၀၁၇ ခုနှစ် ချက်ပ်ဆာတိုက်ပွဲ
၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ချက်ပ်ဆာတိုက်ပွဲသည် ရက်ပ်ဆာစစ်ဆင်ရေး (၂၀၁၆-၂၀၁၇)၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး အိုင်အက်စ်များလက်မှ တက်ပ်ဆာဆည်၊ အဲသဝါးမြို့၊ တက်ဘ်ဆာလေတပ်စခန်းတို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲဖြစ်သည်။ ယင်းတိုက်ပွဲတွင် ဆီးရီးယားဒီမိုကရက် တစ်တပ်(အက်စ်ဒီအက်ဖ်)နှင့် ကာ့ဒ်ပြည်သူ့စစ်များပါဝင်တိုက်ခိုက်ခဲ့ကာ အမေရိကန်စစ် ဘက်က ထောက်ပံ့ကူညီခဲ့သည်။ ၂၀၁၇ ခုနှစ် မတ် ၂၂ ရက်၌ စစ်ဆင်ရေးစကာ တစ်လ၊ နှစ်ပတ်နှင့် လေးရက်အကြာ မေ ၁၀ ရက်၌ တက်ဘ်ဆာမြို့နှင့် တက်ဘ်ဆာဆည်တို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ အင်အားအနေဖြင့် အက်စ်ဒီအက်ဖ်တပ်သား ၁၀ဝ၀ မှ ၃၀ဝ၀ နှင့် အမေရိကန်အထူးတပ်သား ၅၀ဝ ပါဝင်ခဲ့ကာ တစ်ဘက်မှ အိုင်အက်စ် အင်အားမှာ ၁၃၀ဝ မှ ၂၀ဝ၀ ခန့်ဖြစ်သည်။ ထိခိုက်ကျဆုံးမှုမှာ အမေရိကန်ထုတ်ပြန်ချက် အရ အက်စ်ဒီအက်ဖ်တပ်သား ၁၀ဝ ခန့် ကျဆုံး သည်ဟုဆိုသည်။ အိုင်အက်စ် ၁၃၃ မှ ၃၄၀ ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း အက်စ်ဒီအက်ဖ်က ကြေညာခဲ့ပြီး တိုက်ပွဲအတွင်း အရပ်သား ၇၀ဝ၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရသည်။
၂၀၁၇ ခုနှစ် ရက်ပ်ဆာတိုက်ပွဲ
၂၀၁၇ ခုနှစ်အတွင်းမှ ရက်ပ်ဆာတိုက်ပွဲ သည် ရက်ပ်ဆာစစ်ဆင်ရေး(၂၀၁၆-၂၀၁၇)၏ ပဉ္စမမြောက်နှင့် နောက်ဆုံးအဆင့်ဖြစ်သည်။ ဆီးရီးယားဒီမိုကရက်တစ်တပ် (အက်စ်ဒီအက်ဖ်)က အိုင်အက်စ်တို့ ၂၀၁၄ ခုနှစ်က မြို့တော် ကြေညာထားသည့် ရက်ပ်ဆာကို ပြန်လည် သိမ်းပိုက်ရန် ရည်ရွယ်သည့်တိုက်ပွဲဖြစ်သည်။ ၂၀၁၇ ခုနှစ် ဇွန် ၆ ရက်၌ တိုက်ပွဲများစတင် ခဲ့ကာ အမေရိကန်ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ က လေကြောင်းနှင့် မြေပြင်အထောက်အကူများ ပေးခဲ့သည်။ စစ်ဆင်ရေးကို ကြီးမြတ်သောတိုက် ပွဲဟု အက်စ်ဒီအက်ဖ်က အမည်ပေးခဲ့သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၇ ရက်၌ ရက်ပ်ဆာကို အက်စ်ဒီအက်ဖ်က အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့သည်။ တိုက်ပွဲအစအဆုံး ၄ လ၊ ၁ ပတ်နှင့် ၄ ရက် ကြာမြင့်ခဲ့သည်။
ပါဝင်တိုက်ခိုက်သည့်အင်အားမှာ အက်စ်ဒီ အက်ဖ်ဘက်မှ စုစုပေါင်း ၃၀ဝ၀ဝ မှ ၄၀ဝ၀ဝ ထိဖြစ်ပြီး အိုင်အက်စ်တို့ဘက်မှ အင်အား ၃၀ဝ၀ မှ ၅၀ဝ၀ အထိသာဖြစ်သည်။ အကျ အဆုံးမှာ အက်စ်ဒီအက်ဖ်ဘက်မှ ၆၆၀ ခန့်ဖြစ် သည်။ အိုင်အက်စ်တို့ဘက်တွင် ၁၃၇၁ ဦး သေဆုံးခဲ့ပြီး အရပ်သား ၁၃၃၃ ဦးလည်း သေဆုံးခဲ့ကာ အရပ်သားသောင်းချီ အိုးအိမ် စွန့်ခွာခဲ့ရသည်ဟုလည်း သိရသည်။
၂၀၁၇ ဆီးရီးယားအလယ်ပိုင်းစစ်ဆင်ရေး
ဆီးရီးယားစစ်တပ်သည်လည်း အိုင်အက်စ် တို့ကို တိုက်ခိုက်ရန် နိုင်ငံအလယ်ပိုင်းတွင် ဇူလိုင် ၁၄ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ ၃ လကျော်အတွင်း ကြီးမားသည့်စစ်ဆင်ရေး များ ဆင်နွှဲခဲ့သည်။ ရည်ရွယ်ချက်မှာ ရေနံ ြွကယ်ဝသည့် မဟာဗျူဟာနယ်မြေ အယ်လ် ဆက်ခ်နာကို အိုင်အက်စ်တို့လက်မှ ပြန်လည် သိမ်းပိုက်နိုင်ရေးဖြစ်သည်။ ဆီးရီးယားစစ်တပ်သည် ဒဲလောက်ဇာသို့ ရှေးဦးစွာထိုးဖောက်၍ အိုင်အက်စ်တို့ သုံးနှစ် တာစိုးမိုးမှုမှ လွတ်မြောက်စေခဲ့သည်။ ယင်းနောက် အိုင်အက်စ်တို့က ဆီးရီးယား၌မြို့တော်သတ်မှတ်ထားသည့် မယာဒင်သို့ ဦးတည်ချီတက်ခဲ့ သည်။ ယင်းစစ်ဆင်ရေးသည် အက်စ်ဒီအက်ဖ် တို့၏ ရက်ပ်ဆာစစ်ဆင်ရေးနှင့် တစ်ပြိုင်တည်း ဖြစ်သည်။
ဆီးရီးယားစစ်တပ်ဘက်မှ ရုရှားနှင့် အီရန်တို့ ကူညီခဲ့ပြီး စတုရန်းကီလိုမီတာ ၁၇၀ဝ၀ ကို လွတ်မြောက်စေခဲ့ကာ အိုင်အက်စ်တပ်များကို နှစ်ပိုင်းကွဲသွားစေခဲ့သည်။ ဆီးရီးယားစစ်အင်အား ၅၀ဝ၀ဝ ခန့်ပါဝင်ခဲ့ပြီး အိုင်အက်စ်ဘက်မှ ထောင်ချီ ပါဝင်ခဲ့သည်ဟုသာ သိရသည်။ ဆီးရီးယားစစ်သည် ၉၀ဝ ကျော် ကျဆုံးခဲ့ပြီး အိုင်အက်စ် ၁၃၉၄ ဦး သေဆုံးခဲ့ကာ အရပ်သား ၁၉၀ ခန့်လည်း သေဆုံးခဲ့ကြရသည်။
၂၀၁၇ ခုနှစ်နှောင်းပိုင်း အီရတ်စစ်ဆင်ရေးများ
အီရတ်စစ်တပ်သည် တဲလ်အဖာတိုက်ပွဲ ဆင်နွှဲကြောင်း သြဂုတ် ၂၀ ရက်၌ ကြေညာခဲ့ကာ သြဂုတ် ၃၁ ရက်တွင် တိုက်ပွဲပြီးဆုံးပြီး အောင်ပွဲ ရရှိခဲ့သည်။ ယင်းတိုက်ပွဲ၌ အီရတ်စစ်သည် ၄၀ဝ၀ဝ နှင့် ပြည်သူ့စစ် ၂၀ဝ၀ဝ ပါဝင်ခဲ့ပြီး အင်အား ၁၅၀ဝ မှ ၂၀ဝ၀ ရှိ အိုင်အက်စ်တို့ကို ချေမှုန်းခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း အီရတ် ဘက်မှ ၁၁၅ ဦး ကျဆုံးခဲ့၍ ၆၇၉ ဦး ဒဏ်ရာ ရခဲ့ကာ အိုင်အက်စ် ၁၂၀ဝ ခန့်ကို သတ်ဖြတ် နိုင်ခဲ့ကြောင်း အမေရိကန်တို့က ခန့်မှန်းခဲ့သည်။ အရပ်သား ၄၀၇၅၈ ဦးလည်း အိုးအိမ်စွန့်ခွာ ခဲ့ကြရသည်။ စက်တင်ဘာအတွင်းတွင်လည်း အီရတ် စစ်တပ်သည် အမေရိကန်နှင့် ပူးပေါင်းတပ်ဖွဲ့ အကူဖြင့် အကာရှက်စစ်ဆင်ရေး၊ အနာ့ရှ်စစ်ဆင် ရေးနှင့် ဟော်ဂျာစစ်ဆင်ရေးများ ဆင်နွှဲခဲ့ပြီး အနောက်ပိုင်းအန်ဘာစစ်ဆင်ရေးကို အဆုံး သတ်ခဲ့သည်။ အကာရှက်မြို့၊ အနာ့ရှ်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
အောက်တိုဘာတွင် ဟော်ဂျာစစ်ဆင်ရေး၊ ကာကွပ်တိုက်ပွဲများ အဆုံးသတ် အနိုင်ရခဲ့ သည်။ အောက်တိုဘာ ၂၆ ရက်၌ အီရတ်စစ်တပ် သည် အိုင်အက်စ်တို့အပေါ် နောက်ဆုံးစစ်ဆင် ရေးကို စတင်ဆင်နွှဲခဲ့သည်။ နိုဝင်ဘာ ၃ ရက်၌ အိုင်အက်စ်တို့လက်တွင်း မှ နောက်ဆုံးမြို့တစ်မြို့ဖြစ်သည့် အယ်လ်ကွိမ်း မြို့တွင်းသို့ အီရတ်တပ်များ ဝင်ရောက်နိုင်ခဲ့ သည်။ နိုဝင်ဘာ ၁၁ ရက်၌ အိုင်အက်စ်တို့၏ နောက်ဆုံးအခိုင်အမာစခန်းဖြစ်သည့် ရာဝါကို သိမ်းပိုက်နိုင်ရေး အီရတ်တပ်များ ထိုးစစ်စတင် သည်။ ယင်းနေ့၌ပင် ဟော်ဂျာ၌ အလောင်း ၄၀ဝ ကို အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် သင်္ချိုင်းတစ်ခုကို တွေ့ရှိခဲ့ရသည်။
အိုက်အက်စ်နှင့် တိုက်သည့်စစ်ပွဲပြီးဆုံးကြောင်း ကြေညာခြင်း
ရာဝါကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၉ ရက်၌ကား အီရတ်အစိုးရသည် အိုင်အက်စ် တို့အပေါ် ဆင်နွှဲနေသည့် စစ်ပွဲပြီးဆုံးခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဆီးရီးယားဘက်၌ လည်း ဒီဇင်ဘာ ၇ ရက်ကပင် ရုရှားစစ်ဘက်အဖို့ အိုင်အက်စ် ချေမှုန်းရေးစစ်ဆင်မှုများ ပြီးမြောက် ခဲ့ပြီဟု ကြေညာခဲ့သည်။ ဤသို့ဖြင့် အခြေခံဝါဒီများ၊ ဝါဟာဘီနှင့် ဆွန်နီမွတ်စလင်အယူမှ အများနှင့်ဆန့်ကျင်သူ ဝါဒီများဖြင့် ဖွဲ့စည်း ထူထောင်ခဲ့သည့် ဆလာဖိ ဂျီဟတ်စစ်သွေးြွကအဖွဲ့နှင့် ဘာသာရေးအစွန်း ရောက် ရှေ့ပြေးနိုင်ငံတော် ထူထောင်ခဲ့သည့် အိုင်အက်စ်အဖွဲ့သည် ထူထောင်အပြီး ၃ နှစ် အတွင်း၌ပင် အခြေတည်ရာ အဓိကနိုင်ငံနှစ်ခု တွင် စစ်ရေးအင်အား ပြိုကွဲခဲ့ရလေပြီ။ လူ ၁၀ သန်းကျော်ကို တိုက်ရိုက်စိုးမိုးခဲ့ပြီး အစွန်းရောက် အယူနှင့် ရက်စက်မှုများတင်ပို့ခဲ့သည့် အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ အဓိက အင်အားစုပြိုကွဲသွား သော်လည်း ၄င်းတို့အယူကိုလက်ခံကာ တစ်ကိုယ် တော်ဖြစ်စေ အင်အားအနည်းငယ်ဖြင့်ဖြစ်စေ အကြမ်းဖက်တိုက်ခိုက်မည့် အန္တရာယ်ကား ကျန်ရှိနေဆဲဖြစ်ပါ၏။
အိုင်အက်စ်တို့ စစ်ရေးအရပြိုကွဲသွားသော် လည်း အခြားသော အစွန်းရောက်ဂျီဟတ်ဝါဒီ တို့၏ ခြိမ်းခြောက်မှုများလည်း ရှိနေသေးသည်။ ပြန့်ကြဲထွက်ပြေးသွားသည့် လက်ကျန်အိုင်အက်စ် များ၊ ၄င်းတို့အယူစွဲကို လက်ခံသူများ၊ အခြား အစွန်းရောက်အကြမ်းဖက်သမားများကို ကမ္ဘာ ကြီးက မည်သို့မည်ပုံ ဆက်လက်ရှင်းလင်းနိုင် မည်ကို လာမည့်နှစ်သစ် ၂၀၁၈ ခုနှစ်သစ် ငွေရောင်ပိတ်ကားပေါ်၌ ဆက်လက်စောင့်ကြည့် ကြရဦးမည်ဖြစ်ပါကြောင်း။










