၂၀၁၇လက်ရှိအချိန်အထိ ဘီလျံနာသူဌေးအများဆုံး နိုင်ငံမှာ ကမ္ဘာပေါ်တွင် အတိုးတက်ဆုံးဖြစ်သည့် အမေရိကန်နိုင်ငံပင်ဖြစ်သည်။ သို့သော် အာရှ တိုက်ရှိ အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ် နှင့်အိန္ဒိယတို့သည် စီးပွားရေး အလျင်အမြန် တိုးတက်လာသကဲ့သို့ ယင်းတို့မှ ချမ်းသြွာကယ်ဝ သူလည်း အများအပြားပေါ်ထွက်လာခဲ့သည်။ နောင်လာမည့် လေးနှစ်ဆိုပါက အာရှတိုက်ရှိ ဘီလျံနာဦးရေသည် အမေရိကန်ရှိ ဘီလျံနာ ဦးရေကို ကျော်တက်သွားလိမ့်မည်ဟု ဆွစ်ဇာ လန်အခြေစိုက် ယူဘီအက်စ်ဘဏ်လုပ်ငန်းကြီးက ခန့်မှန်းတွက်ဆထားသည်။
၂၀၁၆ ခုနှစ်အတွင်း အသစ်တိုးပွားလာသည့် ဘီလျံနာဦးရေ၏ ၇၅ ရာခိုင်နှုန်းမှာ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှဖြစ်ခဲ့သည်ဟု ဆိုသည်။ ယင်း တစ်နှစ်အတွင်း တရုတ်၌ ဘီလျံနာ ၆၇ ဦး၊ အိန္ဒိယ၌ ၁၆ ဦး တိုးပွားလာခဲ့ကြောင်း ကမ္ဘာ့ အြွကယ်ဝဆုံးသူဌေးတို့၏ ဖောက်သည် ဆွစ် ဘဏ်လုပ်ငန်းကြီးမှစာရင်းက ဖော်ပြသည်။
လက်ရှိအချိန်အထိ အမေရိကန်ပြည်ထောင်စု သည် ကမ္ဘာတွင် ဘီလျံနာအများဆုံးရှိသည့် နိုင်ငံအဖြစ် ရပ်တည်နေဆဲဖြစ်ကာ စုစုပေါင်း ဘီလျံနာ ၅၆၃ ဦးအထိ ရှိနေသည်။ ၎င်းဘီလျံနာ အားလုံး၏ ကြွယ်ဝမှုမှာလည်း ဒေါ်လာ ၂ ဒသမ ၈ ထရီလီယံ(တစ်ထရီလီယံ=သန်းပေါင်း တစ်သန်း) ဖြစ်ကြောင်း သိရသည်။ အမေရိကန်နောက်မှ ဒုတိယလိုက်သူကား တရုတ်ဖြစ်ပြီး ဘီလျံနာ ၃၁၈ ဦးရှိနေပြီဖြစ် သည်။ တတိယဆင့်၌ ဂျာမနီရှိပြီး ဘီလျံနာ ၁၁၇ ဦး ရှိသည်။ စတုတ္ထသည် အိန္ဒိယဖြစ်ပြီး ဘီလျံနာ ၁၀ဝ ရှိသည်။ ပဉ္စမမှာ ရုရှားဖြစ်ပြီး ဘီလျံနာ ၉၆ ဦးရှိ၍ ဆဋ္ဌမသည် ဘီလျံနာ ၆၉ ဦးရှိသည့် ဟောင်ကောင်ဖြစ်ပါသည်။
သတ္တမအဆင့်မှာ ဗြိတိန်ဖြစ်ပြီး ဘီလျံနာ ၅၅ ဦးရှိကာ အဋ္ဌမသည် အီတလီဖြစ်၍ ဘီလျံနာ ၄၂ ဦး ရှိသည်။ နဝမမှာ ပြင်သစ်ဖြစ်၍ ဘီလျံနာ ၃၉ ဦးဖြစ်ပြီး ဒသမသည် ဘီလျံနာ ၃၅ ဦးရှိသည့် ဆွစ်ဇာလန်ဖြစ်သည်။ ယင်းတို့ နောက်တွင်ကား ဂျပန်၌ ၃၃ ဦး၊ တူရကီ၌ ၂၉ ဦး၊ စပိန်၌ ၂၅ ဦးနှင့် စင်ကာပူ၌ ဘီလျံနာ ၂၁ ဦး အသီးသီးရှိနေကြသည်။ ကမ္ဘာကြီးတွင် ဤကဲ့သို့သော ဘီလျံနာများ တိုးပွားလာသော်လည်း တစ်ဖက်တွင် ကမ္ဘာ့ လူဦးရေ၏ ထက်ဝက်နီးပါးဖြစ်သည့် သန်း ပေါင်း သုံးထောင်ကျော်သော လူသားများသည် တစ်ရက်လျှင် ၂ ဒသမ ၅ ဒေါ်လာထက်နည်း သောဝင်ငွေဖြင့် ရုန်းကန်ရှင်သန်နေရသည်။ လူသားသန်းပေါင်း ၁၃၀ဝ ကျော်သည် တစ်ရက် လျှင် ၁ ဒသမ ၂၅ ဒေါ်လာအောက်သာရရှိပြီး အလွန်အမင်း ဆင်းရဲမွဲတေနေကြသည်။ ကမ္ဘာ တစ်ဝန်းမှ ကလေးသန်းတစ်ထောင်သည် ဆင်း ရဲစွာ ရှင်သန်နေကြရသည်။ ဆင်းရဲမွဲတေခြင်း ကြောင့် တစ်ရက်လျှင် ကလေး ၂၂,ဝ၀ဝ အသက် သေဆုံးရကြောင်း ယူနီဆက်ဖ်က ပြောသည်။
တစ်နည်းအားဖြင့် ကမ္ဘာ့စီးပွားရေး မည်သို့ မည်ပုံရှိနေပါစေ၊ မည်သူတွေက ကမ္ဘာ့စီးပွား ရေးတွင် အားကောင်းမောင်းသန်ဖြစ်နေပါစေ၊ ဆင်းရဲချမ်းသာကွာဟမှုနှင့် မညီမျှမှုများက အကြီးအကျယ်တည်ရှိနေကာ ဤလူ့ဘောင် ကြီးကို ခြိမ်းခြောက်နေသကဲ့သို့ပင်...။
သုခဘုံစာတမ်းများ
၂၀၁၇ ခုနှစ်ကား ကမ္ဘာကျော်တို့ မအီမသာ ဖြစ်ခဲ့ရသောနှစ်ဟုဆိုလျှင် မမှား။ နာမည်ကျော် U2 အဖွဲ့မှ ဘိုနို၊ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဝီလ်ဘာရို့စ်၊ ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ် စသည့်ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ အက်ပဲလ်၊ နစ်ကီ စသည့် နာမည်ကျော်ကုမ္ပဏီကြီးများက ပိုင်ဆိုင် မှုများကို အခွန်အခသက်သာသည့် အခွန် သုခဘုံဒေသများတွင် တိတ်တဆိတ်လွှဲပြောင်း မြှုပ်နှံထားမှုများ ဖွင့်ချခံခဲ့ရသောကြောင့် ဖြစ် သည်။ Paradise Papers (သုခဘုံစာတမ်းများ) ဟုအမည်ရသော မှတ်တမ်းများတွင် အချက် အလက်ပေါင်း ၁၃ သန်းကျော်ပါဝင်ပြီး အများစု မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Appleby ထံမှ ဟက်ကာများက ခိုးယူကာ ဖွင့်ချလိုက်သော မှတ်တမ်းအချက်အလက်များဖြစ်သည်။ နိုင်ငံ တကာစုံစမ်းထောက်လှမ်းသတင်းသမားများအဖွဲ့(ICIJ )က ဖွင့်ချလိုက်ခြင်းဖြစ်သည်။ICIJ အဖွဲ့ဝင်များထဲတွင် ဘီဘီစီ၊ နယူးယောက် တိုင်းမ်အပါအဝင် မီဒီယာပေါင်း ၉၅ ခုပါဝင်ပြီး နိုဝင်ဘာ ၅ ရက်ကစတင်၍ မှတ်တမ်းများကို ဖွင့်ချခဲ့ခြင်းဖြစ်သည်။
ICIJ က ယခင်တစ်ခေါက်ကလည်း ၂၀၁၆ ဧပြီတွင် Panama Papers (ပနားမားစာတမ်း များ) ကိုဖွင့်ချခဲ့ရာ အခွန်သက်သာသည့် အခွန် သုခဘုံဒေသများ၌ လူချမ်းသာများ၊ လုပ်ငန်း ကြီးများက ရင်းနှီးမြှုပ်နှံထားမှုများကို မီးမောင်း ထိုးပြနိုင်ခဲ့သည်။ အခွန်သုခဘုံဒေသများတွင် ရင်းနှီးမြှုပ်နှံ မှုများရွှေ့ပြောင်းထားခြင်းသည် တရားဥပဒေ ချိုးဖောက်သည့်လုပ်ရပ် မဟုတ်သော်လည်း မိမိတို့၏ဇာတိနိုင်ငံ၌ ကြီးလေးသောအခွန်ကို မဆောင်လို၍ အခြားဒေသများသို့ ပိုင်ဆိုင်မှုများ ရွှေ့ထားကာ အခွန်ဆောင်ရသက်သာအောင် လုပ်ခြင်းသည် နိုင်ငံသားကောင်းတာဝန်ကို လက်တစ်လုံးခြား ရှောင်လွှဲသည့် ဂုဏ်သိက္ခာ ပိုင်းဆိုင်ရာ ချိုးဖောက်မှုမြောက်လျက်ရှိသည်။
အက်ပဲလ်၊ နစ်ကီ စသည့်ကုမ္ပဏီကြီးများ သည် အမြတ်များများကျန်စေရန် အမြတ်ငွေ များကို အခွန်သုခဘုံဒေသများသို့ လွှဲပြောင်း ထားခြင်းကို ယခု Paradise Papers က မီးမောင်းထိုးပြနိုင်ခဲ့သည်။ ဥပမာ- နစ်ကီကုမ္ပဏီ သည် ၎င်းတို့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်များ ကို ဘာမြူဒါသို့ရွှေ့ပြောင်းထားရှိခြင်းဖြင့် ကမ္ဘာ တစ်ဝန်းတွင် ယခင်က အခွန်ရာခိုင်နှုန်း ၃၀ ခန့်ဆောင်ခဲ့ရရာမှ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ ကြားသာ ဆောင်ရစေရန် ဖန်တီးထားခဲ့ ကြောင်း ပေါ်ပေါက်လာသည်။
ဗြိတိန်ဘုရင်မကြီး၏ပိုင်ဆိုင်မှုအချို့ကို စီမံ ခန့်ခွဲပေးနေသောကုမ္ပဏီသည်လည်း ပိုင်ဆိုင်မှု အချို့ကို အခွန်သုခဘုံဒေသအချို့တွင် လွှဲပြောင်း မြှုပ်နှံခဲ့ကြောင်း Paradise Papers က ဖော်ပြ ခဲ့ပြီး နောက်ဆက်တွဲစစ်ဆေးမှုများအရမူ ထို မြှုပ်နှံမှုသည် အခွန်လျှော့လိုသည့် ရည်ရွယ်ချက် မျိုးကားမရှိဟု စစ်ဆေးတွေ့ရှိခဲ့ရသည်။
ပြည်ပငွေကြေးလုပ်ငန်းများထံသို့ ငွေများ လွှဲပြောင်းမြှုပ်နှံခြင်းသည် မှားယွင်းသည်ဟုဆို ပါက ဗြိတိန်အပါအဝင် နိုင်ငံအများအပြားမှ လူအများအပြားသည် ရာဇဝတ်သားများဖြစ်ကုန် ဖွယ်ရှိသည်။ ပုဂ္ဂလိကငွေကြေးအဖွဲ့အစည်းများ၊ စွန့်ဦးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည်လည်း အခွန်သုခဘုံဒေသများတွင် ငွေကြေးများပို့ကာ မြှုပ်နှံထားကြသည်ပဲ ဖြစ်သည်။ ထိုအပြုအမူ သည် ဇာတိနိုင်ငံ၏အခွန်ကိုရှောင်ရန် မဟုတ် သော်လည်း အခွန်သက်သာရန်အတွက် အခွန် နည်းသော ကြားခံဒေသများကို အသုံးချခြင်း ဖြစ်သည်။ ပနားမားစာတမ်းများ ပေါက်ကြားစဉ် ကကဲ့သို့ သုခဘုံစာတမ်းများသည် တစ်ကမ္ဘာ လုံးကို တုန်လှုပ်စေခြင်းမရှိခဲ့ကြောင်းလည်း တွေ့ရသည်။ ပနားမားစာတမ်းများပေါက်ကြား စဉ်က ပါကစ္စတန်နှင့် အိုက်စလန်ခေါင်းဆောင် များ၏ ပြည်ပရင်းနှီးမြှုပ်နှံမှုများပေါ်ပေါက်ကာ ၎င်းခေါင်းဆောင်များ ရာထူးပြုတ်ကျသည်အထိ ဖြစ်ပွားခဲ့သည်။ နိုင်ငံအများအပြား၌လည်း အခွန်ရှောင်မှု၊ ငွေမည်းခဝါချမှုများဖြင့် ထိပ်တန်း ပုဂ္ဂိုလ်အများအပြားကို ဖမ်းဆီးစစ်ဆေးမှုများ ပေါ်ပေါက်ခဲ့သည်။
သို့သော် ယခုကဲ့သို့ ပေါက်ကြားမှုကြောင့် နိုင်ငံဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများတွင် အခွန် ဥပဒေဆိုင်ရာ ယိုကွက်ဟာကွက်များ ထွက်ပေါ် လာသဖြင့် အစိုးရများအနေဖြင့် ပြင်ဆင်နိုင်ပါက နိုင်ငံ့အခွန်ဘဏ္ဍာ များစွာတိုးပွားလာဖို့ရှိသည်။
အခွန်ဘဏ္ဍာယိုပေါက်များ
အိုအီးစီဒီအဖွဲ့၏ ခန့်မှန်းချက်အရ ကမ္ဘာ တစ်ဝန်းတွင် ယခုကဲ့သို့ တရားဝင်ဘောင်အတွင်း မှပင် အခွန်ယိုပေါက်များကြောင့် ကမ္ဘာ့အစိုးရ မှာ စုစုပေါင်း ဆုံးရှုံးရမှုသည် တစ်နှစ်လျှင် ဒေါ်လာဘီလီယံ ၂၄၀ ခန့်ရှိကြောင်း သိရသည်။ သို့သော် ကမ္ဘာ့နိုင်ငံများတွင် တစ်ပြေးညီ နယ်စပ်ဖြတ်ကျော်အခွန်စည်းမျဉ်းများ သတ် မှတ်ရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲမည့် ကိစ္စမျိုးဖြစ်သည်။ လက်ရှိမှာပင် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် အမေရိကန်နည်းပညာ ကုမ္ပဏီများကို ဥရောပကအခွန်စည်းကြပ်မှုနှင့် ပတ်သက်ပြီးအငြင်းပွားနေကြရာ ဘုံသဘောတူ နိုင်မည့် အခွန်စည်းမျဉ်းများသတ်မှတ်ရန်မှာ ပို၍ပင် ခက်ခဲလိမ့်ဦးမည်။ အခွန်သုခဘုံဒေသ များရှိနေမှုကို ထောက်ခံသူများကမူ ထိုသို့ ကြားခံအခွန်သက်သာသော ဒေသများရှိနေ ခြင်းကြောင့် ကမ္ဘာ့ဒေသအသီးသီးမှ ရင်းနှီး မြှုပ်နှံသူများသည် သုခဘုံဒေသများသို့ ငွေ ကြေးများပို့ကာ ထိုငွေကြေးအစုအဝေးဖြင့် အခြားသောဒေသများ၊ ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများတွင် လိုအပ်နေသည့်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံပေးနိုင်သည့် အကျိုးရှိကြောင်း ထောက်ပြထားကြသည်။
သို့သော် ဥရောပသမဂ္ဂကမူ သုခဘုံနိုင်ငံ များ၊ ဒေသများကို ဖြိုခွဲမည်ဟုကြေညာခဲ့ပြီး တရားမျှတမှုမရှိသောနည်းလမ်းဖြင့် အခွန် ရှောင်နိုင်ရန် အားပေးကူညီမှုဖြင့် ဥရောပသမဂ္ဂ အပြင်ဘက်မှ ၁၇ နိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းခဲ့သည်။ ၁၇ နိုင်ငံအပြင် နောက်ထပ် နိုင်ငံပေါင်း ၄၀ ကိုလည်း စောင့်ကြည့်စာရင်း ထည့်သွင်းထားပြီး ထိုနိုင်ငံများအနေဖြင့် အခွန် သုခဘုံဖြစ်နေသည့်အနေအထားကို ပြုပြင်ပြောင်း လဲခြင်းမရှိပါက အမည်ပျက်စာရင်းအတွင်း ထပ်မံထည့်သွင်းခံရမည်ဟုလည်း ဥရောပသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ဗဲဒစ်ဒွန်ဘရိုစကီက သတိပေး ထားသည်။
အခွန်သုခဘုံဒေသများသည် ဥရောပသမဂ္ဂ၏ ဥပဒေလက်တံအောက်မှ ရှောင်ထွက်ရန် မဖြစ် နိုင်ကြောင်း၊ ထိုဒေသများ နည်းသထက်နည်း သွားအောင် ဆက်လက်ဖိအားပေးသွားမည်ဖြစ် ကြောင်း မစ္စတာဒွန်ဘရိုစကီက ပြောဆိုသည်။
ပိတ်ပင်ခံရသည့် ၁၇ နိုင်ငံသည် ပြီးခဲ့သည့် တစ်နှစ်တာလုံး ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း ပြုပြင်ပြောင်းလဲရန် ငြင်းဆန်ခဲ့သဖြင့် ယခုကဲ့သို့ အမည်ပျက်စာရင်း ထည့်သွင်းလိုက်ခြင်းဖြစ်သည်။ အမေရိကန် ဆာမိုအာ၊ ဘာရိန်း၊ ဘာဘာဒို့စ်၊ ဂရီနာဒါ၊ ဂွမ်၊ တောင်ကိုရီးယား၊ မကာအို၊ မာရှဲလ်ကျွန်းစုများ၊ မွန်ဂိုလီးယား၊ နမီးဘီးယား၊ ပလာယူ၊ ပနားမား၊ စိန့်လူစီယာ၊ ဆာမိုအာ၊ ထရီနီဒက်နှင့် တိုဘာဂို၊ တူနီးရှား၊ ယူအေအီး နိုင်ငံများဖြစ်သည်။
ပနားမားသမ္မတ ဟွမ်ကားလို့စ်ဗီရဲလာကမူ အမည်ပျက်စာရင်းထည့်သွင်းခံရခြင်းကို ကန့် ကွက်ထားသည်။ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုများ တောက်လျှောက်ဖော်ဆောင်နေကြောင်း ချေပပြောကြားခဲ့သည်။ ပနားမားသည် ပနားမား စာတမ်းများ၊ သုခဘုံစာတမ်းများထဲတွင်ပါသော သတင်းအချက်အလက်များပေါက်ကြားမှုဖြစ်ခဲ့သည့်ကုမ္ပဏီများရုံးစိုက်ရာ ပင်မနိုင်ငံဖြစ် နေသည်။
ဆင်းရဲချမ်းသာကွာဟမှု
ပနားမားနှင့် သုခဘုံစာတမ်းများအရ လူချမ်းသာများသည် ပနားမားနှင့် အခြားအခွန် သုခဘုံဒေသများတွင် အမည်ခံကုမ္ပဏီများ ထူ ထောင်ကာ မိခင်နိုင်ငံ၏အခွန်ကို ရှောင်နေကြ သည့်လုပ်ရပ်များ ပေါ်ပေါက်လာခဲ့သည်။ ထိုသို့ ချမ်းသာသူများက မိခင်နိုင်ငံတွင် အခွန်ဆောင် ရန် ရှောင်ရှားမှု၊ အခွန်များများဆောင်ရမည့် နေရာတွင် နည်းနည်းဆောင်ရအောင် ဖန်တီးမှု များကြောင့် မိခင်နိုင်ငံများသည် အခွန်အခ လျော့ကျကာ အောက်ခြေလူတန်းစားများ ဆင်းရဲ နွမ်းပါးမှုလျော့ကျရေးလုပ်ငန်းများတွင် အား မစိုက်နိုင်ခဲ့သည့် အကျိုးဆက်အဖြစ် ဆင်းရဲ ချမ်းသာကွာဟမှုမြင့်မားလာရကြောင်း ကမ္ဘာ့ ဘဏ်ကလည်း ထောက်ပြထားသည်။
အထူးသဖြင့် အရှေ့အာရှနိုင်ငံများတွင် ဆင်းရဲချမ်းသာကွာဟမှု ပိုကြီးမားလာခြင်းသည် ဒေသတစ်ခုလုံး၏စီးပွားရေးအောင်မြင်မှု အုတ် မြစ်ကိုပါဖျက်ဆီးလာလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၄ရက်၌ထုတ်ပြန်သည့် အစီရင်ခံစာဖြင့် ထောက်ပြသတိပေးခဲ့သည်။ "အရှေ့အာရှရဲ့ စီးပွားရေးမူဝါဒ အခြေခံ စဉ်းစားမှုကတော့ အားလုံးမျှတတယ်၊ တကယ် လုပ် အဟုတ်ဖြစ်ရမယ်၊ ကြိုးကြိုးစားစားလုပ်တဲ့ လူ ချမ်းသာမှာပဲ၊ ရှေ့တန်းရောက်မှာပဲဆိုတာမျိုး ဖြစ်တယ်။ ဒါပေမဲ့ ကိန်းဂဏန်းတွေက ပြော နေတဲ့အနေအထားကို ကြည့်မယ်ဆိုရင်တော့ ကြိုးစားတိုင်း မဖြစ်နိုင်တာတွေ မြင်နေရတယ်" ဟု ကမ္ဘာ့ဘဏ်မှ အရှေ့အာရှနှင့်ပစိဖိတ်ဒေသ အကြီးအကဲ ဆာဟာရှက်တီက ပြောဆိုသည်။
၁၉၈၀ ပြည့်နှစ်ကာလများနောက်ပိုင်း ဒေသတွင်း စီးပွားဖွံ့ဖြိုးမှုကြောင့် လူသန်းပေါင်း များစွာကို စီးပွားအဆင့်အတန်းမြှင့်တင်ပေးကာ လူလတ်တန်းစားဘဝ ရောက်စေခဲ့သည်မှန် သော်လည်း ချမ်းသြွာကယ်ဝမှုလှိုင်းလုံးသည် ထိုလူများကို လူမှုအဆင့်အတန်းဆက်လက်မြင့် မားလာရန်၊ စီးပွားလုံခြုံမှုပိုရှိလာရန် ဆက်တွန်း မတင်နိုင်တော့သည်ကို တွေ့ရကြောင်းဖြင့် ကမ္ဘာ့ဘဏ်၏အစီရင်ခံစာက ဖော်ပြသည်။
အရှေ့အာရှနှင့်ပစိဖိတ်ဒေသ ဖွံ့ဖြိုးဆဲနိုင်ငံ များအနေဖြင့် ဆင်းရဲချမ်းသာ အလွန်အမင်း ကွာဟမှုကြောင့် ဖြစ်ပွားလာမည့်နောက်ဆက်တွဲ ဆိုးကျိုးများကိုကာကွယ်ရန်မှာ လူမှုစီးပွားစံနှုန်း များကိုမြှင့်တင်ပြီး ဆင်းရဲသောနိုင်ငံသားများ အတွက် စီးပွားအခွင့်အလမ်းလှေကားများ ထောင်ပေးရန် အရေးတကြီးလိုအပ်နေကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာက ထောက်ပြသည်။
ဒေသတွင်း လူဦးရေပေါက်ကွဲတိုးပွားလာနေခြင်း၊ မြို့ပြဖွံ့ဖြိုးမှုများမြန်ဆန်နေခြင်း၊ ကာယ လုပ်အားလိုအပ်သည့်အလုပ်ခွင်များ နည်းသထက် နည်းလာနေခြင်းကြောင့်လည်း ဒေသတွင်းနိုင်ငံ များမှ ကာယဗဟိုပြု လူသားထုသည် ရှေ့လာ မည့်နှစ်ပိုင်းများ၌ ဆင်းရဲမှုမျဉ်းအောက်သို့ ပြန် ရောက်သွားနိုင်ကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံ စာက သတိပေးထားသည်။ တစ်နေ့ကို ၃ ဒသမ ၁ ဒေါ်လာမှ ၅ ဒသမ ၅ ဒေါ်လာအောက် ရရှိသူများကို ဆင်းရဲမှုမျဉ်းအောက်ရောက်သူ များအဖြစ် သတ်မှတ်သည်။
အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင် ဖွံ့ဖြိုးပြီး ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကို ဖယ်ထား လိုက်လျှင် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် အခြား တစ်ဒါဇင်ခန့်သောနိုင်ငံများ၌ ပြီးခဲ့သည့် ဆယ်စု နှစ်များအတွင်း ဆင်းရဲသားပမာဏ သိသိသာသာ ကျဆင်းခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဒေသတွင်း လူဦးရေ၏သုံးပုံနှစ်ပုံသည် လူလတ်တန်းစား အဆင့်အတန်းသို့ ရောက်ရှိခဲ့ကြသည်။ ၂၀ဝ၂ ခုနှစ်က ရာခိုင်နှုန်း ၂၀ သာရှိခဲ့ရာမှ သိသိ သာသာတိုးလာခဲ့ခြင်းဖြစ်သည်။
ဝင်ငွေကွာဟမှုပြဿနာသည်လည်း ယခု နောက်ပိုင်းရောက်လာလေ ပို၍ဆိုးလာလေဖြစ် နေပြီး အထူးသဖြင့် အင်ဒိုနီးရှားနှင့် တရုတ် တို့တွင် ဝင်ငွေမြင့်သူများက အလွန်မြင့်မား နေပြီး၊ နိမ့်သူများက အလွန်နိမ့်ကျနေသည်။ ၁၉၈၈ မှ ၂၀၁၂ ခုနှစ်အကြားတွင် ဒေသတွင်း အချမ်းသာဆုံး ငါးရာခိုင်နှုန်းလူစုသည် တစ်နှစ် လျှင် သုံးစွဲနိုင်စွမ်း ပျမ်းမျှဒေါ်လာ ၄၀ဝ တိုးလာ ချိန်၌ အောက်ခြေ ၂၀ ရာခိုင်နှုန်းလူစုကား ဒေါ်လာ ၃၀ အောက်သာ တိုးလာခဲ့သည်။
ဒေသတွင်း နောက်ထပ်တိုးလာသည့် လူတန်းစားမှာ စူပါဇောတိကလူတန်းစားဖြစ်ပြီး စူပါဇောတိကနှင့် ဇောတိကများ၏ စုပေါင်းပိုင် ဆိုင်မှုသည် ဒေသတွင်းဂျီဒီပီ၏ ကိုးရာခိုင်နှုန်း အထိရှိလာသည်။ ထိုသို့ လူတစ်စုလက်အတွင်း ချမ်းသာမှုများစုဝေးလာခြင်းသည် ဆင်းရဲချမ်း သာကွာဟမှု ပြဿနာကို ပိုဆိုးလာစေကြောင်း အစီရင်ခံစာက ပြဆိုထားသည်။
အစိုးရများအနေဖြင့် ဝင်ငွေခွန်ကောက်ခံ မှုကို ပိုမိုတင်းကျပ်စွာကိုင်တွယ်သင့်၍ အခွန် ယိုပေါက်များကိုလည်း စနစ်တကျပိတ်ဆို့ကာ အခွန်ကောက်ခံမှုကွန်ရက်ကိုလည်း ပိုကျယ်ပြန့် အောင်ဖြန့်ကြက်သင့်ပြီး အကျင့်ပျက်ခြစားမှု ကို တိုက်ဖျက်ကာ အလုပ်အကိုင် အခွင့်အလမ်း များ တိုးမြှင့်ဖန်တီးပေးခြင်းဖြင့် ဆင်းရဲချမ်းသာ ကွာဟမှုကိုလျှော့ချရမည်ဟု ကမ္ဘာ့ဘဏ် အစီရင် ခံစာက အကြံပြုထားပါကြောင်း နိဂုံးသတ် လိုက်ရပါသည်။











